ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၁


အပိုဒ်ငယ် ၄၁

၁၈၃၁ ခု၊ ဖေဖော်ဝါရီလ ၄ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အသင်းတော်သို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ ပရောဖက်နှင့် အသင်းတော်​အသင်း​လူကြီးတို့အား ဘုရားသခင်၏”ပညတ်တရား”ကို လက်ခံ​ရရှိဖို့ ဆုတောင်းရန် ဤဗျာဒိတ်တော်က သွန်သင်၏ (အပိုဒ်ငယ် ၄၂ တွင်ကြည့်ပါ)။ ဂျိုးဇက်​စမစ် နယူး​ယောက်မှ ကာ့တ်လန်းသို့​ရောက်ပြီး​ခဏတွင် သောင်ပ်ဆင်​အနီး၊ အိုဟိုင်းရိုရှိ အသင်းတော်​အသင်းသား​တစ်ဦး၊ လေမန်​ကိုပလေးက “ညီအစ်ကို​ဂျိုးဇက်နှင့် [ဆစ်ဒနီ​ရစ်ဂဒွန်]အား… သူနှင့်​အတူ နေထိုင်ဖို့ တောင်းဆို​ခဲ့ပြီး၊ သူတို့ကို အိမ်နှင့် ရိက္ခာများ ထောက်ပံ့​လိုခဲ့၏။” အောက်ပါ​ဗျာဒိတ်တော်က ဂျိုးဇက်နှင့် ဆစ်ဒနီ မည်သည့်​နေရာတွင် နေရမည့်​အကြောင်း ထင်ရှားစေပြီး၊ အက်ဒဝါ့​ပါ့ထရစ်ဂ်ျကို အသင်းတော်၏​ပထမဦးဆုံး​သင်းအုပ်​အဖြစ်​ခေါ်သွင်း၏။

၁–၃၊ အသင်း​လူကြီးများသည် အသင်းတော်ကို ဗျာဒိတ်တော်​ဝိညာဉ်ဖြင့် အုပ်ချုပ်ကြ၏။ ၄–၆၊ မှန်သော​တပည့်တော်တို့သည် ကိုယ်တော်ရှင်၏​ပညတ်တရားများကို လက်ခံ​ရရှိပြီး စောင့်ထိန်းကြ​လိမ့်မည်။ ၇–၁၂၊ အက်ဒဝါ့​ပါ့ထရစ်ဂ်ျကို အသင်းတော်အဖို့ သင်းအုပ်​တစ်ဦး​အဖြစ် ခန့်ထား၏။

စေ့စေ့နားထောင်၍ နာယူကြလော့၊ အို အသင် ငါ၏​လူမျိုးတို့၊ ကိုယ်တော်ရှင်၊ သင်တို့၏​ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါနှစ်သက်သော​သူများ၊ ငါ့ကို ကြားနာသော​သူများကို ကောင်းချီး​မင်္ဂလာ​အပေါင်းတို့​အထဲမှ အကြီးမြတ်ဆုံးဖြင့် ကောင်းချီး​ပေးတော်မူမည်။ ငါ့ကို ကြားနာခြင်း​မရှိသော​သူများ၊ ငါ၏​နာမတော်၌​ရှိယောင်ဆောင်သော​သူများကို ကျိန်ခြင်း​အမင်္ဂလာ​အပေါင်းတို့​အထဲမှ အပြင်းထန်ဆုံးဖြင့် ကျိန်တော်မူမည်။

စေ့စေ့နားထောင်ကြလော့၊ အို ငါခေါ်သွင်းတော်မူ​လေသည့်သူ​တည်းဟူသော ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့၊ ရှုလော့၊ ငါသည် သင်တို့ငါ၏​နှုတ်ကပတ်တော်၌ သဘောညီညွတ်ကြ​စေခြင်းငှာ သင်တို့ကိုယ်​သင်တို့ အတူတကွ စည်းဝေးကြစေကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။

သင်တို့သည် ငါ၏​အသင်းတော်ကို အုပ်ချုပ်တတ်စေဖို့နှင့် ခပ်သိမ်းသော​အရာတို့ကို ငါ့ရှေ့၌ သင့်လျော်စွာ​ရှိစေဖို့ သင်တို့​ယုံကြည်ခြင်း၏​ဆုတောင်းခြင်း​အားဖြင့်၊ ငါ၏​ဥပဒေကို လက်ခံ​ရရှိကြ​လိမ့်မည်။

ငါကြွလာတော်မူ​သောအခါ ငါသည် သင်တို့၏​အုပ်စိုးသူ​ဖြစ်လိမ့်မည်။ ရှုဦးလော့၊ ငါသည် လျင်မြန်စွာ​ကြွလာတော်မူ၏။ ငါ၏​ပညတ်တရားကို ထိန်းသိမ်း​ထားကြောင်း သင်တို့​မြင်ကြရ​လိမ့်မည်။

အကြင်သူသည် ငါ၏​ပညတ်တရားကို လက်ခံ​ရရှိပြီး စောင့်ထိန်း၏၊ ထိုသူသည် ငါ၏​တပည့်တော်​ဖြစ်၏။ အကြင်သူသည် လက်ခံ​ရရှိသည်ဟု​ဆိုပြီး စောင့်ထိန်းခြင်း​မရှိ၊ ထိုသူသည် ငါ၏​တပည့်တော်​မဟုတ်။ သင်တို့​အထဲမှ နှင်ထုတ်​ခံရ​လိမ့်မည်။

အကြောင်းမူကား၊ နိုင်ငံတော်သားများ ပိုင်သော​အရာတို့ကို မထိုက်တန်သော​သူတို့အား၊ သို့မဟုတ် ခွေးတို့အား မပေးအပ်။ ပုလဲ​ကို ဝက်တို့​ရှေ့မှာ ချမထားအပ်။

ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်အငယ်​အတွက် နေထိုင်ဖို့နှင့် ဘာသာပြန်ဖို့ အိမ်​တစ်လုံးကို ဆောက်ပေး​အပ်၏။

ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်း​သမျှ၊ ကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း နေထိုင်ရမည်။

ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျကို ငါခေါ်သွင်းတော်မူ​လေပြီ။ သူသည် အသင်းတော်၏ မဲဆန္ဒ​အားဖြင့် ခန့်အပ်ခံရ၊ အသင်းတော်အဖို့ သင်းအုပ်​အဖြစ် ခန့်ထား​ခံရမည့်​အကြောင်း၊ သူ၏​အချိန်အားလုံးကို အသင်းတော်၏​အလုပ်​လုပ်ခြင်း၌ သုံးစေဖို့ သူ၏​ကုန်သွယ်ခြင်းကို ချန်ထား​စေဖို့ ပညတ်တော်ကို ငါပေး၏။

၁၀ ငါ၏​ပညတ်တရားများကို ပေးတော်မူရာ​ကာလ၌ သူခန့်အပ်ထား​ခံရမည့်​အတိုင်း ခပ်သိမ်းသော​အရာတို့ကို ကြည့်ရှု​စေခြင်းငှာလည်း​ဖြစ်၏။

၁၁ ဤသို့​ဖြစ်ရသည်မှာ သူ၏​စိတ်နှလုံးသည် ငါ့ရှေ့၌ စင်ကြယ်​သောကြောင့်​ဖြစ်၏။ အကြောင်းမူကား၊ သူသည် လှည့်စားခြင်း​အပြစ်​ကင်းလွတ်သော ရှေးက နာသနေလ​ကဲ့သို့ပင်​ဖြစ်၏။

၁၂ ဤနှုတ်ကပတ်တော်တို့ကို သင်တို့အား ပေးထား၏။ ထိုအရာတို့သည် ငါ့ရှေ့၌ စင်ကြယ်၏။ သို့ဖြစ်၍၊ သင်တို့သည် ထိုအရာတို့ကို အဘယ်သို့ မှတ်ယူသည်ကို သတိပြု​ကြလော့။ အကြောင်းမူကား၊ တရား​စီရင်တော်မူရာ​နေ့၌ ထိုအရာတို့သည် သင်တို့၏​စိတ်ဝိညာဉ်များ​အပေါ် ကျရောက်​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။