အပိုဒ်ငယ် ၅၁
၁၈၃၁ ခု၊ မေလ ၂၀ ရက်၊ သောင်ပဆင်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင်၊ အရှေ့ပိုင်းပြည်နယ်များမှ ရွှေ့ပြောင်းလာကြသည့် သန့်ရှင်းသူများသည် အိုဟိုင်းရို၌ ရောက်စပြုခဲ့ကြ၍၊ သူတို့အခြေချခြင်းအတွက် တိကျသောအစီအစဉ်များ ချမှတ်ဖို့ လိုအပ်လာခဲ့၏။ ဤသို့ဆောင်ရွက်ရာအမှုမှာ၊ အထူးသဖြင့် သင်းအုပ်၏ အမှုအရာအောက်၌ ရှိ၏။သင်းအုပ်အက်ဒဝါ့ပါ့ထရစ်ဂ်ျသည် ထိုကိစ္စနှင့်စပ်လျဉ်း၍ သွန်သင်ချက်ကို ရှာခဲ့ရာ၊ ပရောဖက်က ကိုယ်တော်ရှင်ထံသို့ မေးလျှောက်ခဲ့၏။
၁–၈၊ အက်ဒဝါ့ပါ့ထရစ်ဂ်ျသည် တာဝန်ခံအရာနှင့် ဥစ္စာပစ္စည်းများကို အုပ်ချုပ်ဖို့ ခန့်အပ်ခံရ၏။ ၉–၁၂၊ သန့်ရှင်းသူတို့သည် ရိုးသားစွာဆက်ဆံပြီး၊ အညီအမျှ လက်ခံရရှိကြရမည်။ ၁၃–၁၅၊ သူတို့၌ သင်းအုပ်၏ဘဏ္ဍာတိုက်ရှိရမည်ဖြစ်ပြီး၊ ဥစ္စာပစ္စည်းများကို ကိုယ်တော်ရှင်၏ဥပဒေအတိုင်း စီမံရမည်။ ၁၆–၂၀၊ အိုဟိုင်းရိုသည် ယာယီစုဝေးရာနေရာဖြစ်ရလိမ့်မည်။
၁ ငါ့ကို စေ့စေ့နားထောင်လော့၊ သင်၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်တော်မူ၏၊ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျကိုလည်း ငါဟောပြော၍၊ သူ့အား လမ်းညွှန်ချက်များ ပေးတော်မူမည်။ အကြောင်းမူကား၊ ဤလူတို့အား အဘယ်သို့စီမံရမည့်အကြောင်း၊ လမ်းညွှန်ချက်များကို သူရရှိဖို့ လိုအပ်၏။
၂ အကြောင်းမူကား၊ သူတို့သည် ငါ၏ဥပဒေများအတိုင်း စီမံခံရဖို့ လိုအပ်၏။ သို့မဟုတ်လျှင်၊ ပယ်ရှင်းခံကြရလိမ့်မည်။
၃ သို့ဖြစ်၍၊ ငါအလွန်နှစ်သက်တော်မူရာငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျ၊ ထို့အတူ၊ သူရွေးကောက်လေသည့်သူတို့အား ဤလူတို့ကို ဝေစုများ ပေးအပ်စေ၍ လူတိုင်းကိုယ့်မိသားစုအလိုက်၊ ကိုယ့်အခြေအနေ၊ ကိုယ့်အလိုရှိသောအရာများနှင့် လိုအပ်ချက်များအလိုက် အညီအမျှရှိစေလော့။
၄ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျအား၊ လူတစ်ယောက်ကို ဝေစု ပေးအပ်သောအခါ၌၊ ထိုသူအဖို့ မိမိဝေစုကို၊ အာမခံဖြစ်စေမည့်စာကို ပေးစေလော့၊ ထိုသူလွန်ကျူး၍၊ အသင်းတော်၏ ဥပဒေများနှင့် ပဋိညာဉ်များအတိုင်း၊ အသင်းတော်၏မဲဆန္ဒအားဖြင့် အသင်းတော်နှင့် ဆိုင်သောသူဖြစ်ထိုက်သည်ဟု မှတ်ယူခြင်းမခံရသည့်အချိန်အထိ အသင်းတော်၌ ဤအခွင့်အရေးနှင့် နေထိုင်ရာအရပ်ကိုပင် ထိုသူပိုင်ဆိုင်ရမည့်အကြောင်းပေတည်း။
၅ ထိုသူသည် လွန်ကျူး၍၊ အသင်းတော်နှင့် ဆိုင်သောသူဖြစ်ထိုက်သည်ဟု မှတ်ယူခြင်း မခံရလျှင်၊ ငါ့အသင်းတော်ရှိ ဆင်းရဲသားများနှင့် ချို့တဲ့သောသူများအတွက် သင်းအုပ်သို့ ထိုသူ ဆက်ကပ်ခဲ့လေသည့် ဝေစုကို တောင်းဆိုရန် အခွင့်မရှိရ။ ထို့ကြောင့်၊ သူသည် ဆုကျေးဇူးကို မပိုင်ရဘဲ၊ သူ့အဖို့ စာချုပ်ဖြင့်ပေးထားသည့် ဝေစုကိုသာ တောင်းဆိုခွင့်ရှိလိမ့်မည်။
၆ ထိုကဲ့သို့အားဖြင့်၊ ခပ်သိမ်းသောအရာတို့ကို ပြည်၏ဥပဒေများအတိုင်း ဧကန်အမှန် ဖြစ်စေလိမ့်မည်။
၇ ဤလူတို့ ပိုင်သောအရာကို ဤလူတို့ထံ ပေးအပ်စေလော့။
၈ ဤလူတို့အဖို့ ကျန်ရှိသည့်ငွေကို—ဤလူတို့အလိုရှိသည့်အတိုင်း စားစရာနှင့် အဝတ်ကို ထောက်ပံ့ရန် ငွေကို လက်ခံဖို့ ဤလူတို့အတွက် ခန့်အပ်ထားသည့် ကိုယ်စားလှယ်တစ်ဦး ရှိစေလော့။
၉ လူတိုင်း ရိုးသားစွာဆက်ဆံကြစေလော့၊ ဤလူတို့၌ အညီအမျှဖြစ်စေလော့၊ အညီအမျှ လက်ခံရရှိကြစေလော့၊ သင်တို့ကို ငါမိန့်တော်မူလေသည့်အတိုင်းပင်၊ သင်တို့တစ်လုံးတစ်ဝတည်း ဖြစ်နိုင်စေကြောင်းပေတည်း။
၁၀ ဤလူတို့ပိုင်သည့်အရာကို တခြားအသင်းတော်သို့ ယူ၍မပေးစေနှင့်။
၁၁ သို့ဖြစ်၍၊ တခြားအသင်းတော်သည် ဤအသင်းတော်မှငွေကို အလိုရှိလျှင်၊ သူတို့သဘောတူသည့်အတိုင်း ဤအသင်းတော်သို့ တစ်ဖန်ပြန်ပေးစေလော့။
၁၂ အသင်းတော်၏မဲဆန္ဒအားဖြင့် ခန့်အပ်ခံရမည့် သင်းအုပ် သို့မဟုတ် ကိုယ်စားလှယ်အားဖြင့် ဤအမှုကို ပြုကြရမည်။
၁၃ ထိုမှတစ်ဖန်၊ သင်းအုပ်အား ဤအသင်းတော်အဖို့ ဘဏ္ဍာတိုက်ကို ဆောက်စေလော့။ ငွေအရာ၌လည်းကောင်း၊ စားစရာအရာ၌လည်းကောင်း၊ ဤလူတို့အလိုရှိသည့် လိုအပ်ချက်ထက်ပိုသည့် အရာမှန်သမျှကို သင်းအုပ်၏လက်၌ သိမ်းထားစေလော့။
၁၄ ဤအမှုအရေးကို ဆောင်ရွက်ခြင်း၌ သူခန့်ထားခံရမည်ဖြစ်၍ သူကိုယ်တိုင်၏ အလိုရှိရာအတွက်ကို သော်လည်းကောင်း၊ သူ့မိသားစု၏အလိုရှိရာအတွက်ကို သော်လည်းကောင်း သိမ်းထားစေလော့။
၁၅ ထိုကဲ့သို့အားဖြင့်၊ ငါ၏ဥပဒေများအတိုင်း သူတို့ကိုယ်သူတို့ စီမံခြင်းအထူးအခွင့်အရေးကို ဤလူတို့အား ငါပေး၏။
၁၆ သူတို့အဖို့ ဤမြေကို ငါခဏရည်စူးတော်မူ၏၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့အတွက် ပေးသနားတော်မူ၏၊ တစ်နည်းအားဖြင့်၊ ဤအရပ်မှ ထွက်သွားဖို့ မိန့်တော်မူသည့်အချိန်အထိဖြစ်၏။
၁၇ အချိန်နာရီနှင့်နေ့ကို သူတို့အား ဖော်ပြမထားပေ၊ သို့ဖြစ်၍၊ သူတို့ကို ဤမြေပေါ်၌ နှစ်ပေါင်းများစွာ နေကြရမည့်ပမာ ရှိစေလော့၊ ဤအမှုသည် သူတို့အကျိုးအတွက် ဖြစ်လာလိမ့်မည်။
၁၈ ရှုလော့၊ ဤအမှုသည် ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျအဖို့၊ အခြားနေရာများ၌၊ ခပ်သိမ်းသောအသင်းတော်များ၌ ပုံသက်သေဖြစ်လိမ့်မည်။
၁၉ သစ္စာရှိသောသူ၊ ဖြောင့်မတ်သောသူနှင့် ဉာဏ်ပညာရှိသောတာဝန်ခံအဖြစ် တွေ့ရသူမှန်သမျှသည် မိမိကိုယ်တော်ရှင်၏ ဝမ်းမြောက်ခြင်းထဲသို့ ဝင်ရလိမ့်မည်၊ ထာဝရအသက်ကိုလည်း အမွေခံရလိမ့်မည်။
၂၀ သင်တို့ကို၊ ငါအမှန်ဆိုသည်ကား၊ ငါသည် ယေရှုခရစ်တော်၊ သင်တို့ထင်မှတ်ခြင်းမရှိသည့် နာရီ၌ လျင်မြန်စွာ ကြွလာမည့်သူဖြစ်၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။