ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၂


အပိုဒ်ငယ် ၆၂

၁၈၃၁ ခု၊ ဩဂုတ်လ ၁၃ ရက်၊ မစ်ဆိုရီမြစ်ကမ်း၊ ချာရီတန်၊ မစ်ဆိုရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤနေ့တွင်၊ အင်ဒီပန်းဒင့်မှ ကာ့တ်လန်းသို့ သွားနေကြသည့် ပရောဖက်နှင့် သူ့အဖွဲ့သည် ဇိအုန်မြေသို့​သွားနေကြသည့် အသင်း​လူကြီး​အသီးသီးကို တွေ့ခဲ့ကြ၏၊ ထို့အတူ၊ ဝမ်းမြောက်ဖွယ်​နှုတ်ဆက်ခြင်းများ​ပြီးလေပြီးနောက်၊ ဤဗျာဒိတ်တော်ကို လက်ခံ​ရရှိ​ခဲ့၏။

၁–၃၊ သက်သေခံချက်များကို ကောင်းကင်ဘုံ၌ မှတ်တမ်းတင်ထား၏။ ၄–၉၊ အသင်း​လူကြီးတို့သည် ဝေဖန်​ပိုင်းခြား​နိုင်စွမ်း​အတိုင်းနှင့် ဝိညာဉ်တော်​အားဖြင့် လမ်းညွှန်သည့်​အတိုင်း ခရီးသွား၍ ဟောပြော​ရမည်။

ရှုလော့၊ ထို့အတူ စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့၊ လူသား၏​အားနည်းချက်ကို​လည်းကောင်း၊ သွေးဆောင်​ဖြားယောင်း​ခံရသော​သူတို့အား အဘယ်သို့​မစ​ရမည်ကို​လည်းကောင်း သိတော်မူသည့်​သူတည်း ဟူသော သင်တို့၏​လျှောက်လဲသူ၊ ယေရှု​ခရစ်တော်ပင်​ဖြစ်သည့် သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

ဇိအုန်​မြေသို့ တက်​မသွား​လေသေးသည့်​သူတို့ကို ငါ​ကြည့်ရှုနေ​တော်မူ၏။ သို့ဖြစ်၍၊ သင်တို့၏​သာသနာပြုခြင်းသည် မပြီးပြည့်စုံသေး။

သို့သော်လည်း၊ သင်တို့သည် ကောင်းချီး​ခံစား​ရ၏၊ ကောင်းကင်တမန်များ ကြည့်ရှုရန်​အတွက်၊ သင်တို့​ခံလေသည့် သက်သေခံချက်ကို ကောင်းကင်ဘုံ၌ မှတ်တမ်းတင်​ထား၏။ သင်တို့နှင့်​စပ်လျဉ်း၍၊ သူတို့သည်လည်း ရွှင်လန်း​ဝမ်းမြောက်​ကြ၏၊ သင်တို့၏​အပြစ်များကိုလည်း ခွင့်လွှတ်၏။

ယခုမူကား၊ သင်တို့၏​ခရီးကို ဆက်ကြလော့။ ဇိအုန်​မြေ​ပေါ်၌ သင်တို့​ကိုယ်သင်တို့ စည်းဝေး​ကြလော့။ အစည်းအဝေး​တစ်ခု​ကျင်းပပြီး အတူတကွ​ရွှင်လန်း​ဝမ်းမြောက်​ကြလော့၊ အမြင့်ဆုံးသော​ဘုရားအား ပွဲတော်ကို ပူဇော်​ကြလော့။

ထို့နောက်တွင်၊ သင်တို့သည် သက်သေခံဖို့၊ အထူးသဖြင့်၊ အတူတကွပင်​ဖြစ်စေ၊ နှစ်ဦးချင်းစီ​ဖြစ်စေ၊ သင်တို့​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း ပြန်လာ​နိုင်ကြ​ပေ၏၊ ငါ့အဖို့​အရေး​မကြီး။ သစ္စာ​ရှိလျက်သာ​နေကြေလော့၊ မြေကြီး​ပေါ်မှာ နေထိုင်သူတို့အား သို့မဟုတ်၊ ဆိုးညစ်သော​ပရိတ်သတ်တို့၌၊ ဝမ်းသာ​စရာ​သတင်းကိုလည်း ဟောကြား​ကြလော့။

ရှုလော့၊ သင်တို့၌​ရှိသည့် သစ္စာ​ရှိသော​သူများ ကာကွယ်​စောင့်မ ခံရပြီး၊ မစ်ဆိုရီ​မြေ၌ အတူတကွ ရွှင်လန်း​ဝမ်းမြောက်ကြ​လိမ့်မည် ဟူသော ကတိတော်ကို ပြီးပြည့်စုံ​နိုင်စေ​ခြင်းငှာ၊ ငါ၊ ကိုယ်တော်ရှင်သည် သင်တို့ကို အတူတကွ ဆောင်ယူ​တော်မူ​လေပြီ။ သစ္စာ​ရှိသော​သူများကို ငါ၊ ကိုယ်တော်ရှင်​ကတိထား​တော်မူ၏၊ မုသား​မပြောနိုင်။

ငါ၊ ကိုယ်တော်ရှင်သည် လိုလို​လားလား​ရှိတော်မူ၏၊ သင်တို့၌ တစ်စုံ​တစ်ယောက်သော​သူသည် မြင်းပေါ်၌​ဖြစ်စေ၊ လားပေါ်၌​ဖြစ်စေ၊ မြင်းရထား​ထဲ၌​ဖြစ်စေ စီးလို၍၊ ကျေးဇူးတင်​တတ်သော​စိတ်နှလုံးနှင့် ကိုယ်တော်ရှင်၏​လက်တော်ထံမှ၊ လက်ခံ​ရရှိလျှင်၊ ထိုသူသည် ဤကောင်းချီးမင်္ဂလာကို လက်ခံ​ရရှိ​လိမ့်မည်။

ဝေဖန်​ပိုင်းခြား​နိုင်စွမ်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ချက်တို့​အတိုင်း ပြုစေဖို့ ဤအရာတို့သည် သင်တို့နှင့်​အတူ ဆက်၍​ရှိ၏။

ရှုလော့၊ နိုင်ငံတော်သည် သင်တို့​အရာ​ဖြစ်၏။ ရှုဦးလော့၊ ကြည့်ဦးလော့၊ ငါသည် သစ္စာ​ရှိသော​သူတို့နှင့်​အတူ အစဉ်​အမြဲ​ရှိတော်မူ၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။