ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၄


အပိုဒ်ငယ် ၃၄

၁၈၃၀ ခု၊ နိုဝင်ဘာလ ၄ ရက်၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အော်ဆန်​ပရတ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ညီအစ်ကို​ပရတ်သည် ထိုအချိန်၌ အသက် ဆယ့်ကိုးနှစ်​ရှိ၏။ ပြန်လည်​ဆောင်ယူ​ထားသည့် ဧဝံဂေလိ​တရားတော်​အကြောင်း ဟောပြောခြင်းကို သူ၏​အစ်ကို ပါလီ ပီ ပရတ်​အားဖြင့် သူပထမဆုံး​ကြားနာရချိန် ဤဗျာဒိတ်တော်​မတိုင်မီ သီတင်းပတ်​ခြောက်ပတ်၌ ပြောင်းလဲပြီး ဗတ္တိဇံခံ၏။ ဤဗျာဒိတ်တော်ကို ပီတာ​ဝှစ်တမာ​အကြီး၏​နေအိမ်၌ လက်ခံ​ရရှိ​ခဲ့၏။

၁–၄၊ သစ္စာ​ရှိသော​သူတို့သည် အပြစ်​ဖြေခြင်း​မင်္ဂလာ​အားဖြင့် ဘုရားသခင်၏​သားများ​ဖြစ်လာကြ၏။ ၅–၉၊ ဧဝံဂေလိ​တရားတော်ကို ဟောပြောခြင်းသည် ဒုတိယ​အကြိမ်​ကြွလာတော်မူခြင်း​အတွက် လမ်းကို ပြင်ဆင်၏။ ၁၀–၁၂၊ ပရောဖက်ပြု​ဟောချက်သည် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဖြစ်လာ၏။

ငါ့သား​အော်ဆန်၊ ငါ၊ ကိုယ်တော်ရှင်​ဘုရားသခင်၊ အကယ်​စင်စစ်၊ သင်၏​ရွေးနုတ်ရှင်​ယေရှု​ခရစ်တော် မိန့်တော်မူမည့်​အရာကို စေ့စေ့နားထောင်၍၊ ကြားနာလျက်၊ သတိပြုလော့။

လောက၏​အလင်းနှင့် အသက်​ဖြစ်၏။ မှောင်မိုက်၌ တောက်ပသော အလင်းဖြစ်၍ မှောင်မိုက်သည် နားလည်ခြင်း​မရှိ။

လောကကို အလွန်​ချစ်တော်မူသောသူ​ဖြစ်၍ သူ့အသက်ကို ပေးတော်မူသည်မှာ၊ ယုံကြည်မည့်သူ​မှန်သမျှအား ဘုရားသခင်၏​သားများ​ဖြစ်လာကြ​စေခြင်းငှာ​ပေတည်း။ သို့ဖြစ်၍၊ သင်သည် ငါ့သား​ဖြစ်၏။

သင်သည် ယုံကြည်​လေသောကြောင့် မင်္ဂလာ​ရှိ၏။

ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြော​စေဖို့ ငါအားဖြင့် ခေါ်သွင်း​ခံရသောကြောင့်၊ သင်သည် သာ၍​မင်္ဂလာ​ရှိ၏—

တံပိုးသံ​ကဲ့သို့ ကြာကြာနှင့် ကျယ်ကျယ်​ကြွေးကြော်စေရန်၊ ထို့အတူ၊ သဘော​ကောက်၍ ဖောက်ပြန်သော​အမျိုးသို့ နောင်တရခြင်းကို ဟစ်ကြော်စေရန်၊ ကိုယ်တော်ရှင်၏​ဒုတိယ​အကြိမ်​ကြွလာတော်မူခြင်း​အတွက် သူ့လမ်းကို ပြင်ဆင်​စေရန်လည်း​ဖြစ်၏။

အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါသည် တန်ခိုးတော်​အရှိန်နှင့် ကြီးစွာသော​ဘုန်းတော်ကို ဆောင်လျက်၊ မိုးတိမ်ကို​စီးလျက် ကြွလာတော်မူမည့် အချိန်​ကာလသည် မကြာမြင့်မီ​ရောက်လု​နီးပေပြီ။

ငါကြွလာတော်မူသည့်​အချိန်သည် ကြီးစွာသောနေ့​ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ခပ်သိမ်းသော​လူမျိုးတို့ တုန်ကြ​လိမ့်မည်။

သို့ရာတွင်၊ ထိုကြီးစွာသောနေ့ ကျရောက်​မလာမီ၊ နေသည် မှောင်မိုက်​လာလိမ့်မည်။ လသည်လည်း သွေး​အဖြစ်သို့ ပြောင်း​လိမ့်မည်။ ကြယ်တို့သည်လည်း မိမိတို့​တောက်ပခြင်းကို ငြင်းပယ်​လိမ့်မည်။ အချို့ ကျဆင်း​လိမ့်မည်။ ကြီးစွာသော​ဖျက်ဆီးခြင်းသည်လည်း ဆိုးညစ်သော​သူများကို စောင့်နေ​လိမ့်မည်။

၁၀ သို့ဖြစ်၍၊ ကြွေးကြော်လော့၊ လျော့ခြင်း​မရှိနှင့်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူ​လေပြီ။ ထို့ကြောင့်၊ ပရောဖက်ပြု၍​ဟောလော့။ သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဖော်ပြတော်မူ​လိမ့်မည်။

၁၁ သင်သည် သစ္စာ​ရှိလျှင်၊ ရှုလော့၊ ငါသည် ကြွလာတော်မူသည်​အထိ သင်နှင့်​အတူ​ရှိတော်မူ၏—

၁၂ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါသည် အလျင်​အမြန်​လာမည်။ ငါသည် သင်၏​ကိုယ်တော်ရှင်နှင့် သင်၏​ရွေးနုတ်ရှင်​ဖြစ်၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။