အပိုဒ်ငယ် ၅၃
၁၈၃၁ ခု၊ ဇွန်လ၊ ၈ ရက်၊ ကာ့တ်လန်းအိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အဲလ်ဂနွန်ဆစ်ဒနီဂီလ်ဗာ့သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဆစ်ဒနီဂီလ်ဗာ့၏တောင်းဆိုမှုကြောင့်၊ ညီအစ်ကိုဂီလ်ဗာ့၏အမှုနှင့် အသင်းတော်၌ ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ ပရောဖက်က ကိုယ်တော်ရှင်ထံသို့ မေးလျှောက်ခဲ့၏။
၁–၃၊ အသင်းတော်၌ ဆစ်ဒနီဂီလဗာ့၏ အမှုတော်ဆောင်တာဝန်နှင့် ရွေးကောက်ခြင်းမှာ အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရဖို့ဖြစ်၏။ ၄–၇၊ သူသည် သင်းအုပ်၏ ကိုယ်စားလှယ်တစ်ဦး အဖြစ်လည်း အစေခံရမည်။
၁ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာ့၊ ငါသည် သင်၏ဆုတောင်းခြင်းများကို ကြားတော်မူလေပြီ။ ဤနောက်ဆုံးသောကာလ၌ ငါ၊ ကိုယ်တော်ရှင်၊ တည်ထောင်တော်မူလေသည့် အသင်းတော်၌၊ သင်၏အမှုတော်ဆောင်တာဝန်နှင့် ရွေးကောက်ခြင်းနှင့်စပ်လျဉ်း၍ သင်၏ဘုရားသခင်ကိုယ်တော်ရှင်ထံမှ သင့်ထံသို့ ဖော်ပြတော်မူမည့်အကြောင်း ငါ့ထံသို့ သင်ပတ္ထနာပြုလေပြီ။
၂ ရှုလော့၊ လောကီသားတို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရလေသည့် ငါ၊ ကိုယ်တော်ရှင်သည် သင်လောကကို စွန့်ပစ်ရမည့်အကြောင်း သင့်အား ပညတ်တော်ကို ပေး၏။
၃ ငါ၏ဘိသိက်ပေးခြင်းကို သင့်အပေါ်မှာ ခံယူလော့၊ ယုံကြည်ခြင်း၊ နောင်တရခြင်းနှင့် အပြစ်များမှလွှတ်ခြင်းတို့ကို အသင်းလူကြီးတစ်ဦးအဖြစ်ပင်၊ ငါ၏နှုတ်ကပတ်တော်အတိုင်း ဟောပြောဖို့ဖြစ်ပြီး၊ လက်တင်ခြင်းဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းလည်းဖြစ်၏။
၄ နောင်ကာလ၌ ပေးတော်မူမည့် ပညတ်တော်များအတိုင်း သင်းအုပ်အားဖြင့် ခန့်အပ်မည့်နေရာရှိ ဤအသင်းတော်အဖို့ ကိုယ်စားလှယ်တစ်ဦးအဖြစ် ရှိစေဖို့လည်းဖြစ်၏။
၅ ထိုမှတစ်ဖန်၊ သင့်ကို ငါအမှန်ဆိုသည်ကား၊ သင်သည် ငါ့ကျွန်များဖြစ်သည့် ဂျိုးဇက်စမစ်အငယ်၊ ဆစ်ဒနီရစ်ဂဒွန်တို့နှင့်အတူ ခရီးသွားရမည်။
၆ ရှုလော့၊ ဤအရာတို့သည်ကား၊ သင်ပထမဆုံးလက်ခံရရှိမည့် ဘိသိက်မင်္ဂလာများဖြစ်၏။ ငါ၏စပျစ်ဥယျာဉ်ထဲ၌ သင်၏လုပ်ဆောင်ချက်အတိုင်း နောင်လာမည့် အချိန်တွင် ကျန်ကြွင်းသောအရာတို့ကို ဖော်ပြတော်မူမည်။
၇ ထိုမှတစ်ဖန်၊ အဆုံးတိုင်အောင်တည်ကြည်သောသူသာလျှင်၊ ကယ်တင်ခြင်းသို့ ရောက်သည်ကို သင်တို့ သင်ယူစေဖို့ ငါအလိုရှိ၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။