ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၄


အပိုဒ်ငယ် ၁၄

၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ဒေးဗစ်​ဝှစ်တမာသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဝှစ်တမာ​မိသားစုသည် မော်မုန်ကျမ်း​ဘာသာပြန်ခြင်းကို ကြီးစွာ​စိတ်ဝင်စား​လာခဲ့​လေ၏။ ပရောဖက်သည် ဘာသာပြန်ခြင်း​အမှု ပြီးစီးဖို့​ဆောင်ရွက်ပြီး၊ ထွက်လာမည့်​ကျမ်း၏ စာမူ မူပိုင်ခွင့် ရရှိ​လေသည်​အထိ သူနေထိုင်ရာ ပီတာ​ဝှစ်တမာ​အငယ်၏​အိမ်တွင်၊ သူ၏​နေအိမ်​အဖြစ်​ပြု၍​နေခဲ့၏။ ဝှစ်တမာသား​သုံးဦးသည် အမှုတော်၏​အစစ်​အမှန်​ဖြစ်ခြင်းနှင့်​စပ်လျဉ်း၍၊ အယောက်တိုင်း သက်သေခံချက်​ရရှိလျက်၊ သူတို့​တစ်ဦးချင်းစီ၏​တာဝန် အကြောင်း​ကိစ္စ​အပေါ် လေးနက်စွာ​အလေးထားလာ​ခဲ့ကြ၏။ ဥရိမ်နှင့် သုမိမ်တို့​အားဖြင့် မေးလျှောက်ခြင်း၏​အဖြေ​အဖြစ် ဤဗျာဒိတ်တော်နှင့် နောက်ပါ (အပိုဒ်ငယ် ၁၅ နှင့် ၁၆) တို့ကို ပေးတော်မူ​ခဲ့လေ၏။ ဒေးဗစ်​ဝှစ်တမာသည် နောက်ပိုင်းတွင် မော်မုန်ကျမ်း​အကြောင်း သက်သေ​သုံးဦးထဲမှ တစ်ဦး​ဖြစ်လာခဲ့၏။

၁–၆၊ စပျစ်ဥယျာဉ်၌ အလုပ်​လုပ်ကြသော​သူတို့သည် ကယ်တင်ခြင်းကို ရရှိကြ​လိမ့်မည်။ ၇–၈၊ ဘုရားသခင်၏​ဆုကျေးဇူးများ​ထဲတွင် ထာဝရ​အသက်သည် အကြီးမြတ်ဆုံး​ဖြစ်၏။ ၉–၁၁၊ ခရစ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။

ကြီးမြတ်ပြီး၊ အံ့ဩဖွယ်​ကောင်းသော​အမှုသည် လူသားများသို့ ရောက်လာလု​နီးပေပြီ။

ရှုလော့၊ ငါသည် ဘုရားသခင်​ဖြစ်၏။ ရှင်သန်၍ တန်ခိုးကြီးသော၊ အရိုးအဆစ်နှင့် ခြင်ဆီ​နှစ်ခုစလုံးကို အစိတ်စိတ်​ကွဲစေသည့် နှစ်ဖက်သွားဓားထက် သာ၍​ထက်သော ငါ၏​နှုတ်ကပတ်တော်ကို ပမာဏပြုလော့။ ထို့ကြောင့် ငါ၏​နှုတ်ကပတ်တော်ကို ပမာဏပြုလော့။

ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်​ရှိနှင့်​လေပြီ။ ထိုကြောင့်၊ ရိတ်သိမ်းလိုသူ​မှန်သမျှအား၊ မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်၊ ရမ်းစေပြီး၊ အချိန်ရှိစဉ် ရိတ်စေလော့။ သူ၏​စိတ်ဝိညာဉ်​အတွက်၊ ဘုရားသခင်၏​နိုင်ငံတော်၌ ထာဝရ​တည်မြဲသော​ကယ်တင်ခြင်းကို ထိုသူ​အမြတ်တနိုး​သိမ်းဆည်းထားနိုင်​စေကြောင်း​ပင်တည်း။

ထိုမှတစ်ပါး၊ မိမိတံစဉ်ကို ရမ်း၍ ရိတ်မည့်သူ​မှန်သမျှသည် ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို ခံရ၏။

ထို့ကြောင့်၊ သင်သည် ငါ့ထံမှ တောင်းလျှင်၊ ရလိမ့်မည်။ သင်ခေါက်လျှင် သင့်အဖို့ ဖွင့်ပေး​လိမ့်မည်။

ငါ၏ဇိအုန်ကို​ထူထောင်ပြီး၊ တည်ဆောက်ဖို့ ကြိုးစားလော့။ ခပ်သိမ်းသောအရာတို့၌ ငါ၏​ပညတ်တော်များကို စောင့်ထိန်းလော့။

သင်သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်းပြီး အဆုံးတိုင်အောင်​တည်ကြည်လျှင်၊ ဘုရားသခင်၏​ဆုကျေးဇူးအပေါင်းတို့​အထဲတွင် အကြီးမြတ်ဆုံး​ဆုကျေးဇူး​ဖြစ်သည့် ထာဝရ​အသက်ကို ရရှိ​လိမ့်မည်။

ဤသို့​အားဖြင့် အချိန်တန်​လာလတ္တံ့​သောအခါ၊ သင်သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို ရရှိ​လိမ့်မည်ဟု ယုံကြည်လျက်၊ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ယုံကြည်ခြင်းဖြင့်၊ တောင်းလျှင်၊ သင် ကြားရ၊ မြင်ရမည့်​အရာများနှင့်​စပ်လျဉ်း၍ သက်သေ​တစ်ဦး​အဖြစ် ရှိနိုင်​စေကြောင်း၊ ထို့အတူ၊ ဤမျိုးဆက်သို့ နောင်တရခြင်းကို ဟောကြား​နိုင်စေကြောင်း၊ ဟောပြောခြင်း​အခွင့်ကို ထိုဝိညာဉ်က​ပေး၏။

ရှုလော့၊ ငါသည် ယေရှု​ခရစ်တော်၊ အသက်ရှင်တော်မူသည့်​ဘုရားသခင်၏ သားတော်​ဖြစ်၏။ ကောင်းကင်းနှင့် မြေကြီးကို ဖန်ဆင်းတော်မူသောသူ​ဖြစ်ပြီး၊ မှောင်မိုက်၌ ကွယ်မထား​နိုင်သည့် အလင်း​ဖြစ်၏။

၁၀ သို့ဖြစ်၍၊ ငါသည် ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်အစုံကို တပါး​အမျိုးသားတို့ထံမှ ဣသရေလ​အမျိုးသားတို့ထံ ဆောင်ယူရမည်။

၁၁ ရှုဦးလော့၊ သင်သည် ဒေးဗစ်​ဖြစ်၏၊ ကူညီဖို့ ခေါ်သွင်းခံရ၏။ သင်သည် ထိုအမှုကို​ပြုလျက် သစ္စာ​ရှိလျှင်၊ ဝိညာဉ်​ပကတိနှင့် ဇာတိ​ပကတိ​နှစ်ခုစလုံး၌ ကောင်းချီးခံစားရ​လိမ့်မည်။ သင်၏​အကျိုးကျေးဇူးသည်လည်း ကြီးလိမ့်မည်။ အာမင်။