အပိုဒ်ငယ် ၇၂
၁၈၃၁ ခု၊ ဒီဇင်ဘာ ၄ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ အသင်းလူကြီးများနှင့် အသင်းသားများအသီးသီးတို့သည် မိမိတို့တာဝန်ကိုသင်ယူရန်နှင့် အသင်းတော်၏သွန်သင်ခြင်းတို့၌ နောက်ထပ်၍တည်ဆောက်ရန် စည်းဝေးကြ၏။ ဤအပိုဒ်ငယ်သည် ထိုတစ်နေ့တည်း၌ ရရှိသည့်ဗျာဒိတ်တော်သုံးခုကို တစ်ပေါင်းတည်းစုစည်းထားခြင်းဖြစ်၏။ အခန်းငယ် ၁ မှ ၈ အထိသည် နီဝယ်လ်နိုက်၏ သင်းအုပ် အမှုတော်ဆောင်တာဝန်ကို ဖော်ပြ၏။ သူသည် ထို့နောက်တွင် ခေါ်သွင်း၍ခန့်ထားခံရ၏၊ ၎င်းနောက် အခန်းငယ် ၉ မှ ၂၃ အထိကို လက်ခံရရှိပြီး၊ သင်းအုပ်၏ တာဝန်နှင့်စပ်လျဉ်းသည့် နောက်ထပ်သတင်းအချက်အလက်များကို ပေး၏။ ထို့နောက်တွင်၊ ဇိအုန်သို့စုဝေးခြင်းနှင့်စပ်လျဉ်းသည့် သွန်သင်ချက်များကို ပြင်ဆင်လျက် အခန်းငယ် ၂၄ မှ ၂၆ အထိကို ပေး၏။
၁–၈၊ အသင်းလူကြီးတို့သည် မိမိတို့၏ တာဝန်ခံအရာအကြောင်း မှတ်တမ်းကို သင်းအုပ်သို့ ပေးရမည်။ ၉–၁၅၊ သင်းအုပ်တို့သည် ဘဏ္ဍာတိုက်များကို ထိန်းသိမ်းပြီး၊ ဆင်းရဲသားများနှင့် ချို့တဲ့သောသူများကို ဂရုစိုက်ရမည်။ ၁၆–၂၆၊ သင်းအုပ်တို့သည် အသင်းလူကြီးတို့၏ထိုက်တန်မှုကို အတည်ပြုပေးရမည်။
၁ စေ့စေ့နားထောင်ကြလော့၊ ကိုယ်တော်ရှင်၏ အသံကိုလည်း နာယူကြလော့၊ အို နိုင်ငံတော်နှင့် တန်ခိုးကို ပေးထားခံရလေသောသူများ တည်းဟူသော၊ ငါ့အသင်းတော်မှ ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြသည့် သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးကြလေသူ အသင်တို့။
၂ အကြောင်းမူကား၊ ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်မှာ၊ ကိုယ်တော်ရှင်၏ စပျစ်ဥယျာဉ်၏ ဤအပိုင်းရှိ အသင်းတော်သို့၊ သင်တို့ထံသို့၊ သို့မဟုတ် သင်တို့အထဲမှ သင်းအုပ်တစ်ဦး ခန့်အပ်ခံရမည်မှာ ငါ့အဖို့ သင့်လျော်ပေ၏။
၃ ဤအမှု၌ သင်တို့သည် ဉာဏ်ပညာရှိစွာ အမှန်ဆောင်ရွက်ပြီးလေပြီ၊ အကြောင်းမူကား၊ ယခုကာလနှင့် ထာဝရကာလနှစ်ခုစလုံး၌ တာဝန်ခံတိုင်း၏လက်မှ မိမိတာဝန်ခံအရာအကြောင်း မှတ်တမ်းကို ပေးစေရန် ကိုယ်တော်ရှင်လိုအပ်တော်မူ၏။
၄ အကြောင်းမူကား၊ ယခုကာလ၌ သစ္စာရှိပြီးဉာဏ်ပညာရှိသူသည် သူ့အတွက် ငါ့အဘ ပြင်ဆင်ထားသည့် နေစရာအခန်းများကို အမွေခံထိုက်သည်ဟု မှတ်ယူခံရ၏။
၅ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့စပျစ်ဥယျာဉ်၏ ဤအပိုင်းရှိအသင်းတော်မှ အသင်းလူကြီးတို့သည် မိမိတို့တာဝန်ခံအရာအကြောင်း မှတ်တမ်းကို ငါ့စပျစ်ဥယျာဉ်၏ ဤအပိုင်း၌ ငါခန့်အပ်မည့် သင်းအုပ်ထံသို့ ပေးကြရမည်။
၆ ဤအရာတို့ကို မှတ်တမ်း၌ ရှိစေရမည်၊ ဇိအုန်ရှိ သင်းအုပ်သို့ လွှဲပေးရမည်။
၇ သင်းအုပ်၏တာဝန်ကို ပေးထားလေသည့် ပညတ်တော်များအားဖြင့်၊ ထို့အတူ ညီလာခံ၏မဲဆန္ဒအားဖြင့် ဖော်ပြလိမ့်မည်။
၈ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါ့ကျွန်နီဝယ်လ်ကေဝှစ်တနီသည် ဤအခွင့်သို့ ခန့်အပ်ပြီး ခန့်ထားခံရသူ ဖြစ်လိမ့်မည်။ ဤအရာသည် သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်၊ သင်တို့ရွေးနုတ်ရှင်၏ အလိုတော်ဖြစ်၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။
၉ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်၊ ပေးထားလေသောဥပဒေသို့ ထပ်လောင်းသည့် စပျစ်ဥယျာဉ်၏ဤအပိုင်းရှိ အသင်းတော်အဖို့ ခန့်ထားခံရလေသူ သင်းအုပ်၏တာဝန်ကို ဖော်ပြသည့်၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ဤသို့အမှန်ဆိုသည်ကား—
၁၀ ကိုယ်တော်ရှင်၏ ဘဏ္ဍာတိုက်ကို ထိမ်းသိမ်းရန်၊ စပျစ်ဥယျာဉ်၏ ဤအပိုင်းရှိအသင်းတော် ဘဏ္ဍာငွေကို ရရှိဖို့၊
၁၁ ယခင်က မိန့်မှာခဲ့လေသည့်အတိုင်း အသင်းလူကြီးတို့၏မှတ်တမ်းကို ယူဖို့၊ သူတို့၏လိုအပ်ချက်များကို စီမံဆောင်ရွက်ဖို့ပေတည်း။ ထိုသူတို့သည် ပေးစရာရှိသမျှ၊ သူတို့ရရှိသည့်အရာကို ပေးကြလိမ့်မည်။
၁၂ ဤအရာကိုလည်း အသင်းတော်၏အကျိုးအတွက်၊ ဆင်းရဲသားများနှင့် ချို့တဲ့သောသူများအတွက် သီးသန့်ထားနိုင်စေခြင်းငှာဖြစ်၏။
၁၃ ပေးစရာမရှိသူအတွက်၊ မှတ်တမ်းကို ယူပြီး ဇိအုန်သင်းအုပ်သို့ လွှဲပေးလိမ့်မည်၊ ထိုသူသည် မိမိလက်ထဲသို့ ကိုယ်တော်ရှင်ထည့်ပေးတော်မူမည့်အရာထဲမှ အကြွေးကို ပေးလိမ့်မည်။
၁၄ အသင်းတော်သို့၊ ထို့အတူ လောကသို့ ဝိညာဉ်ပကတိအမှုတို့၌၊ ဧဝံဂေလိတရားတော်နှင့် နိုင်ငံတော်၏အမှုတို့ကို စီမံဆောင်ရွက်ရာ၌ အလုပ်လုပ်သောသူတို့သည် ဇိအုန်ရှိသင်းအုပ်သို့ အကြွေးကို ဆပ်လိမ့်မည်။
၁၅ ထိုအရာကို အသင်းတော်မှ ဆပ်၏၊ အကြောင်းမူကား၊ ဥပဒေအတိုင်း၊ ဇိအုန်သို့တက်လာသောသူတိုင်းသည် ခပ်သိမ်းသောအရာတို့ကို ဇိအုန်ရှိသင်းအုပ်ရှေ့မှာချရမည်။
၁၆ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ စပျစ်ဥယျာဉ်၏ ဤအပိုင်းရှိ အသင်းလူကြီးတိုင်းသည် မိမိတာဝန်ခံအရာအကြောင်း မှတ်တမ်းကို စပျစ်ဥယျာဉ်၏ ဤအပိုင်းရှိ သင်းအုပ်ထံသို့ ပေးကြရမည်—
၁၇ တရားသူကြီး သို့မဟုတ်၊ စပျစ်ဥယျာဉ်၏ ဤအပိုင်းရှိ သင်းအုပ်ထံမှ ဇိအုန်ရှိ သင်းအုပ်သို့ပေးသည့် လက်မှတ်သည် လူတိုင်းကို လက်ခံနိုင်စရာ ဖြစ်စေ၏၊ ထို့အတူ အမွေခံရာအတွက်၊ ဉာဏ်ပညာရှိသော တာဝန်ခံအဖြစ်နှင့် သစ္စာရှိသော အလုပ်လုပ်သူတစ်ဦးအဖြစ် လက်ခံစေဖို့ ခပ်သိမ်းသောအရာတို့ကို ပြည့်စုံစေ၏။
၁၈ သို့မဟုတ်လျှင်၊ ထိုသူကို ဇိအုန်သင်းအုပ်ကလက်ခံလိမ့်မည်မဟုတ်။
၁၉ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ စပျစ်ဥယျာဉ်၏ ဤအပိုင်းရှိ သင်းအုပ်ထံသို့ မှတ်တမ်းကို ပေးမည့် အသင်းလူကြီးတိုင်းအား မိမိကိုယ်တိုင်နှင့် မိမိမှတ်တမ်းများကို ခပ်သိမ်းသောအရာတို့၌ အတည်ပြုချက်ရနိုင်စေကြောင်း၊ မိမိအလုပ်လုပ်ရာ အသင်းတော်သို့မဟုတ် အသင်းတော်တို့အားဖြင့် ထောက်ခံစေလော့။
၂၀ ထိုမှတစ်ဖန်၊ ငါ့အသင်းတော်၏စာပေနှင့်ဆိုင်သောအရာများအပေါ် တာဝန်ခံများအဖြစ် ခန့်အပ်ခံရသည့် ငါ့ကျွန်တို့ကို ခပ်သိမ်းသောအရာတို့၌ သင်းအုပ် သို့မဟုတ် သင်းအုပ်များထံမှ အကူအညီခံယူနိုင်ခွင့်ရှိကြစေလော့—
၂၁ ဗျာဒိတ်တော်များကို ပုံနှိပ်ထုတ်ဝေပြီး၊ မြေကြီးစွန်းတိုင်အောင် ထွက်သွားနိုင်စေကြောင်း၊ သူတို့သည်လည်း ခပ်သိမ်းသောအရာတို့၌ အသင်းတော်ကိုအကျိုးပြုမည့် ဘဏ္ဍာငွေများကို ရရှိနိုင်ကြစေကြောင်း၊
၂၂ သူတို့ကိုယ်သူတို့ ခပ်သိမ်းသောအရာတို့၌ အတည်ပြုချက်ရနိုင်စေပြီး၊ ဉာဏ်ပညာရှိသောတာဝန်ခံများအဖြစ် မှတ်ယူခံကြစေကြောင်းပင်တည်း။
၂၃ ယခုမူကား၊ ရှုလော့၊ ဤအရာသည်ကား၊ အဘယ်ပြည်၌ဖြစ်စေ တည်ဆောက်မည့် ငါ့အသင်းတော်၏ ကျယ်ပြန့်သော အသင်းတော်ခွဲအပေါင်းတို့အတွက် ပုံသက်သေတစ်ခု ဖြစ်လိမ့်မည်။ ယခုမူကား၊ ငါ၏စကားများကို ငါလက်စသတ်၏။ အာမင်။
၂၄ အသင်းတော်အသင်းသားများနှင့် စပ်လျဉ်း၍၊ နိုင်ငံတော်ဥပဒေများသို့ ထပ်လောင်းသည့် စကားအနည်းငယ်တို့သည်ကား—ဇိအုန်သို့တက်သွားရန် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်ခံရသူများ၊ ထို့အတူ ဇိအုန်သို့တက်သွားရန် အထူးအခွင့်အရေး ရသူတို့အား—
၂၅ အသင်းတော်၏အသင်းလူကြီး သုံးဦးထံမှ လက်မှတ်၊ သို့မဟုတ် သင်းအုပ်ထံမှ လက်မှတ်ကို သင်းအုပ်ဆီသို့ သယ်ဆောင်သွားစေလော့။
၂၆ သို့မဟုတ်လျှင်၊ ဇိအုန်မြေသို့ တက်သွားမည့်သူသည် ဉာဏ်ပညာရှိသော တာဝန်ခံအဖြစ် မှတ်ယူမခံရ။ ဤအရာသည်လည်း ပုံသက်သေတစ်ခု ဖြစ်၏။ အာမင်။