ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၁


အပိုဒ်ငယ် ၈၁

၁၈၃၂ ခု၊ မတ် ၁၅၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံသည် ယဇ်ပုရောဟိတ်မင်း​အဖြစ်နှင့် ယဇ်ပုရောဟိတ်မင်း​အခွင့် ဥက္ကဋ္ဌအဖွဲ့ တိုင်ပင်ဖက်​အဖြစ် ခေါ်သွင်း​ခံရ၏။ ၁၈၃၂ ခု၊ မတ်လ၌ ဤဗျာဒိတ်တော်ကို လက်ခံ​ရရှိသော​အခါ၊ ဂျက်ဆီ​ဂေါက်ကို ဥက္ကဋ္ဌအဖွဲ့၌ ဂျိုးဇက်​စမစ်၏​တိုင်ပင်ဖက် အမှုအရာသို့ ခေါ်သွင်းကြောင်း သမိုင်း​ဆိုင်ရာ​မှတ်တမ်းများက ဖော်ပြ၏။ သို့သော်လည်း၊ ဤရာထူးနှင့် ကိုက်ညီသည့် ပုံစံ​အတိုင်း ဆက်၍​ထမ်းဆောင်ရန် သူ​ပျက်ကွက်သော​အခါ၊ နောက်ပိုင်းတွင်၊ ထိုတာဝန်ကို ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံသို့ လွှဲပြောင်း​ပေးခဲ့၏။ (၁၈၃၂ ခု၊ မတ်လ ရက်စွဲဖြင့်​ရှိသည့်) ဗျာဒိတ်တော်ကို ပထမ​ဥက္ကဋ္ဌဖွဲ့၏​ပုံမှန်​အဖွဲ့​အစည်း​ဆီသို့ အဆင့်​တစ်ဆင့်​အဖြစ်၊ အထူးသဖြင့်၊ ထိုအဖွဲ့၌ တိုင်ပင်ဖက်၏​အမှုအရာနှင့် ရာထူး​ဂုဏ်သိက္ခာ​အကြောင်း ရှင်းပြခြင်း​အဖြစ် မှတ်ယူ​ရမည်။ ညီအစ်ကို ဂေါက်သည် အချိန်အတန်ကြာ​အစေခံ​ခဲ့သော်လည်း ၁၈၃၂ ခုနှစ်၊ ဒီဇင်ဘာတွင် အသင်းတော်မှ ထုတ်ပစ်​ခံခဲ့ရ၏။ ညီအစ်ကို ဝီလျံသည် ၁၈၃၃ ခု၊ မတ် ၁၈ တွင် ထို​အမှုအရာသို့ ခန့်ထား​ခံခဲ့ရ၏။

၁–၂၊ နိုင်ငံတော်၏​သော့များကို ပထမ​ဥက္ကဋ္ဌအဖွဲ့မှ အစဉ်​အမြဲ​ကိုင်ဆောင်​ထား၏။ ၃–၇၊ ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံသည် မိမိ​အမှုတော်ဆောင်ခြင်း၌ သစ္စာ​ရှိလျှင်၊ သူသည် ထာဝရ​အသက်ကို ရရှိ​လိမ့်မည်။

သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံ၊ ဟောပြောသော​သူ၏ အသံ၊ သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို နားထောင်လော့၊ ငါ၏​အသင်းတော်၌ ယဇ်ပုရောဟိတ်မင်း​အဖြစ်နှင့်ပင်၊ ထို့အတူ ငါ့ကျွန်​ဂျိုးဇက်စမစ်​အငယ်​အဖို့ တိုင်ပင်ဖက်​အဖြစ် သင်​ခေါ်သွင်း​ခံရသည့် ခေါ်သွင်းခြင်းကိုလည်း စေ့စေ့နားထောင်လော့။

ယဇ်ပုရောဟိတ်မင်း​အခွင့် ဥက္ကဋ္ဌအဖွဲ့​အစဉ်​အမြဲ​ပိုင်သည့် နိုင်ငံတော်​သော့များကို သူ့အား ငါ​ပေးထား​လေပြီ။

ထို့ကြောင့်၊ ငါသည် သူ့ကို အသိ​အမှတ်​ပြုပြီး၊ ကောင်းချီး​ပေးတော်မူမည်၊ သင်သည် အကြံ​ပေးခြင်း၌၊ သင့်ကို ငါ​ခန့်အပ်​လေသည့် အမှု​အရာ၌၊ လောက​ရှေ့၌​လည်းကောင်း၊ မထင်ရှားသော​အရပ်၌​လည်းကောင်း အသံနှင့် သင်၏​စိတ်နှလုံးတွင် အစဉ်​အမြဲ​ဆုတောင်းခြင်း၌၊ ထို့အတူ အသက်ရှင်သော​သူတို့၏​နေရာနှင့် သင်၏​ညီအစ်ကိုတို့၌ ဧဝံဂေလိ​တရားတော်ကို ကြေညာရာ​အမှုတော်ဆောင်ခြင်း၌ သစ္စာ​ရှိသမျှ၊ သင့်ကိုလည်း ကောင်းချီး​ပေးတော်မူမည်။

ဤအရာတို့ကို ပြုခြင်းအားဖြင့် သင်သည် သင်၏​အပေါင်း​အဖော်များ​အဖို့ အကြီးဆုံး​ကောင်းမြတ်ခြင်းကို ပြုလိမ့်မည်၊ သင်၏​ကိုယ်တော်ရှင်​ဖြစ်သောသူ၏ ဘုန်းတော်ကိုလည်း ချီးမြှောက်​လိမ့်မည်။

သို့ဖြစ်၍၊ သစ္စာ​ရှိလော့၊ သင့်ကို ငါ​ခန့်အပ်ထား​လေသည့်​အမှုအရာကို ဆောင်ရွက်လော့။ အားနည်းသော​သူတို့ကို မစလော့၊ တွဲလွဲ​နေသော​လက်တို့ကို မြှောက်ပေးလော့၊ အားနည်းသော​ဒူးတို့ကို ခွန်းအား​ဖြည့်ပေး​လော့။

သင်သည် အဆုံး​တိုင်အောင် သစ္စာ​ရှိလျှင်၊ သေခြင်း​မရှိရာ​သရဖူကို၊ ထို့အတူ ငါ့အဘ၏​အိမ်၌ ငါ​ပြင်ဆင်ထား​လေသည့် နေစရာ​အခန်းများ၌ ထာဝရ​အသက်ကို ရလိမ့်မည်။

ရှုလော့၊ ကြည့်ဦးလော့၊ ဤအရာတို့သည် အာလဖနှင့် ဩမေဃ၊ ယေရှု​ခရစ်တော်ပင်​ဖြစ်သည့်သူ၏ နှုတ်ကပတ်တော်များ​ပေတည်း။ အာမင်။