ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၃


အပိုဒ်ငယ် ၃၃

၁၈၃၀ ခု၊ အောက်တိုဘာလ၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အယ်ဇရာ​သဲရာနှင့် နော့သရော့​ဆွိသို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်ကို နိဒါန်းပျိုးရာတွင်၊ “ကိုယ်တော်ရှင်သည် ယုံကြည်ခြင်းဖြင့် လုံ့လ​ဝီရိယ​ထက်သန်စွာ​ရှာကြသော​သူများကို သွန်သင်ခြင်းငှာ အစဉ်​အဆင်သင့် ဖြစ်တော်မူကြောင်း” ဂျိုးဇက်​စမစ်၏​သမိုင်းက အတည်ပြု၏။

၁–၄၊ အလုပ်​လုပ်သောသူတို့သည် ဧဝံဂေလိ​တရားတော်ကို ဟောကြားစေဖို့ ဆယ့်တစ်​နာရီ​အချိန်၌ ခေါ်သွင်း​ခံကြရ၏။ ၅–၆၊ အသင်းတော်ကို တည်ထောင်၏။ ရွေးကောက်​ထားသော​သူတို့သည် စုဝေးကြ​လိမ့်မည်။ ၇–၁၀၊ နောင်တရကြလော့၊ အကြောင်းမူကား၊ ကောင်းကင်​နိုင်ငံတော်​တည်လု​နီးပြီ။ ၁၁–၁၅၊ အသင်းတော်ကို ဧဝံဂေလိ​တရားတော်​ကျောက်ပေါ်မှာ တည်ဆောက်၏။ ၁၆–၁၈၊ မင်္ဂလာဆောင်​လုလင်​ရောက်လာခြင်း​အတွက် ပြင်ဆင်​ကြလော့။

ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်များ​တည်းဟူသော အယ်ဇရာနှင့် နော့သရော့၊ သင်တို့၏​နားကို ဖွင့်၍၊ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​အသံကို စေ့စေ့နားထောင်​ကြလော့။ သူ၏​နှုတ်ကပတ်တော်သည် ရှင်သန်၍ တန်ခိုးကြီး၏။ အရိုး​အဆစ်နှင့်​ခြင်ဆီ၊ အသက်နှင့် စိတ်ဝိညာဉ်တို့ကို အစိတ်စိတ်​ကွဲစေသည့် နှစ်ဖက်သွား​ဓားထက် သာ၍​ထက်၏။ စိတ်နှလုံး၏​အတွေးများနှင့် အကြံအစည်များကို ပိုင်းခြား၍သိမြင်သော​အရာလည်း​ဖြစ်၏။

အကြောင်းမူကား၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်မှာ၊ သဘော​ကောက်၍ ဖောက်ပြန်သော​အမျိုးသို့ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောကြား​စေခြင်းငှာ သင်တို့​အသံကို တံပိုးသံ​ကဲ့သို့ မြှင့်ကြစေဖို့ သင်တို့​ခေါ်သွင်း​ခံကြရ၏။

အကြောင်းမူကား၊ ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်​ရှိနှင့်​လေပြီ။ ဆယ့်တစ်​နာရီ​ဖြစ်၏။ အလုပ်​လုပ်သော​သူများကို ငါ၏​စပျစ်ဥယျာဉ်​ထဲသို့ ငါခေါ်သွင်းရာ နောက်ဆုံး​အကြိမ်​ဖြစ်၏။

ငါ၏​စပျစ်ဥယျာဉ်သည် အလုံးစုံ​ပုပ်ပျက်​လာလေပြီ။ အနည်းငယ်သောသူ​မှတစ်ပါး၊ ကောင်းသော​အကျင့်ကို ကျင့်သောသူ​မရှိ။ သူတို့သည် ဘာသာရေးဖြင့် ကိုယ်ကျိုး​ရှာခြင်းများကြောင့်၊ အားလုံး​ဖောက်ပြန်သော​စိတ်ရှိလျက်၊ ကြိမ်ဖန်များစွာ တိမ်းမှားကြ၏။

သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ဤအသင်းတော်ကို ငါတည်ထောင်ပြီး၊ တောရိုင်းထဲမှ ထွက်ပေါ်လာစေ​ခဲ့ပြီ။

ထိုနည်းတူစွာပင်၊ ငါသည် ငါ၏ရွေးကောက်ထားသော​သူများ​တည်းဟူသော အကယ်စင်စစ်၊ ငါ့ကို ယုံကြည်ပြီး၊ ငါ၏​အသံကို စေ့စေ့နားထောင်မည့်သူ​မှန်သမျှကို မြေကြီး​လေးမျက်နှာမှ စုဝေး​တော်မူမည်။

ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်​ရှိနှင့်​လေပြီ။ သို့ဖြစ်၍၊ သင်တို့၏​တံစဉ်များကို ရမ်းကြလော့။ သင်တို့၏​အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့် ရိတ်သိမ်း​ကြလော့။

သင်တို့၏​နှုတ်ကို ဖွင့်ကြလော့၊ ပြည့်ကြ​စေလိမ့်မည်။ ယေရုရှလင်မှ​နေ၍ တောရိုင်း​ထဲသို့ ခရီးသွား​ခဲ့သည့် ရှေးက​နီဖိုင်း​ကဲ့သို့ပင် သင်တို့​ဖြစ်လာ​လိမ့်မည်။

ထိုမှတစ်ပါး၊ သင်တို့၏​နှုတ်ကို ဖွင့်ကြလော့၊ လျော့ခြင်း​မရှိနှင့်။ သင်တို့​ကျောပေါ်မှာ ကောက်လှိုင်းများကို ထမ်းရွက်ရ​လိမ့်မည်။ အကြောင်းမူကား၊ ကြည့်ပါ၊ ငါသည် သင်တို့နှင့် အတူ​ရှိတော်မူ၏။

၁၀ ထိုမှတစ်ပါး၊ သင်တို့၏​နှုတ်ကို ဖွင့်ကြလော့၊ ပြည့်ကြစေ​လိမ့်မည်။ ဆိုရမည်ကား၊ နောင်တရ​ကြလော့၊ နောင်တရ​ကြလော့၊ သင်တို့ကိုယ်တော်ရှင်၏​လမ်းကို ပြင်ဆင်ကြလော့။ သူ၏​လမ်းခရီးတော်တို့ကို ဖြောင့်စေကြလော့။ အကြောင်းမူကား၊ ကောင်းကင်​နိုင်ငံတော်​တည်လု​နီးပြီ။

၁၁ ထိုမှတစ်ပါး၊ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်း​အတွက်၊ သင်တို့​အယောက်တိုင်း နောင်တရပြီး၊ ဗတ္တိဇံခံကြလော့။ ထိုမှတစ်ပါး၊ ရေဖြင့်ပင် ဗတ္တိဇံ​ခံကြလော့။ ထို့နောက်တွင်၊ မီးဖြင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့်​လည်းကောင်း ဗတ္တိဇံ​ဖြစ်လာ၏။

၁၂ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ဤအရာသည် ငါ၏​ဧဝံဂေလိ​တရားတော်​ဖြစ်၏။ သူတို့သည် ငါ့ကို ယုံကြည်ခြင်း​ရှိရမည့်​အကြောင်း သတိရ​ကြလော့။ သို့မဟုတ်လျှင်၊ ကယ်တင်ခြင်းသို့ အလျှင်း​မရောက်နိုင်ကြ။

၁၃ ဤကျောက်ပေါ်၌ ငါ၏​အသင်းတော်ကို တည်ဆောက်မည်။ အမှန်စင်စစ်၊ ဤကျောက်ပေါ်မှာ သင်တို့ကို တည်ဆောက်​ထား၏။ သင်တို့​ဆက်၍​ပြုကြလျှင်၊ ငရဲ၏​တံခါးတို့သည် သင်တို့ကို မနိုင်ရာ။

၁၄ သင်တို့သည် အသင်းတော်​ခံယူချက်များနှင့် ပဋိညာဉ်များကို စောင့်ထိန်းဖို့ သတိရကြ​ရမည်။

၁၅ ယုံကြည်ခြင်း​ရှိသူ​မှန်သမျှကို သင်တို့သည် လက်တင်ခြင်း​အားဖြင့် ငါ၏​အသင်းတော်၌ အတည်ပြု​ရမည်။ ငါသည် သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူးကို သူတို့အား​ပေးတော်မူမည်။

၁၆ သင်တို့ကို သွန်သင်ခြင်း​အတွက် မော်မုန်ကျမ်းနှင့် သန့်ရှင်းသော​ကျမ်းစာများကို ငါပေးထား၏။ ငါ့ဝိညာဉ်တော်၏​တန်ခိုးသည် ခပ်သိမ်းသောအရာတို့ကို ရှင်​သန်စေ၏။

၁၇ သို့ဖြစ်၍၊ သစ္စာ​ရှိလော့၊ အစဉ်​အမြဲ​ဆုတောင်း​နေလော့၊ သင်တို့၏​မီးခွက်ကို အသင့်​ပြင်၍၊ မီးထွန်းလျက်၊ ဆီနှင့်​ရှိစေလော့။ မင်္ဂလာဆောင်​လုလင်​ရောက်လာသော​အခါ၌ သင်တို့​အဆင်သင့်​ဖြစ်နိုင်ကြ​စေကြောင်း​ပေတည်း—

၁၈ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါသည် အလျင်​အမြန်​လာမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။