အပိုဒ်ငယ် ၅၂
၁၈၃၁ ခု၊ ဇွန်လ ၆ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌၊ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ အသင်းတော်၏အသင်းလူကြီးများသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ညီလာခံတစ်ခုကို ကာ့တ်လန်း၌ ဇွန်လ ၃ ရက်တွင်စပြီး၊ ၆ ရက်တွင် ဆုံးလျက် ကျင်းပခဲ့လေ၏။ ဤညီလာခံတွင်၊ ယဇ်ပုရောဟိတ်မင်းအမှုအရာသို့ ပထမဆုံးထူးခြားသော ဘိသိက်မင်္ဂလာများကိုပြုလုပ်ခဲ့ပြီး၊ မိစ္ဆာနှင့် လှည့်စားသောဝိညာဉ်တို့၏ အချို့သော ထင်ရှားစွာပြခြင်းများကို ပိုင်းခြား၍သိမြင်သဖြင့်၊ ဆုံးမခံကြရ၏။
၁–၂၊ လာမည့်ညီလာခံကို မစ်ဆိုရီ၌ ကျင်းပဖို့ သတ်မှတ်ထား၏။ ၃–၈၊ အချို့သော အသင်းလူကြီးများအား အတူတကွ ခရီးသွားရန် ခန့်အပ်ခြင်းကို ပြုလုပ်၏။ ၉–၁၁၊ အသင်းလူကြီးတို့သည် တမန်တော်များနှင့် ပရောဖက်များ ရေးလေသည့်အရာများကို သွန်သင်ကြရမည်။ ၁၂–၂၁၊ ဝိညာဉ်တော်အားဖြင့် အလင်းသို့ရောက်ကြသည့် သူများသည် ချီးမွမ်းခြင်းနှင့် ဉာဏ်ပညာအသီးကို သီးစေကြ၏။ ၂၂–၄၄၊ အမျိုးမျိုးသော အသင်းလူကြီးတို့သည် ညီလာခံအတွက် မစ်ဆိုရီသို့ ခရီးသွားစဉ်တွင် ထွက်သွားပြီး၊ ဧဝံဂေလိတရားတော်ကို ဟောပြောရန် ခန့်အပ်ခံကြရ၏။
၁ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ့ဝိညာဉ်တော်၏အသံအားဖြင့်၊ ဤနောက်ဆုံးသောကာလ၌ သူခေါ်သွင်းပြီး၊ ရွေးကောက်ထားလေသည့် အသင်းလူကြီးတို့ကို မိန့်တော်မူလေသည်ကား—
၂ ဆိုလေသည်မှာ၊ ယခုအချိန်မှစ၍၊ လာမည့်ညီလာခံအထိ သင်တို့ပြုစေဖို့ ငါအလိုရှိသည့်အရာကို သင်တို့အား ငါ၊ ကိုယ်တော်ရှင်ဖော်ပြတော်မူမည်။ ထိုညီလာခံကို၊ မစ်ဆိုရီ၌၊ ယာကုပ်အမျိုး၏ ကျန်ကြွင်းသောသူများဖြစ်သည့် ငါ၏ လူမျိုးတို့အဖို့၊ ထို့အတူ၊ ပဋိညာဉ်အတိုင်း အမွေခံသူများဖြစ်သည့်သူများအဖို့ ငါရည်စူးတော်မူမည့်ပြည်ပေါ်မှာ ကျင်းပလိမ့်မည်။
၃ သို့ဖြစ်၍၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်များဖြစ်သည့်၊ ဂျိုးဇက်စမစ်အငယ်နှင့် ဆစ်ဒနီရစ်ဂဒွန်တို့အား သူတို့၏အိမ်မှ စွန့်ခွာဖို့ ပြင်ဆင်ခြင်းကို ပြုနိုင်လျှင်ပြုနိုင်ချင်း ခရီးသွားကြစေလော့၊ မစ်ဆိုရီပြည်သို့လည်း ခရီးသွားကြစေလော့။
၄ သူတို့သည် ငါ့အပေါ်သစ္စာရှိကြသမျှ၊ သူတို့ပြုရမည့်အရာကို သူတို့အား ဖော်ပြတော်မူမည်။
၅ သူတို့သည် သစ္စာရှိကြသမျှ၊ သင်တို့၏အမွေခံရာပြည်ကိုလည်း သူတို့အား ဖော်ပြတော်မူမည်။
၆ သူတို့သည် သစ္စာမရှိကြသမျှ၊ ငါကောင်းသည်ဟု မှတ်ယူသည့်အတိုင်း၊ ငါအလိုရှိသည့်အတိုင်းပင် ပယ်ရှင်းခံကြရလိမ့်မည်။
၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်လိုင်မန်ဝိုက်နှင့် ငါ့ကျွန်ဂျွန်ကော်ရီးလ်တို့အား အလျင်အမြန် ခရီးသွားစေလော့။
၈ ထို့အတူ၊ ငါ့ကျွန်ဂျွန်မာဒေါ့ခ်နှင့် ငါ့ကျွန်ဟီရမ်စမစ်တို့ကိုလည်း ဒီထရွိုက်ကိုဖြတ်၍ ထိုတူသောနေရာသို့ ခရီးသွားစေလော့။
၉ ပရောဖက်များနှင့်တမန်တော်များရေးလေသည့်အရာများ၊ ထို့အတူ၊ ယုံကြည်ခြင်းရှိသော ဆုတောင်းခြင်း အားဖြင့် နှစ်သိမ့်စေသောသူ အားဖြင့် သူတို့သွန်သင်ခံရသည့် အရာများမှတစ်ပါး၊ အခြားမည်သည့်အရာကိုမျှ မဟောစေဘဲ၊ လမ်းတစ်လျှောက်၌ နှုတ်ကပတ်တော်ကိုဟောပြောလျက်၊ သူတို့ကို ထိုနေရာမှ ခရီးသွားစေလော့။
၁၀ သူတို့ကို နှစ်ဦးချင်းစီသွားစေလော့၊ ထိုကဲ့သို့အားဖြင့်၊ သူတို့ကို လမ်းတစ်လျှောက်တွင်၊ ပရိသတ်မှန်သမျှ၌၊ ဟောပြော၍၊ ရေဖြင့်လည်းကောင်း၊ ရေအနီး၌ လက်တင်ခြင်းဖြင့်လည်းကောင်း ဗတ္တိဇံပေးစေလော့။
၁၁ ကိုယ်တော်ရှင်မိန့်တော်မူသည်မှာ၊ ငါ၏အမှုတော်ကို ဖြောင့်မတ်ခြင်းဖြင့်၊ ငါအလျင်အမြန်ပြီးစေမည်၊ အကြောင်းမူကား၊ တရားစီရင်ခြင်းကို အောင်မြင်ခြင်းသို့ ရောက်စေမည့် ကာလသည် ကျရောက်လာလိမ့်မည်။
၁၂ ငါ့ကျွန်လိုင်မန်ဝိုက်ကို သတိပြုစေလော့၊ အကြောင်းမူကား၊ စာတန်သည် သူ့ကို ဖွဲကဲ့သို့ ဆန်ကာချဖို့ အလိုရှိ၏။
၁၃ ရှုဦးလော့၊ သစ္စာရှိသောသူကို များစွာသောအရာတို့အပေါ် အုပ်စိုးသူ ဖြစ်စေမည်။
၁၄ ထိုမှတစ်ဖန်၊ သင်တို့လှည့်စားမခံရနိုင်စေခြင်းငှာ၊ ခပ်သိမ်းသောအရာတို့၌ ပုံစံကို သင်တို့အား ငါပေးတော်မူမည်။ အကြောင်းမူကား၊ စာတန်သည် ပြည်ထဲ၌ ပျံ့နှံ့၍၊ ထွက်သွားပြီး၊ ပြည်သားတို့ကို လှည့်စားလျက်ရှိ၏—
၁၅ သို့ဖြစ်၍၊ ကျိုးပဲ့သောစိတ်ရှိလျက်၊ ဆုတောင်းသောသူသည် ငါ၏ဘိသိက်မင်္ဂလာများကို နာခံလျှင်၊ ထိုသူသည် ငါလက်ခံသောသူဖြစ်၏။
၁၆ ကျိုးပဲ့သောစိတ်ရှိလျက်၊ စကားသိမ်မွေ့အောက်ကျို့လျက်၊ တည်ဆောက်လျက် ဟောပြောသောသူသည် ငါ၏ဘိသိက်မင်္ဂလာများကို နာခံလျှင်၊ ထိုသူသည် ဘုရားသခင်ထံမှဖြစ်၏။
၁၇ ထိုမှတစ်ဖန်၊ ငါ၏တန်ခိုးကြောင့်၊ တုန်သောသူကို အားကြီးစေလိမ့်မည်၊ သင်တို့ကို ငါပေးလေသည့် ဗျာဒိတ်တော်များနှင့် သမ္မာတရားတို့အတိုင်း ချီးမွမ်းခြင်းနှင့် ဉာဏ်ပညာအသီးကို သီးစေလိမ့်မည်။
၁၈ ထိုမှတစ်ဖန်၊ အနိုင်ခံရ၍၊ ဤပုံစံအတိုင်း အသီးကို မသီးစေသောသူသည် ငါ့ထံမှမဟုတ်။
၁၉ သို့ဖြစ်၍၊ ဤပုံစံအားဖြင့်၊ သင်တို့သည် ကောင်းကင်တစ်ခုလုံးအောက်ရှိ ခပ်သိမ်းသောအခြေအနေတို့၌ ဝိညာဉ်များကို သိကြလိမ့်မည်။
၂၀ လူသားတို့၏ယုံကြည်ခြင်းအတိုင်း သူတို့ထံဖြစ်ရလိမ့်မည့် ကာလသည် ကျရောက်လာ၏။
၂၁ ရှုလော့၊ ဤပညတ်တော်ကို ငါရွေးကောက်ထားလေသည့် ခပ်သိမ်းသောအသင်းလူကြီးတို့အား ပေးထား၏။
၂၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်သောမတ်စ်ဘီမာ့ရှ် နှင့် ငါ့ကျွန်အယ်ဇရာသဲရာတို့ကိုလည်း ခရီးသွားစေလော့၊ ဤတူသောပြည်သို့ သွားရာလမ်းတစ်လျှောက်၌ နှုတ်ကပတ်တော်ကို ဟောပြောလျက်ရှိစေလော့။
၂၃ ထိုမှတစ်ဖန်၊ ငါ့ကျွန်အိုင်ဇက်မော်လီနှင့် ငါ့ကျွန်အယ်ဇရာဘုတို့ကို ခရီးသွားစေလော့၊ ဤတူသောပြည်သို့ သွားရာလမ်းတစ်လျှောက်၌ နှုတ်ကပတ်တော်ကို ဟောပြောလျက်လည်း ရှိစေလော့။
၂၄ ထိုမှတစ်ဖန်၊ ငါ့ကျွန်များဖြစ်သည့် အက်ဒဝါ့ပါ့ထရစ်ဂ်ျနှင့် မာတင်ဟဲရစ်တို့အား ငါ့ကျွန်များဖြစ်သည့် ဆစ်ဒနီရစ်ဂဒွန်နှင့် ဂျိုးဇက်စမစ်အငယ်တို့နှင့်အတူ ခရီးသွားစေလော့။
၂၅ ငါ့ကျွန်များဖြစ်သည့် ဒေးဗစ်ဝှစ်တမာနှင့် ဟာဗေးဝှစ်လော့တို့ကိုလည်း ခရီးသွားစေလော့၊ ဤတူသောပြည်သို့ သွားရာလမ်းတစ်လျှောက်၌ ဟောပြောစေလော့။
၂၆ ငါ့ကျွန်များဖြစ်သည့် ပါလီပီပရက်နှင့် အော်ဆန်ပရက်တို့အား ဤတူသောပြည်သို့ သွားရာလမ်းတစ်လျှောက်၌ပင် ဟောပြော၍၊ ခရီးသွားစေလော့။
၂၇ ငါ့ကျွန်များဖြစ်သည့် ဆော်လမုန်ဟန်ကော့နှင့် ဆင်မီယွန်ကာတာတို့ကိုလည်း ဤတူသောပြည်သို့ ခရီးသွားစေလော့၊ လမ်းတစ်လျှောက်၌ ဟောပြောစေလော့။
၂၈ ငါ့ကျွန်များဖြစ်သည့် အက်ဒဆန်ဖူးလာနှင့် ဂျေကုပ်စကော့တို့ကိုလည်း ခရီးသွားစေလော့။
၂၉ ငါ့ကျွန်များဖြစ်သည့် လေဝိဒဗလျူဟန်ကော့နှင့် ဇေဗေဒီးကိုးလ်ထရင်တို့ကိုလည်း ခရီးသွားစေလော့။
၃၀ ငါ့ကျွန်များဖြစ်သည့် ရေးနိုးကာဟွန်းနှင့် ဆင်မြူရယ်အိပ်ခ်ျစမစ်တို့ကိုလည်း ခရီးသွားစေလော့။
၃၁ ငါ့ကျွန်များဖြစ်သည့် ဝှီးလာဘော်လ်ဒဝင်နှင့် ဝီလျံကာတာတို့ကိုလည်း ခရီးသွားစေလော့။
၃၂ ငါ့ကျွန်များဖြစ်သည့် နီဝယ်လ်နိုက်နှင့် ဆီလာ့ဂျေဂရစ်ဖင်တို့နှစ်ဦးစလုံးကိုလည်း ခန့်ထားခံရစေလော့၊ ခရီးလည်းသွားစေလော့။
၃၃ ထိုမှတစ်ပါး၊ ငါအမှန်ဆိုသည်ကား၊ ဤခပ်သိမ်းသောသူတို့ကို၊ သူတို့၏ လမ်းအသီးသီးဖြင့်၊ တစ်ခုသောအရပ်သို့ ခရီးသွားစေလော့၊ လူတစ်ယောက်သည် တခြားသူတစ်ယောက်၏ အုတ်မြစ်ပေါ်မှာ မတည်ဆောက်ရ၊ တခြားသူတစ်ယောက်၏လမ်းကြောင်းဖြင့်လည်း ခရီးမသွားရ။
၃၄ သစ္စာရှိသောသူသည် ကာကွယ်စောင့်မခံရပြီး၊ များစွာသောအသီးဖြင့် ကောင်းချီးခံစားရလိမ့်မည်။
၃၅ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်များဖြစ်သည့် ဂျိုးဇက်ဝိတ်ဖီးလ်ဒ်နှင့် ဆော်လမုန်ဟမ်ဖရီတို့အား အရှေ့ပိုင်းပြည်များသို့ ခရီးသွားစေလော့။
၃၆ သူတို့ကို သူတို့မိသားစုများနှင့်အတူ အလုပ်လုပ်စေလော့၊ ပရောဖက်ပြုဟောချက်များ ပြီးပြည့်စုံနိုင်စေမည့်အကြောင်း၊ သူတို့မြင်ရ၊ ကြားရလေပြီး၊ အမှန်ဆုံးယုံကြည်ရာ ပရောဖက်များနှင့် တမန်တော်များ၏ သွန်သင်ချက်များမှတစ်ပါး အခြားအဘယ်အရာကိုမျှ မဟောကြားဘဲနေစေလော့။
၃၇ ဟီမန်ဗာစက်ကို ပေးထားသည့်အရာကို လွန်ကျူးခြင်း၏အကျိုးဆက်အဖြစ်၊ သူ့ထံမှယူ၍၊ ဆိုင်မောင်ရိုက်ဒါထံသို့ ရောက်စေလော့။
၃၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ယာရက်ကာတာကို ယဇ်ပုရောဟိတ်ခန့်ထားလော့၊ ထို့အတူ၊ ဂျော့ဂ်ျဂျိမ်းစ်ကိုလည်း ယဇ်ပုရောဟိတ်ခန့်ထားလော့။
၃၉ အသင်းလူကြီးများထဲမှ ကျန်ကြွင်းသောသူတို့အား အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ကြစေလော့၊ သူတို့၏ပတ်ဝန်းကျင်ဒေသများ၌၊ နှုတ်ကပတ်တော်ကို ဟောကြားကြစေလော့။ ရုပ်တုကိုးကွယ်ခြင်းကိုသော်လည်းကောင်း၊ ဆိုးညစ်ခြင်းကိုသော်လည်းကောင်း မကျင့်သုံးကြစေကြောင်း၊ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြစေလော့။
၄၀ ခပ်သိမ်းသောအရာတို့၌ ဆင်းရဲသားများနှင့် ချို့တဲ့သောသူများ၊ ဖျားနာသူများနှင့် ဒုက္ခရောက်သူများကို အောက်မေ့ကြလော့၊ အကြောင်းမူကား၊ ဤအရာတို့ကို မပြုသောသူသည် ငါ၏တပည့်တော်မဟုတ်။
၄၁ ထိုမှတစ်ဖန်၊ ငါ့ကျွန်များဖြစ်သည့် ဂျိုးဇက်စမစ်အငယ်၊ ဆစ်ဒနီရစ်ဂဒွန်နှင့် အက်ဒဝါ့ပါ့ထရစ်ဂ်ျတို့အား အသင်းတော်မှ ထောက်ခံချက်ကို သူတို့နှင့်အတူ ယူသွားစေလော့။ ငါ့ကျွန်အော်လီဗာကောင်ဒရီအတွက်လည်း ထောက်ခံချက်တစ်ခုကို ရရှိစေလော့။
၄၂ ထိုကဲ့သို့အားဖြင့်၊ ငါမိန့်တော်မူလေသည့်အတိုင်းပင်၊ သင်တို့သည် သစ္စာရှိကြလျှင်၊ သင်တို့၏အမွေခံရာပြည်ဖြစ်သည့်၊ ယခုတွင် သင်တို့ရန်သူများ၏ပြည်ဖြစ်သည့် မစ်ဆိုရီပြည်ပေါ်၌ ရွှင်လန်းဝမ်းမြောက်ဖို့ သင်တို့ကိုယ်သင်တို့အတူတကွစည်းဝေးကြလိမ့်မည်။
၄၃ သို့ရာတွင်၊ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် ထိုမြို့ကို သူ့အချိန်ရောက်လျှင် နှိုးဆော်မည်။ သစ္စာရှိသောသူတို့ကို ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်လည်းကောင်း ချီးမြှင့်တော်မူမည်။
၄၄ ရှုလော့၊ ငါသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော် ဖြစ်၏၊ ငါသည် သူတို့ကို နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူမည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။