အပိုဒ်ငယ် ၄၆
၁၈၃၁ ခု၊ မတ်လ ၈ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အသင်းတော်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ အသင်းတော်၏ ဤအစောပိုင်းကာလတွင်၊ အသင်းတော်အစည်းအဝေးများကို စီမံခြင်းအတွက်၊ ပုံသေပုံစံကို မဖော်ထုတ်ရသေးပေ။ သို့သော်လည်း၊ အသင်းသားများနှင့် အလွန်စိတ်ထက်သန်သော စူးစမ်းသူများကိုသာ ပွဲတော်အစည်းအဝေးများနှင့် အသင်းတော်၏ အခြားအစုအဝေးများသို့ ဝင်ရောက်ခွင့်ပြုခြင်းထုံးစံမှာ အတော်အသင့် ပုံမှန်ဖြစ်လာခဲ့၏။ အစည်းအဝေးများကို အုပ်ချုပ်ခြင်းနှင့် စီမံခြင်း၊ ထို့အတူ၊ ဝိညာဉ်တော်၏ဆုကျေးဇူးများကိုရှာခြင်းနှင့် ပိုင်းခြား၍သိမြင်ခြင်းအပေါ် ကိုယ်တော်ရှင်၏လမ်းညွှန်ခြင်းတို့နှင့်စပ်လျဉ်း၍၊ သူ၏အလိုတော်ကို ဤဗျာဒိတ်တော်က ဖော်ပြ၏။
၁–၂၊ အသင်းလူကြီးတို့သည် သန့်ရှင်းသောဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း အစည်းအဝေးများကို စီမံရမည်။ ၃–၆၊ သမ္မာတရားကို ရှာသောသူများကို ပွဲတော်အစည်းအဝေးများမှ မဖယ်ထုတ်ရ။ ၇–၁၂၊ ဘုရားသခင်ထံ မေးလျှောက်၍၊ ဝိညာဉ်တော်၏ဆုကျေးဇူးများကို ရှာကြလော့။ ၁၃–၂၆၊ ဤဆုကျေးဇူးများထဲမှ အချို့၏စာရင်းကို ဖော်ပြထား၏။ ၂၇–၃၃၊ အသင်းတော်ခေါင်းဆောင်တို့အား ဝိညာဉ်တော်၏ဆုကျေးဇူးများကို ပိုင်းခြား၍သိစေရန် အခွင့်ပေးထား၏။
၁ စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင် လူမျိုးတို့၊ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ သင်တို့၏အကျိုးနှင့် သင်ယူခြင်းအတွက်၊ ဤအရာများကို သင်တို့အား ဟောပြောထားလေပြီ။
၂ သို့ရာတွင်၊ ရေးထားသော ထိုအရာများ ရှိသော်ငြားလည်း ငါ့အသင်းတော်မှ အသင်းလူကြီးများအား ရှေးဦးစွာကတည်းကနှင့် နောင်ကာလအစဉ်အဆက်မှာလည်း ခပ်သိမ်းသောအစည်းအဝေးများကို သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်လမ်းညွှန်ပို့ဆောင်သည့်အတိုင်း စီမံစေဖို့ အခွင့်ပေးထားလေပြီ။
၃ သို့သော်လည်း၊ လောကရှေ့မှာကျင်းပသည့် သင်တို့၏အများဆိုင်အစည်းအဝေးမှ အဘယ်သူ့ကိုမျှ၊ ဘယ်တော့မှ နှင်မထုတ်ဖို့ သင်တို့ကို မိန့်မှာထား၏။
၄ အသင်းတော်၏အသင်းဝင်ဖြစ်သောသူ အဘယ်သူ့ကိုမျှ၊ သင်တို့၏ပွဲတော်အစည်းအဝေးများမှ နှင်မထုတ်ဖို့ကိုလည်း သင်တို့ကို မိန့်မှာထား၏။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် လွန်ကျူးလျှင်၊ မိတ်သဟာယမဖွဲ့မချင်း သုံးဆောင်ခွင့် မပြုရ။
၅ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ နိုင်ငံတော်ကို အလေးအနက်ရှာနေသည့်သူ အဘယ်သူ့ကိုမျှ၊ သင်တို့၏ပွဲတော်အစည်းအဝေးများမှ သင်တို့ နှင်မထုတ်ရ—အသင်းတော်မှ မဟုတ်သောသူတို့နှင့်စပ်လျဉ်း၍ ဤအရာကို ငါဟောပြော၏။
၆ ထိုမှတစ်ဖန်၊ သင်တို့၏အတည်ပြုအစည်းအဝေးများနှင့်စပ်လျဉ်း၍၊ သင်တို့ကို ငါဆိုသည်ကား၊ အသင်းတော်မှ မဟုတ်သူများ၊ နိုင်ငံတော်ကို အလေးအနက်ရှာနေသောသူများရှိလျှင်၊ သင်တို့သည် ထိုသူတို့ကို နှင်မထုတ်ရ။
၇ သို့ရာတွင်၊ စေတနာစိတ်နှင့်ပေးတော်မူသည့် ဘုရားသခင်ထံသို့ ခပ်သိမ်းသော အရာတို့၌ တောင်းဖို့ သင်တို့မိန့်မှာခံရ၏။ သင်တို့ထံ ဝိညာဉ်တော်သက်သေခံသည့် အရာကိုပင် စိတ်နှလုံး၏ အလုံးစုံသောသန့်ရှင်းခြင်းဖြင့်၊ ငါ့ရှေ့၌ဖြောင့်မတ်စွာကျင့်လျက်၊ သင်တို့ကယ်တင်ခြင်း၏အကျိုးကို စဉ်းစားလျက်၊ မကောင်းသောဝိညာဉ်၊ သို့မဟုတ် နတ်ဆိုး၏ဩဝါဒများ၊ သို့မဟုတ် လူတို့၏ပညတ်များအားဖြင့် သင်တို့သွေးဆောင်မခံရနိုင်စေခြင်းငှာ ခပ်သိမ်းသောအရာတို့ကို ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဆောင်ရွက်လျက်၊ သင်တို့ပြုကြစေဖို့ ငါအလိုရှိ၏။ အကြောင်းမူကား၊ အချို့သောအရာတို့သည် လူတို့ထံမှဖြစ်ပြီး၊ အခြားသောအရာတို့သည် နတ်ဆိုးထံမှဖြစ်၏။
၈ သို့ဖြစ်၍၊ သင်တို့သည် လှည့်စားမခံရစေခြင်းငှာ၊ သတိပြုကြလော့။ သင်တို့သည် လှည့်စား မခံရနိုင်စေခြင်းငှာ၊ အကောင်းဆုံး ဆုကျေးဇူးများကို အလေးအနက်ရှာကြလော့။ အဘယ်အတွက် ထိုအရာတို့ကို ပေးထားကြောင်း အစဉ်အမြဲ အောက်မေ့လျက်ရှိကြလော့။
၉ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါ့ကိုချစ်၍၊ ငါ၏ခပ်သိမ်းသော ပညတ်တော်များကို စောင့်ထိန်းသောသူတို့၏အကျိုးအတွက်၊ ထိုအရာတို့ကို ပေးထားတော်မူ၏။ ထိုသို့ပြုဖို့ ကြိုးစားသောသူအတွက်လည်း ဖြစ်၏။ ရှာသောသူ၊ ငါ့ထံမှ တောင်းသောသူ၊ မိမိတို့တပ်မက်ခြင်းခံစားရရှိနိုင်စေဖို့ နိမိတ်လက္ခဏာကို တောင်းခြင်းမရှိသောသူတည်းဟူသော ခပ်သိမ်းသောသူများ အကျိုးရှိနိုင်စေကြောင်းပေတည်း။
၁၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့အစဉ်အမြဲ အောက်မေ့ကြစေဖို့ ငါအလိုရှိ၏။ အသင်းတော်သို့ ပေးထားသည့် ထိုဆုကျေးဇူးများရှိကြောင်းကိုလည်း သင်တို့စိတ်၌ အစဉ်အမြဲ သတိရကြလော့။
၁၁ အကြောင်းမူကား၊ ဆုကျေးဇူးတိုင်းကို ခပ်သိမ်းသောသူတို့အား ပေးထားလေသည်မဟုတ်။ များစွာသော ဆုကျေးဇူးများ ရှိ၏၊ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် လူတိုင်းကို ဆုကျေးဇူးတစ်ခု ပေးထား၏။
၁၂ အချို့သောသူတို့အား တစ်မျိုးကို ပေးထားပြီး၊ အချို့သောသူတို့အား တခြားတစ်မျိုးကို ပေးထား၏၊ ထိုကဲ့သို့အားဖြင့် အားလုံး အကျိုးရှိနိုင်ကြစေကြောင်းပေတည်း။
၁၃ အချို့သောသူတို့အား၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သိစေရန် အခွင့်ပေးထားသည်မှာ၊ ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်း၊ လောကီသားတို့၏ အပြစ်များအတွက် သူလက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရလေကြောင်းဖြစ်၏။
၁၄ အခြားသောသူတို့အား အခွင့်ပေးထားသည်မှာ၊ သူတို့၏စကားများကို ယုံကြည်ကြစေဖို့၊ သူတို့သည်လည်း ဆက်၍သစ္စာရှိကြလျှင်၊ ထာဝရအသက်ကို ရနိုင်ကြစေကြောင်းဖြစ်၏။
၁၅ ထိုမှတစ်ဖန်၊ အချို့သောသူတို့အား၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သိစေရန် အခွင့်ပေးထားသည်မှာ၊ စီမံဆောင်ရွက်ခြင်းခြားနားချက်များက အတူတူဖြစ်သည့်ကိုယ်တော်ရှင်ကို နှစ်သက်စေပြီး၊ ကိုယ်တော်ရှင်အလိုရှိတော်မူသည့်အတိုင်း၊ သူ၏ကရုဏာတော်တို့ကို လူသားတို့၏အခြေအနေများနှင့်အညီ လိုက်ဖက်စေလျက်ရှိကြောင်းဖြစ်၏။
၁၆ ထိုမှတစ်ဖန်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ အချို့သောသူတို့အား၊ ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေတို့ကို သိစေရန် အခွင့်ပေးထားသည်ကား၊ ထိုအရာတို့မှာ၊ ဘုရားသခင်ထံမှဟုတ်မဟုတ်နှင့်၊ ဝိညာဉ်တော်၏ထင်ရှားစွာပြတော်မူခြင်းတို့က လူတိုင်းအဖို့ ကောင်းသောအကျိုးအလို့ငှာဖော်ပြနိုင်စေကြောင်းဖြစ်၏။
၁၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ အချို့သောသူတို့အား ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်၊ ဉာဏ်ပညာစကားကို ပေးထားတော်မူ၏။
၁၈ ခပ်သိမ်းသောသူတို့ ပညာရှိစေဖို့နှင့် အသိပညာရှိစေဖို့ သွန်သင်ခံရနိုင်စေခြင်းငှာ တခြားသောသူတို့အား အသိပညာစကားကို ပေးထားတော်မူ၏။
၁၉ ထိုမှတစ်ဖန်၊ အချို့သောသူတို့အား အနာကင်းခံရစေဖို့ ယုံကြည်ခြင်းရှိစေခြင်းငှာ ပေးထားတော်မူ၏။
၂၀ အခြားသောသူတို့အား အနာကင်းစေဖို့ ယုံကြည်ခြင်းရှိစေခြင်းငှာ၊ ပေးထားတော်မူ၏။
၂၁ ထိုမှတစ်ဖန်၊ အချို့သောသူတို့အား အလွန်တရာအံ့ဩဖွယ်အမှုများ ပြုခြင်းကို ပေးထားတော်မူ၏။
၂၂ အခြားသောသူတို့အား ပရောဖက်ပြု၍ဟောခြင်းကို ပေးထားတော်မူ၏။
၂၃ အခြားသောသူတို့အား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိမြင်ခြင်းကို ပေးထားတော်မူ၏။
၂၄ ထိုမှတစ်ဖန်၊ အချို့သောသူတို့အား အခြားသောဘာသာစကားများဖြင့် ပြောဖို့ ပေးထားတော်မူ၏။
၂၅ တခြားသောသူတို့အား အခြားသောဘာသာစကားများ၏ အနက်ဖွင့်ပြခြင်းကို ပေးထားတော်မူ၏။
၂၆ ခပ်သိမ်းသောဤဆုကျေးဇူးများသည် ဘုရားသခင်၏သားသမီးများအကျိုးအတွက် ဘုရားသခင်ထံမှလာ၏။
၂၇ အသင်းတော်၏သင်းအုပ်ထံ၊ ထို့အတူ၊ အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ရန်နှင့် အသင်းတော်အဖို့ အသင်းလူကြီးများအဖြစ် ဘုရားသခင်ခန့်အပ်ပြီး၊ ခန့်ထားတော်မူမည့် ထိုကဲ့သို့သောသူများထံ ခပ်သိမ်းသောထိုဆုကျေးဇူးများကို ပိုင်းခြား၍သိမြင်စေရန်ပေးထားတော်မူသည်မှာ၊ ဘုရားသခင်ထံမှ မဟုတ်သော်လည်း ပရောဖက်ပြု၍ဟောပြောလျက်ရှိသူ အဘယ်သူမျှ သင်တို့အထဲမှာမရှိရစေခြင်းငှာပေတည်း။
၂၈ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဝိညာဉ်တော်အားဖြင့် တောင်းသောသူသည် ဝိညာဉ်တော်အားဖြင့် လက်ခံရရှိလိမ့်မည်။
၂၉ ခပ်သိမ်းသောထိုဆုကျေးဇူးများကို ရရှိစေခြင်းငှာ၊ အချို့သောသူတို့အား ပေးထားနိုင်ပေ၏၊ ထိုကဲ့သို့အားဖြင့်၊ အသင်းသားတိုင်း အကျိုးရှိနိုင်ကြစေကြောင်းပေတည်း။
၃၀ ဝိညာဉ်တော်အားဖြင့် တောင်းသောသူသည် ဘုရားသခင်၏အလိုတော်အားဖြင့် တောင်း၏။ သို့ဖြစ်၍၊ ထိုသူတောင်းသည့်အတိုင်းပင် ပြုတော်မူ၏။
၃၁ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့ပြုသမျှ ခပ်သိမ်းသောအရာတို့ကို ခရစ်တော်၏နာမတော်အားဖြင့်၊ ပြုကြရမည်။
၃၂ သင်တို့ကောင်းချီးခံစားရသည့် ကောင်းချီးမင်္ဂလာမှန်သမျှအတွက် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်အား သင်တို့ကျေးဇူးတော်ချီးမွမ်းကြရမည်။
၃၃ သင်တို့သည် ကိုယ်ကျင့်သီလနှင့်သန့်ရှင်းခြင်းကို ငါ့ရှေ့၌ အစဉ်မပြတ်ကျင့်သုံးကြရမည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။