ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၄


အပိုဒ်ငယ် ၅၄

၁၈၃၁ ခု၊ ဇွန်လ ၁၀ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ နီဝယ်လ်​နိုက်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ သောင်ပဆင်၊ အိုဟိုင်းရို၌ နေထိုင်ကြသည့် အသင်းတော်​အသင်းသားများသည် ဥစ္စာ​ပစ္စည်းများ​ဆက်ကပ်ခြင်းနှင့် စပ်လျဉ်းသည့် အကြောင်း​ကိစ္စများကြောင့် သဘောထား​ကွဲပြားကြလေ၏။ တစ်ကိုယ်ကောင်း​ဆန်ခြင်းနှင့် လောဘ​ကြီးခြင်းတို့ကို ထင်ရှားစွာ​ပြ၏။ လေမန်​ကိုပလေးသည် ရှိတ်ကာများဆီသို့ သူ၏သာသနာပြုခြင်း​နောက်တွင် (အပိုဒ်ငယ် ၄၉ ခေါင်းစဉ်တွင် ကြည့်ပါ)၊ ကိုးလ်စဗီလ်၊ နယူးယောက်မှ ရောက်ရှိလာသော သန့်ရှင်းသူများ​အတွက် နေထိုင်ရာ​နေရာအဖြစ် သူ၏​ကြီးမားသော​လယ်ကွင်းကို ဆက်ကပ်ခြင်း​ပဋိညာဉ်ကို ချိုးဖောက်ခဲ့​လေ၏။ အကျိုးဆက်​အဖြစ်၊ နီဝယ်လ်​နိုက် (သောင်ပဆင်၌ နေထိုင်​ကြသည့်​အသင်းသားတို့၏ ခေါင်းဆောင်) နှင့် အခြားသော အသင်းလူကြီးတို့သည် မည်သို့​ဆက်၍​ဆောင်ရွက်​ရမည့်​အကြောင်း မေးလျက် ပရောဖက်ထံ​လာခဲ့ကြ၏။ ပရောဖက်သည် ကိုယ်တော်ရှင်ထံသို့ မေးလျှောက်၍၊ သောင်ပဆင်ရှိ​အသင်းသားတို့ လေမန်​ကိုပလေး၏​လယ်ကွင်းကို စွန့်ခွာပြီး၊ မစ်ဆိုရီသို့ ခရီးသွား​ရမည့်​အကြောင်း ဤ​ဗျာဒိတ်တော်ကို ရရှိခဲ့၏။

၁–၆၊ သန့်ရှင်းသူတို့သည် ကရုဏာကို ရရှိရန် ဧဝံဂေလိ​တရားတော်​ပဋိညာဉ်များကို စောင့်ထိန်းကြ​ရမည်။ ၇–၁၀၊ သူတို့သည် အတိဒုက္ခ၌ သည်းခံတတ်​ရမည်။

ရှုလော့၊ အာလဖနှင့် ဩမေဃပင်​ဖြစ်သည့်၊ အစနှင့်​အဆုံး​ဖြစ်သည့်၊ လောကီသားတို့၏ အပြစ်များ​အတွက် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်​ခံရ​လေသူပင်​ဖြစ်သည့် ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား—

ရှုလော့၊ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​နီဝယ်လ်​နိုက်၊ သင်သည် ငါ​ခန့်အပ်​လေသည့် အမှု​အရာ၌ မြဲမြံစွာ​တည်ရမည်။

သင်၏​ညီအစ်ကိုတို့သည် သူတို့​ရန်သူများထံမှ လွတ်မြောက်လို​ကြလျှင်၊ သူတို့၏​ခပ်သိမ်းသော​အပြစ်များမှ နောင်တရ​စေပြီး၊ ငါ့ရှေ့၌ အမှန်ပင်​နှိမ့်ချ၍၊ ကြေကွဲ​လာကြ​စေလော့။

ငါနှင့် သူတို့​ပြုလေသည့် ပဋိညာဉ်သည် ကျိုးပေါက်​လေသဖြင့်၊ ထိုကဲ့သို့ပင်၊ အချည်းနှီး​ဖြစ်လာပြီး၊ အကျိုး​မရှိ​ဖြစ်လာ၏။

ဤ​မှားယွင်း​စရာ​အကြောင်းကို ဖြစ်စေသော​သူသည် အမင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ ထိုသူသည် ပင်လယ်ရေနက်၌ နစ်မြုပ်ခဲ့​လေလျှင် သာ၍​ကောင်းပေ၏။

သို့ရာတွင်၊ ပဋိညာဉ်ကို စောင့်​ထိန်းပြီး၊ ပညတ်တော်ကို ကျင့်စောင့်သော​သူတို့သည် မင်္ဂလာ​ရှိ၏၊ အကြောင်းမူကား၊ သူတို့သည် သနားခြင်းကို ခံကြရ​လိမ့်မည်။

သို့ဖြစ်၍၊ သင်တို့​အပေါ် သင်တို့​ရန်သူများ​ကျရောက်​မလာ​စေခြင်းငှာ၊ ယခု​သွားကြ၍၊ ထိုပြည်သို့ ထွက်ပြေး​ကြလော့၊ ခရီးသွား​ကြလော့၊ သင်တို့၏​ခေါင်းဆောင်​အဖြစ်၊ သင်တို့​အတွက် ငွေကို​ပေးရန် သင်တို့​ခန့်အပ်​လိုသူကို ခန့်အပ်​ကြလော့။

ထိုကဲ့သို့​အားဖြင့်၊ သင်တို့သည် အနောက်ဘက်​လားရာ ဒေသများ​ထဲသို့ မစ်ဆိုရီ​ပြည်သို့၊ လာမန်​အမျိုးသားတို့၏​နယ်နိမိတ်သို့ ခရီးသွားကြ​ရမည်။

သင်တို့​ခရီးသွား​လေပြီး​နောက်တွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့​အတွက် နေစရာ​အရပ်ကို ငါ​ပြင်ဆင်သည့်​အချိန်​အထိ၊ လူသား​သဘာဝ​အတိုင်း သင်တို့ အသက်မွေးဖို့ ကြိုးစား​အားထုတ်​ကြလော့။

၁၀ ထိုမှ​တစ်ဖန်၊ ငါကြွရောက်လာတော်မူသည့် အချိန်​အထိ၊ အတိဒုက္ခ၌ သည်းခံ ကြလော့။ ထို့အတူ၊ ရှုလော့၊ ငါသည် လျင်မြန်စွာကြွရောက်လာတော်မူမည်၊ ငါ၏အကျိုးကျေးဇူးသည်လည်း ငါနှင့်အတူ ရှိ၏။ ငါ့ကို ရှေးဦးစွာ​ရှာလေသော​သူတို့သည် မိမိတို့​စိတ်ဝိညာဉ်၏​ချမ်းသာခြင်းကို​တွေ့ရှိ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။