ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၄


အပိုဒ်ငယ် ၇၄

၁၈၃၀ ခုတွင်၊ ဝိန်းခရိုင်၊ နယူးယောက်၌၊ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အသင်းတော်​ဖွဲ့စည်းခြင်း မတိုင်မီ​ကပင်၊ သင့်လျော်သော ဗတ္တိဇံ​နည်းနာ နိဿယ​အကြောင်း မေးခွန်းများ တိုးပွား​လာ၏၊ ထို​အကြောင်း​အရာနှင့် စပ်လျဉ်း၍ အဖြေများကို ရှာရန် ပရောဖက်ကို လမ်းညွှန်၏။ ဤဗျာဒိတ်တော်သည် ကလေးသူငယ်​ဗတ္တိဇံကို အပြစ်​ကင်းစေရန် အကြိမ်ကြိမ်​အသုံးပြု​လေသော ကျမ်းစာ​တစ်ခုဖြစ်သည့် ကောရိန္သုဩဝါဒစာမပဌမစောင် ၇း၁၄ အကြောင်း ရှင်းပြချက်​တစ်ခုဖြစ်သည်ဟု ဂျိုးဇက်​စမစ်၏​သမိုင်းက ဖော်ပြ၏။

၁–၅၊ ပေါလုသည် မိမိ​နေ့ရက်က​အသင်းတော်အား မောရှေ၏​ပညတ်တရားကို မစောင့်ထိန်းဖို့ အကြံ​ပေး၏။ ၆–၇၊ ကလေးသူငယ်တို့သည် သန့်ရှင်းကြပြီး၊ အပြစ်​ဖြေခြင်း​မင်္ဂလာ​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေကြ၏။

အကြောင်း​မူကား၊ မယုံကြည်သော​ခင်ပွန်းသည် ဇနီး​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေ၏၊ မယုံကြည်သော​ဇနီးသည်လည်း ခင်ပွန်း​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေ၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးတို့သည် မစင်ကြယ်၊ သို့ရာတွင် ယခု၌ သူတို့သည် သန့်ရှင်းကြ၏။

ယခုတွင်၊ တမန်တော်တို့၏ နေ့ရက်များ၌ ယေရှု​ခရစ်တော်၏​ဧဝံဂေလိ​တရားတော်ကို ယုံကြည်ခြင်း​မရှိကြသည့် ခပ်သိမ်းသော​ယုဒလူမျိုးတို့၌ အရေဖျား​လှီးခြင်း​တရား ရှိလေ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အရေဖျား​လှီးခြင်း​တရားနှင့် စပ်လျဉ်း၍ လူတို့၌ ကြီးစွာသော ငြင်းခုံခြင်း ဖြစ်ပေါ်​လာ၏၊ အကြောင်း​မူကား၊ မယုံကြည်သော​ခင်ပွန်းသည် မိမိ​သားသမီးများကို အရေဖျားလှီး​ခံစေဖို့ အလို​ရှိပြီး ပြီးပြည့်စုံ​စေလေ​ပြီးသော တရား​ဖြစ်သည့် မောရှေ၏​ပညတ်တရားသို့ ဩဇာခံ​ဖြစ်လာ​ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သားသမီးတို့သည် မောရှေ၏​ပညတ်တရားကို ဩဇာခံလျက် ပြုစု​ပျိုးထောင်​ခံကြရ၍၊ သူတို့​အဘများ၏ နည်းဥပဒေသတို့ကို ပမာဏပြုကြ​သဖြင့် ယေရှု​ခရစ်တော်၏​ဧဝံဂေလိ​တရားတော်ကို ယုံကြည်ခြင်း​မရှိကြ၊ ထိုကဲ့သို့​အားဖြင့် သူတို့သည် မသန့်ရှင်းဘဲ​ဖြစ်လာကြ၏။

သို့ဖြစ်၍၊ ဤ​အကြောင်းရင်းကြောင့်၊ တမန်တော်သည် အသင်းတော်သို့ ကိုယ်တော်ရှင်​ထံမှ မဟုတ်ဘဲ၊ သူကိုယ်တိုင်​ထံမှ ပညတ်တော်ကို ပေးလျက် ရေးခဲ့​သည်ကား၊ ယုံကြည်သော​သူသည် မိမိတို့၌ မောရှေ၏​ပညတ်တရား မရပ်စဲလျှင်၊ မယုံကြည်သော​သူနှင့် မပေါင်းစည်း​ရမည့်​အကြောင်း၊

သူတို့၏​သားသမီးများ အရေဖျား​လှီးခြင်း​မရှိဘဲ​ဆက်၍ ရှိနိုင်ကြ​စေခြင်းငှာ၊ ကလေး​သူငယ်များ မသန့်ရှင်းဟု​ဆိုသည့် ထို​နည်းဥပဒေသ​ရပ်စဲ​သွားစေ​ခြင်းငှာ​ပေတည်း။ အကြောင်း​မူကား၊ ယုဒ​လူမျိုးတို့၌ ထို​နည်းဥပဒေသ​ရှိ၏။

သို့ရာတွင် ကလေးသူငယ်တို့သည် ယေရှု​ခရစ်တော်၏ အပြစ်​ဖြေခြင်း​မင်္ဂလာ​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေ၍၊ သန့်ရှင်း​ကြ၏။ ဤအရာ​သည်ကား၊ ကျမ်းစာ​ဆိုလိုသည့်​အရာ ဖြစ်၏။