အပိုဒ်ငယ် ၆၅
၁၈၃၁ ခု၊ အောက်တိုဘာ ၃၀ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍၊ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁–၂၊ ဘုရားသခင်၏နိုင်ငံတော်သော့များကို မြေကြီးပေါ်ရှိလူသားသို့ အပ်နှံ၏၊ ဧဝံဂေလိတရားတော်၏အကျိုး အောင်လိမ့်မည်။ ၃–၆၊ အနှစ်တစ်ထောင်ကောင်းကင်နိုင်ငံတော် ကျရောက်လာပြီး၊ မြေကြီးပေါ်တွင် ဘုရားသခင်၏နိုင်ငံတော်နှင့် ပူးပေါင်းလိမ့်မည်။
၁ စေ့စေ့နားထောင်ကြလော့၊ ကြည့်ဦးလော့၊ အထက်မှ ချလိုက်သည့် အသံရှိ၏၊ သူသည် အားကြီး၏၊ တန်ခိုးလည်းကြီး၏၊ သူ၏ထွက်တော်မူခြင်းသည် မြေကြီးစွန်းတိုင်အောင်ရောက်၏၊ ထိုမှတစ်ပါး၊ လူသားတို့ထံ ရောက်သည့် သူ၏အသံသည်ကား—သင်တို့ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ကြလော့၊ သူ၏လမ်းခရီးတော်တို့ကို ဖြောင့်စေကြလော့။
၂ ဘုရားသခင်၏နိုင်ငံတော်သော့များကို မြေကြီးပေါ်ရှိလူသားသို့ အပ်နှံ၏၊ ထိုနေရာမှနေ၍ ဧဝံဂေလိတရားတော်သည် မြေကြီးစွန်းတိုင်အောင် ပျံ့နှံ့လိမ့်မည်၊ တောင်ပေါ်မှ လက်ဖြင့်မထုမလုပ်သည့် ကျောက်တစ်လုံးသည် မြေကြီးတစ်ခုလုံးသို့ ပြည့်သည့်တိုင်အောင် ပျံ့နှံ့လိမ့်မည်။
၃ ထိုမှတစ်ပါး၊ အသံဟစ်ကြွေးသည်ကား—သင်တို့ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ကြလော့၊ သင်တို့သိုးသငယ်၏ညနေစာကို ပြင်ဆင်ကြလော့၊ မင်္ဂလာဆောင်လုလင်အတွက် အသင့်ပြင်ဆင်ကြလော့။
၄ ကိုယ်တော်ရှင်ထံသို့ ဆုတောင်းကြလော့၊ သူ၏သန့်ရှင်းသောနာမတော်အား ပတ္ထနာပြုကြလော့၊ သူ၏အံ့ဩဖွယ်အမှုတော်တို့ကို လူတို့၌ ဖော်ပြကြလော့။
၅ ကိုယ်တော်ရှင်အား ပတ္ထနာပြုကြလော့၊ မြေကြီးပေါ်မှာ သူ၏နိုင်ငံတော် ပျံ့နှံ့နိုင်စေပြီး၊ ထိုမြေကြီးမှာ နေထိုင်သောသူများလက်ခံရရှိနိုင်စေကြောင်းပေတည်း၊ မြေကြီးပေါ်မှာ တည်ဆောက်ထားသည့် ဘုရားသခင်၏နိုင်ငံတော်ကို တွေ့ခြင်းငှာ လူသားတော် မိမိဘုန်းတော်ရောင်ခြည်ကို ဝတ်ဆင်လျက်၊ ကောင်းကင်ဘုံမှ ဆင်းလာတော်မူမည့် ကာလတည်းဟူသော နောင်လာမည့်ကာလအတွက် ပြင်ကြလော့။
၆ သို့ဖြစ်၍၊ ကောင်းကင်နိုင်ငံတော် ကျရောက်လာနိုင်စေကြောင်း၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ ဘုန်းထင်ရှားတော်မူသကဲ့သို့ မြေကြီးပေါ်မှာ လည်းထိုသို့ရှိတော်မူပါစေကြောင်း၊ ကိုယ်တော်၏ရန်သူများကို အောင်စေကြောင်း၊ ဘုရားသခင်၏နိုင်ငံတော် ပျံ့နှံ့ပါစေသော်။ အကြောင်းမူကား၊ ကိုယ်တော်၏ ဂုဏ်အသရေတော်၊ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကာလအစဉ်အဆက်အမြဲရှိ၏။ အာမင်။