ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၇


အပိုဒ်ငယ် ၁၇

၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ အော်လီဗာ​ကောင်ဒရီ၊ ဒေးဗစ်​ဝှစ်တမာနှင့် မာတင်​ဟဲရစ်တို့အား မော်မုန်ကျမ်း​မှတ်တမ်း​ပါဝင်သည့် ရေးထွင်း​ထားသော ပုရပိုက်ပြားများကို မမြင်ရမီ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အထူး​သက်သေ​သုံးဦးကို ခန့်ထား​လိမ့်မည့်​အကြောင်း မော်မုန်ကျမ်း​ပုရပိုက်ပြားများကို ဘာသာပြန်ခြင်းမှ ဂျိုးဇက်နှင့် သူ၏​စာရေးသူ၊ အော်လီဗာ​ကောင်ဒရီတို့​သိခဲ့ရ​လေ၏ (ဧသာ ၅း၂–၄၂ နီဖိုင်း ၁၁း၃၂၇း၁၂ တွင် ကြည့်ပါ)။ အော်လီဗာ​ကောင်ဒရီ၊ ဒေးဗစ်​ဝှစ်တမာနှင့် မာတင်​ဟဲရစ်တို့သည် လမ်းပြလှုံ့ဆော်သည့်​အလိုဆန္ဒ​အားဖြင့် အထူး​သက်သေ​သုံးဦး​အဖြစ် တိုက်တွန်း​ခံရ၏။ ပရောဖက်က ကိုယ်တော်ရှင်ထံ မေးလျှောက်ခဲ့ပြီး၊ ဤဗျာဒိတ်တော်ကို အဖြေ​အဖြစ် ဥရိမ်နှင့် သုမိမ်တို့​အားဖြင့်​ပေးတော်မူ​ခဲ့၏။

၁–၄၊ ယုံကြည်ခြင်း​အားဖြင့်၊ သက်သေ​သုံးဦးသည် ပုရပိုက်ပြားများနှင့် အခြားသော သန့်ရှင်း​မွန်မြတ်သည့်​အချက်များကို မြင်ရ​လိမ့်မည်။ ၅–၉၊ ခရစ်တော်သည် မော်မုန်ကျမ်း​အထွတ်အမြတ်​ဖြစ်ခြင်း​အကြောင်းကို သက်သေခံ၏။

ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ငါ၏​နှုတ်ကပတ်တော်​အပေါ် မှီခိုရမည်။ ထိုမှီခိုခြင်းကို စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်းဖြင့် သင်တို့​ပြုကြလျှင်၊ သင်တို့သည် ပုရပိုက်ပြားများ၊ ထို့အတူ ရင်အုပ်တန်ဆာ၊ လာဗန်၏ဓား၊ ယာရက်၏​အစ်ကိုအား တောင်ပေါ်မှာ​ကိုယ်တော်ရှင်နှင့် မျက်နှာချင်းဆိုင်၍​စကားပြောစဉ်က ပေးတော်မူ​ခဲ့လေသည့် ဥရိမ်နှင့် သုမိမ်၊ ထို့အတူ၊ ဧဒုံပင်လယ်​နယ်နိမိတ် တောရိုင်းထဲ၌​ရှိစဉ် လေဟိသို့ ပေးတော်မူ​ခဲ့လေသည့် အလွန်တရာ​အံ့ဩဖွယ်​ကောင်းသော လမ်းညွှန်လုံးတို့ကို မြင်ကြရ​လိမ့်မည်။

သင်တို့၏​ယုံကြည်ခြင်း​အားဖြင့်၊ ရှေးပရောဖက်များ၌ ရှိခဲ့လေသည့် ထိုယုံကြည်ခြင်း​အားဖြင့်ပင် ထိုအရာတို့ကို သင်တို့​မြင်ကြရ​လိမ့်မည်။

သင်တို့သည် ယုံကြည်ခြင်းကို ရရှိ၍၊ ထိုအရာတို့ကို သင်တို့​မျက်စိဖြင့် ကြည့်လေပြီးနောက်၊ ထိုအရာတို့​အကြောင်းကို ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် သက်သေခံကြ​လိမ့်မည်။

ဤသို့ သင်တို့​ပြုကြရမည်မှာ၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ် ဖျက်ဆီးမခံရနိုင်​စေကြောင်း၊ ဤအမှု​အားဖြင့် လူသားများ​အဖို့ ငါ၏​ဖြောင့်မတ်သော​အကြံအစည်တော်တို့ကို ငါပြီးမြောက်နိုင်​စေကြောင်းတို့​ပင်တည်း။

ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ် ထိုအရာတို့ကို မြင်လေ​သကဲ့သို့ပင် သင်တို့သည်လည်း ထိုအရာတို့ကို မြင်ရ​လေကြောင်း သက်သေခံကြရမည်။ အကြောင်းမူကား၊ ငါ၏​တန်ခိုးတော်​အားဖြင့် ထိုအရာတို့ကို သူမြင်ရ​လေပြီ၊ သူမှာ ယုံကြည်ခြင်း​ရှိသောကြောင့်လည်း​ဖြစ်၏။

သူသည် ထိုကျမ်းကို၊ အထူးသဖြင့် သူ့ကို ငါမိန့်တော်မူ​လေသည့် ထိုအစိတ်​အပိုင်းကို ဘာသာပြန်​လေပြီ။ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏​ဘုရားသခင်​အသက်ရှင်တော်မူသည့်​အတိုင်း ထိုအမှု​မှန်ကန်၏။

သို့ဖြစ်၍၊ သင်တို့သည် သူကဲ့သို့ပင် တူသော​တန်ခိုး၊ ထို့အတူ၊ တူသော​ယုံကြည်ခြင်း၊ ထို့အတူ တူသော​ဆုကျေးဇူးကို လက်ခံ​ရရှိကြ​လေပြီ။

သင်တို့အား ငါပေးတော်မူ​လေသည့် ငါ၏ ဤနောက်ဆုံးသော​ပညတ်တော်များကို သင်တို့​ဆောင်ရွက်ကြလျှင်၊ ငရဲ၏​တံခါးတို့သည် သင်တို့ကို မနိုင်ရာ။ အကြောင်းမူကား၊ သင်တို့​အတွက် ငါ၏​ကျေးဇူးတော်သည် လုံလောက်၏။ သင်တို့သည်လည်း နောက်ဆုံးသော​နေ့၌ ချီးမြှောက်တော်မူခြင်းကို ခံကြရ​လိမ့်မည်။

ငါ၊ ယေရှု​ခရစ်တော်၊ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏​ဘုရားသခင်သည် လူသားများအဖို့ ငါ၏​ဖြောင့်မတ်သော​အကြံအစည်တော်တို့ကို ပြီးမြောက်​နိုင်စေကြောင်း ထိုအရာကို သင်တို့အား မိန့်တော်မူ​လေပြီ။ အာမင်။