ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၀


အပိုဒ်ငယ် ၃၀

၁၈၃၀ ခု၊ စက်တင်ဘာလ၊ ဖရေးတီး၌ သုံးရက်ကြာ​အထွေထွေ​ညီလာခံ​ပြီးသော်လည်း အသင်းတော်၏​အသင်း​လူကြီးများ မခွဲခွာကြမီ၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ဒေးဗစ်​ဝှစ်တမာ၊ ပီတာ​ဝှစ်တမာ​အငယ်နှင့် ဂျွန်​ဝှစ်တမာသို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ မူလအားဖြင့်၊ ဤအကြောင်း​အရာကို ဗျာဒိတ်တော်​သုံးခု​အဖြစ် ပုံနှိပ်​ထုတ်ဝေ​ခဲ့၏။ ဩဝါဒနှင့်​ပဋိညာဉ်များ ၁၈၃၅ ခုနှစ်မူအတွက် ပရောဖက်​ဂျိုးဇက်​စမစ်က ၎င်းကို အပိုဒ်ငယ်​တစ်ခု​အဖြစ် ပေါင်းစပ်​ခဲ့၏။

၁–၄၊ ဒေးဗစ်​ဝှစ်တမာသည် လုံ့လ​ဝီရိယ​ထက်သန်စွာ​အစေခံဖို့ ပျက်ကွက်ခြင်း​အတွက် ဆုံးမခံရ၏။ ၅–၈၊ ပီတာ​ဝှစ်တမာ​အငယ်သည် လာမန်​အမျိုးသားများသို့ သာသနာပြုခြင်းတွင် အော်လီဗာ​ကောင်ဒရီနှင့် အတူ​လိုက်ပါရမည်။ ၉–၁၁၊ ဂျွန်​ဝှစ်တမာသည် ဧဝံဂေလိ​တရားတော်ကို ဟောပြောဖို့ ခေါ်သွင်း​ခံရ၏။

ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ဒေးဗစ်၊ သင်သည်​လူသားကို ကြောက်လေပြီ၊ ခွန်အား​အတွက် ငါ့ကို အားကိုး​သင့်ပါလျက် အားမကိုး​လေပြီ။

သင့်စိတ်သည် သင်၏​ဖန်ဆင်းရှင်​ငါ၏​အရာများ၊ ထို့အတူ၊ သင်ခေါ်သွင်း​ခံရလေသည့် အမှုတော်ဆောင်ခြင်း​အပေါ်မှာထက်၊ မြေကြီး​အရာတို့​အပေါ်မှာ​ရှိလေပြီ။ သင်သည် ငါ၏​ဝိညာဉ်တော်ကို​လည်းကောင်း၊ သင့်အထက်မှာ​ခန့်ထားသော​သူတို့ကို​လည်းကောင်း ပမာဏမပြုကြ။ သို့ရာတွင်၊ ငါမိန့်တော်မမူလေသော​သူတို့​အားဖြင့် ဖျောင်းဖျ​ခံလေပြီ။

သို့ဖြစ်၍၊ သင်သည် ငါ့ထံမှ သင်ကိုယ်တိုင်​မေးလျှောက်စေဖို့၊ ထို့အတူ သင်လက်ခံ​ရရှိလေသည့် အရာတို့ကို မှတ်ကျုံး၍၊ စဉ်းစား​ဆင်ခြင်စေဖို့ ချန်ထား​ခံရ၏။

သင့်အား နောက်ထပ်​ပညတ်တော်များ ငါပေးသည့်​အချိန်​အထိ၊ သင်၏​နေအိမ်သည် သင့်အဘ၏​အိမ်မှာ ဖြစ်လိမ့်မည်။ သင်သည် အသင်းတော်၌၊ ထို့အတူ၊ လောကရှေ့၌၊ ထို့အတူ၊ ပတ်ဝန်းကျင်​ဒေသတို့၌ အမှုတော်ဆောင်ခြင်းကို ဆောင်ရွက်ရမည်။ အာမင်။

ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ပီတာ၊ သင်သည် သင်၏​ညီအစ်ကို အော်လီဗာနှင့်​အတူ ခရီးသွား​ရမည်။ အကြောင်းမူကား၊ သင်သည် ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောကြားခြင်းငှာ သင်၏​နှုတ်ကိုဖွင့်ရန် ငါ့အဖို့ သင့်လျော်သည့်​အချိန် ကျရောက်​လာ၏။ ထို့ကြောင့်၊ ကြောက်ခြင်း​မရှိနှင့်။ သို့ရာတွင်၊ သင့်အား သင်၏​ညီအစ်ကို ဖော်ပြမည့် စကားများနှင့် အကြံကို ပမာဏပြုလော့။

သူ၏​ခပ်သိမ်းသော​ဆင်းရဲဒုက္ခများ၌ သင်ဒုက္ခခံစားလော့၊ သူနှင့် သင်၏​လွတ်မြောက်ခြင်း​အတွက်၊ ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းဖြင့်၊ သင်၏​စိတ်နှလုံးကို ငါ့ထံသို့ အစဉ်​အမြဲ​ချီကြွလော့။ အကြောင်းမူကား၊ လာမန်​အမျိုးသားတို့၌ ငါ၏​အသင်းတော်ကို တည်ဆောက်​စေဖို့​တန်ခိုးကို သူ့အား ငါပေးတော်မူ​လေပြီ။

အသင်းတော်​အမှုများနှင့်​စပ်လျဉ်း၍၊ သူ၏​ညီအစ်ကို ဂျိုးဇက်​စမစ်​အငယ်​မှတစ်ပါး၊ အသင်းတော်တွင်၊ သူ့အထက်၌ အဘယ်​သူ့ကိုမျှ သူ၏​တိုင်ပင်ဖက်​အဖြစ် ငါမခန့်အပ်။

သို့ဖြစ်၍၊ ဤအရာတို့ကို ပမာဏပြုကြလော့၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လ​ဝီရိယ​ရှိလော့။ သင်သည် ထာဝရ​အသက်​အထိ ကောင်းချီး​ခံစားရ​လိမ့်မည်။ အာမင်။

ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ငါ့ကျွန်​ဂျွန်၊ သင်သည် ယခု​အချိန်မှ​စ၍ ငါ၏​ဧဝံဂေလိ​တရားတော်ကို တံပိုးသံ​ကဲ့သို့ ကြေညာဖို့ စတင်ရမည်။

၁၀ သင်၏​အလုပ်သည် သင်၏​ညီအစ်ကို ဖိလစ်​ဘာရော့ဖ်၏​အရပ်၌​ရှိရမည်။ ထိုပတ်ဝန်းကျင်​ဒေသ၌၊ အထူးသဖြင့်၊ သင့်ကို​ကြားနာနိုင်ရာ အရပ်​မှန်သမျှ၌၊ ဤအရပ်မှ​သွားစေဖို့ သင့်ကို ငါမိန့်တော်မူသည့်​တိုင်အောင် ရှိရမည်။

၁၁ သင်၏​အလုပ်​တစ်ခုလုံးသည် ယခုမှ​စ၍ သင်၏​အလုံးစုံသော​စိတ်ဝိညာဉ်နှင့်​အတူ ဇိအုန်၌ ရှိရမည်။ ထိုမှတစ်ပါး၊ သင်သည် လူပြုနိုင်သည့်​အရာကို ကြောက်ခြင်း​မရှိဘဲ၊ ငါ၏​အမှုတော်၌ သင်၏​နှုတ်ကို အစဉ်​အမြဲ​ဖွင့်ရမည်။ အကြောင်းမူကား၊ ငါသည် သင်နှင့်​အတူ​ရှိတော်မူ၏။ အာမင်။