အပိုဒ်ငယ် ၈၅
၁၈၃၂ ခု၊ နိုဝင်ဘာ ၂၇၊ ကာ့တ်လန်းအိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအပိုဒ်ငယ်သည် အင်ဒီပန်းဒင့်၊ မစ်ဆိုရီ၌ နေထိုင်သည့် ဝီလျံဒဗလျူဖဲလပ်စ်ထံသို့ ပရောဖက်၏စာမှ ကောက်နုတ်ချက်ဖြစ်၏။ ဇိအုန်သို့ ရွှေ့ပြောင်းခဲ့လေသော်လည်း မိမိတို့ဥစ္စာပစ္စည်းများကို ဆက်ကပ်ရန်ပညတ်တော်ကို လိုက်မလျှောက်ကြ၊ ထို့ကြောင့် အသင်းတော်၌ တည်ထောင်ထားသော စနစ်အတိုင်း မိမိတို့အမွေခံရာကို မရရှိခဲ့လေသည့် သန့်ရှင်းသူတို့အကြောင်း မေးခွန်းများကို ထိုဗျာဒိတ်တော်က ဖြေကြား၏။
၁–၅၊ ဇိအုန်၌ အမွေခံရာတို့ကို ဆက်ကပ်ခြင်းအားဖြင့် လက်ခံရရှိရမည်။ ၆–၁၂၊ တန်ခိုးခွန်အားကြီးသောသူ တစ်ဦးက သန့်ရှင်းသူတို့အား ဇိအုန်၌ သူတို့၏ အမွေခံရာကို ပေးလိမ့်မည်။
၁ ကိုယ်တော်ရှင်ခန့်အပ်ထားလေသည့် သူ့စာရေး၏ တာဝန်မှာ၊ သမိုင်းတစ်ခု၊ ဇိအုန်၌ ဖြစ်ပျက်သည့် ခပ်သိမ်းသောအရာတို့အကြောင်း၊ ထို့အတူ ဥစ္စာပစ္စည်းဆက်ကပ်သူများ၊ အမွေခံရာကို သင်းအုပ်ထံမှ တရားဝင်လက်ခံရရှိသူခပ်သိမ်းတို့အကြောင်း အသင်းတော် အထွေထွေမှတ်တမ်းတစ်ခုကို ရေးရန်ဖြစ်၏။
၂ သူတို့၏ဘဝနေထိုင်ပုံ၊ သူတို့၏ ယုံကြည်ခြင်း၊ ထို့အတူ သူတို့၏ အကျင့်များအကြောင်းလည်း ပါဝင်၏။ မိမိတို့အမွေခံရာကို ရရှိပြီးနောက် ဖောက်ပြန်သင်းကွဲသော ဖောက်ပြန်သင်းကွဲသူတို့အကြောင်းလည်း ပါဝင်၏။
၃ ဒဏ်စီရင်ခြင်းနှင့် လောင်မြိုက်ခြင်းကာလအတွက် ဘုရားသခင်က မိမိလူမျိုးတို့ကို ပြင်ဆင်စေရန် သူတို့အား ဆယ်ဖို့တစ်ဖို့ကို သူခွဲနိုင်ခြင်းငှာ သူပေးထားလေသည့် ဥပဒေအတိုင်း ဆက်ကပ်ကြခြင်းအားဖြင့် မိမိတို့ အမွေခံရာကို ရရှိခြင်း မရှိသောသူတို့အား သူတို့၏အမည်များကို ဘုရားသခင်၏လူမျိုးတို့နှင့်အတူ အမည်စာရင်းသွင်းခြင်းသည် ဘုရားသခင်၏အလိုတော်နှင့် ပညတ်တော်တို့နှင့် ဆန့်ကျင်ရာရောက်၏။
၄ သူတို့၏ ဆွေစဉ်မျိုးဆက်စာရင်းကိုလည်း မရေးရ၊ သို့မဟုတ် တွေ့ရှိနိုင်ရာ မှတ်တမ်းများထဲမှ အဘယ်တစ်ခု၌မျှ သို့မဟုတ် အသင်းတော်သမိုင်း၌ မရှိစေရ။
၅ သူတို့၏အမည်များကို လည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အမည်များကို လည်းကောင်း၊ သားမြေးတို့၏အမည်များကိုလည်းကောင်း ဘုရားသခင်၏ပညတ်တရားကျမ်း၌ ရေးထားသည်ကို မတွေ့စေရဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင် မိန့်တော်မူ၏။
၆ ထိုမှတစ်ပါး၊ ခပ်သိမ်းသောအရာတို့ကို ဖြတ်၍ ထိုးဖောက်ပြီး အသံသေးနှင့် တိုးတိုးပြောသည့်၊ ထို့အတူ ထင်ရှားစွာပြစဉ်၌ ငါ၏အရိုးတို့ကို အကြိမ်ကြိမ်ထိုးဖောက်၍ တုန်လှုပ်စေသည့် ဖြည်းညှင်းသောအသံက ဆိုလေသည်ကား၊
၇ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ တန်ခိုးတော်ရာဇလှံတံကို လက်ထဲ၌ ကိုင်ထားသည့်၊ အဝတ်တန်ဆာအဖြစ် အလင်းကို ဝတ်ထားသည့်၊ တန်ခိုးခွန်အားကြီးသောသူတစ်ဦးကို စေလွှတ်တော်မူမည်၊ ထိုသူ၏နှုတ်မှ နှုတ်ကပတ်တော်၊ ထာဝရနှုတ်ကပတ်တော်ကို ဟောပြောလိမ့်မည်။ ထိုမှတစ်ပါး၊ သူ၏ဝမ်းသည် သမ္မာတရားစမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဘုရားသခင်၏ အိမ်တော်ကို အစီအစဉ်တကျရှိစေခြင်းငှာ၊ ထို့အတူ ဘုရားသခင်၏ပညတ်တရားကျမ်း၌ အမည်စာရင်းသွင်းထား၍၊ အမည်တွေ့ရသော သန့်ရှင်းသူတို့၏၊ ထို့အတူ အမည်တွေ့ရသောသူတို့ဘိုးဘေးတို့၏၊ ထို့အတူ သူတို့သားမြေးတို့၏ အမွေခံရာတို့ကို စာရေးတံမဲဖြင့် စီစဉ်စေခြင်းငှာပေတည်း။
၈ သို့ရာတွင်၊ ဘုရားသခင်ခေါ်သွင်းတော်မူပြီး ခန့်အပ်ထားခံရသည့် ထိုလူ၊ ဘုရားသခင်၏သေတ္တာကို မြဲမြံစေရန် မိမိလက်ကို ထုတ်သောသူသည် အရောင်တောက်သည့် မိုးကြိုးသွားထိမှန်ခံရသော သစ်ပင်ကဲ့သို့ သေခြင်းမြားတံအားဖြင့် လဲကျလိမ့်မည်။
၉ အောက်မေ့ဖွယ်ရာစာအုပ်၌ ရေးထားသည်ကို မတွေ့ရသောသူအပေါင်းတို့သည် ထိုကာလ၌ မည်သည့်အမွေခံရာကိုမျှ မတွေ့ရလတ္တံ့၊ သူတို့၏ဝေစုသည်ကား မယုံကြည်သူတို့ကြား၌ ခန့်အပ်ထားခံရခြင်းဖြစ်လိမ့်မည်၊ ထိုအရပ်၌ မြည်တမ်းခြင်းနှင့် အံသွားခဲကြိတ်ခြင်းတို့ရှိ၏။
၁၀ ဤအရာတို့ကို ငါသည် ကိုယ်အလိုအလျောက်ပြောခြင်းမဟုတ်။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် မြွက်ဆိုတော်မူလေသည့်အတိုင်း၊ ပြီးပြည့်စုံစေတော်မူလိမ့်မည်။
၁၁ ပညတ်တရားကျမ်း၌ အမည်များရေးထားသည်ကိုမတွေ့ရသောသူများ၊ သို့မဟုတ် ဖောက်ပြန်သင်းကွဲသွားလေရာ၊ သို့မဟုတ် အသင်းတော်မှ ပယ်ရှင်းခံထားခံရလေရာ၌ တွေ့ရသောသူများဖြစ်သည့် ယဇ်ပုရောဟိတ်မင်းအခွင့်ကိုင်ဆောင်ထားသူများသည် သာ၍ငယ်သောယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်ထားသူများ၊ သို့မဟုတ် အသင်းသားများ နည်းတူ ထိုနေ့၌ အမြင့်ဆုံးသောဘုရား၏သန့်ရှင်းသူတို့ကြား၌ အမွေခံရာကို မတွေ့ရကြလတ္တံ့။
၁၂ ထို့ကြောင့်၊ ယဇ်ပုရောဟိတ်၏သားမြေးတို့ဆီကို ကဲ့သို့ပင် ထိုသူတို့ထံဖြစ်ရလိမ့်မည်၊ ဧဇရမှတ်စာ ဒုတိယအခန်းကြီး၊ အခန်းငယ် ခြောက်ဆယ့်တစ်နှင့် နှစ်တို့၌ မှတ်တမ်းတင်ထားသည့်အတိုင်း တွေ့ရလိမ့်မည်။