ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၀


အပိုဒ်ငယ် ၆၀

၁၈၃၁ ခု၊ ဩဂုတ်လ ၈ ရက်၊ အင်ဒီပန်းဒင့်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင်၊ ဂျက်ဆင်​ခရိုင်သို့​ခရီး​သွားခဲ့​လေပြီး၊ မြေနှင့် ဗိမာန်တော်​နေရာ​ဆက်ကပ်​ဖွင့်လှစ်ခြင်းတွင် ပါဝင်ခဲ့သည့် အသင်း​လူကြီးတို့သည် မည့်သည့်​အရာကို ပြုရမည့်​အကြောင်း သိခြင်းငှာ တောင်းဆိုခဲ့ကြ၏။

၁–၉၊ အသင်း​လူကြီးတို့သည် ဆိုးညစ်သော​ပရိတ်သတ်၌ ဧဝံဂေလိ​တရားတော်ကို ဟောပြောကြ​ရမည်။ ၁၀–၁၄၊ သူတို့သည် မိမိတို့​အချိန်ကို မဖြုန်းရ၊ မိမိတို့​ဥစ္စာကိုလည်း မြေ​မမြှုပ်ရ။ ၁၅–၁၇၊ သူတို့သည် ဧဝံဂေလိ​တရားတော်ကို ငြင်းပယ်​ကြသောသူများ တစ်ဖက်၌ သက်သေ​ခံချက်​အဖြစ် မိမိတို့​ခြေကို ဆေးနိုင်​ကြ၏။

ရှုလော့၊ လာခဲ့သည့်​မြေမှ အလျင်​အမြန်​ပြန်လာ​ရမည့် သူများ​တည်းဟူသော မိမိ​အသင်းတော်မှ အသင်း​လူကြီးတို့ကို ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား၊ ရှုလော့၊ ဤနေရာသို့ သင်တို့​တက်လာကြ​လေခြင်းက ငါ့ကို နှစ်သက်​စေပြီ။

သို့ရာတွင်၊ အချို့သော​သူတို့ကို ငါ​အလွန်​မနှစ်သက်၊ အကြောင်းမူကား၊ သူတို့သည် လူကို ကြောက်ရွံ့ခြင်းကြောင့်၊ မိမိတို့​နှုတ်ကို မဖွင့်ကြဘဲ၊ သူတို့ကို ငါ​ပေးထား​လေသည့် ဥစ္စာကို ဝှက်ထား​ကြ၏။ ထိုကဲ့သို့သော​သူတို့သည် အမင်္ဂလာ​ရှိကြ၏၊ အကြောင်းမူကား၊ ငါသည် သူတို့ကို အမျက်​ထွက်၏။

ဤသို့​အားဖြင့် အချိန်တန်​လာလတ္တံ့သော​အခါ၊ သူတို့သည် ငါ့အပေါ် ပို၍​သစ္စာ​မရှိ​လျှင်၊ သူတို့မှာ​ရှိသည့်​အရာကိုပင် သိမ်းယူ​သွားလိမ့်မည်။

အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် အထက်​ကောင်းကင်၌၊ ထို့အတူ မြေကြီး​ပေါ်ရှိ​တပ်များ၌၊ အုပ်စိုး​တော်မူ၏။ ငါ၏​ရတနာများကို ငါ​စုဆောင်းသော​နေ့၌လည်း၊ ဘုရားသခင်၏​တန်ခိုးတော်ကို ပြသည့်​အရာကို လူသား​အပေါင်းတို့ သိကြ​လိမ့်မည်။

သို့ရာတွင်၊ သင်တို့​လာခဲ့သည့်​မြေသို့ သင်တို့၏​ခရီးနှင့်​စပ်လျဉ်း၍၊ သင်တို့ကို ငါ​အမှန်​ဆိုမည်။ သင်တို့​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း ရေယာဉ်​တစ်စီးကို တည်ဆောက်​စေလော့၊ သို့မဟုတ် ဝယ်ယူ​စေလော့၊ ငါ့အဖို့ အရေး​မကြီး၊ စိန့်လူးဝစ်ဟု​ခေါ်သော​အရပ်သို့ အလျင်​အမြန်​ခရီးသွားလော့။

ငါ့ကျွန်များ​ဖြစ်သည့် ဆစ်ဒနီ​ရစ်ဂဒွန်၊ ဂျိုးဇက်​စမစ်​အငယ်နှင့် အော်လီဗာ​ကောင်ဒရီတို့ကို ထိုနေရာမှ​နေ၍၊ စင်စင်နတ်တီသို့ ခရီးသွား​စေလော့။

ဤအရပ်၌ သူတို့ကြွေးကြော်စေပြီး၊ ငါ၏​နှုတ်ကပတ်တော်ကို ကျယ်သော​အသံနှင့်၊ အမျက်​ထွက်ခြင်း သို့မဟုတ် ယုံမှား​သံသယ​ဖြစ်ခြင်း​မရှိဘဲ၊ သန့်ရှင်းသော​လက်ကို သူတို့​အပေါ်မှာ​ချီလျက် ဟောကြား​စေလော့။ အကြောင်းမူကား၊ ငါသည် သင်တို့ကို သန့်ရှင်းစေဖို့ တတ်နိုင်​တော်မူ၏၊ သင်တို့၏​အပြစ်များ​ကိုလည်း ခွင့်လွှတ်၏။

ကျန်ကြွင်းသော​သူတို့အား စိန့်လူးဝစ်မှ​နေ၍၊ နှစ်ဦးချင်းစီ​ခရီးသွား​စေလော့၊ သူတို့​လာခဲ့ရာ အသင်းတော်များသို့ ပြန်လာသည့်​အချိန်​အထိ ဆိုးညစ်သော​ပရိတ်သတ်တို့၌ နှုတ်ကပတ်တော်ကို ဟောပြော​စေလော့၊ အလျင်​အမြန်​မပြုရ။

ခပ်သိမ်းသော​ဤအရာတို့သည်ကား၊ အသင်းတော်တို့၏​အကျိုး​အတွက်​ပေတည်း။ အကြောင်းမူကား၊ ဤ​ရည်ရွယ်ချက်ကြောင့်၊ သူတို့ကို ငါ​စေလွှတ်​တော်မူ​လေပြီ။

၁၀ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျအား သူ့ကို ငါ​ပေးထား​လေသည့် ငွေမှ၊ တစ်စိတ်​တစ်ပိုင်းကို၊ ပြန်လာဖို့​မိန့်မှာခံထားရသည့် ငါ၏​အသင်း​လူကြီးတို့အား မျှ၍​ပေးစေလော့။

၁၁ တတ်နိုင်သော​သူအား၊ ကိုယ်စားလှယ်​အားဖြင့် ပြန်ပေး​စေလော့။ မတတ်နိုင်သော​သူမှာ ပြန်ပေးဖို့ မလိုအပ်။

၁၂ ယခုမူကား၊ ဤမြေသို့​လာကြမည့် ကျန်ကြွင်းသော​သူတို့​အကြောင်းကို ငါမိန့်တော်မူ၏။

၁၃ ရှုလော့၊ သူတို့သည် ဆိုးညစ်သော​ပရိတ်သတ်တို့၌ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောစေဖို့ စေလွှတ်ခံရလေပြီ။ သို့ဖြစ်၍၊ သူတို့အား ပညတ်တော်ကို ငါပေးသည်မှာ၊ သင်၏ အချိန်ကို သင်​မဖြုန်းရ၊ သင်၏ ဥစ္စာကိုလည်း မသိနိုင်​စေခြင်းငှာ မြေမမြှုပ်ရ။

၁၄ သင်သည် ဇိအုန်မြေသို့ တက်လာ​လေပြီး၊ ငါ၏​နှုတ်ကပတ်တော်ကို ကြေညာ​လေပြီးနောက်၊ အလျင်​အမြန်​ပြန်လာ​ရမည်၊ ဆိုးညစ်သော​ပရိတ်သတ်တို့၌ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြောလျက်​နေလော့၊ အလျင်​အမြန်​မပြုရ၊ အမျက်​ထွက်ခြင်းနှင့် မပြုရ၊ ရန်တွေ့ခြင်းနှင့်လည်း မပြုရ။

၁၅ သင်တို့ကို လက်ခံခြင်း​မရှိသူတို့ တစ်ဖက်၌ သင်တို့​ခြေမှ​မြေမှုန့်ကို ခါလိုက်လော့၊ သူတို့ကို မနှိုးဆော်မည့်​အကြောင်း၊ သူတို့​မျက်မှောက်မှာ​မပြုရ၊ သို့ရာတွင်၊ လျှို့ဝှက်စွာ​ပြုလော့။ တရား​စီရင်​တော်မူရာ​နေ့၌ သူတို့​တစ်ဖက်မှာ သက်သေခံချက်​အဖြစ် သင်တို့​ခြေကို ဆေးလော့။

၁၆ ရှုလော့၊ ဤအရာသည် သင်တို့​အတွက် လုံလောက်​ပေ၏၊ သင်တို့ကို စေလွှတ်​တော်မူ​လေသည့်​သူ၏ အလိုတော်လည်း​ဖြစ်၏။

၁၇ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်၏ နှုတ်​အားဖြင့်၊ ဆစ်ဒနီ​ရစ်ဂဒွန်နှင့် အော်လီဗာ​ကောင်ဒရီတို့ အကြောင်းကို ဖော်ပြ​လိမ့်မည်။ ကျန်ကြွင်းသော​အရာကို နောင်ကာလမှ ဖော်ပြ​ဦးမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။