ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၅


အပိုဒ်ငယ် ၁၅

၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ဂျွန်​ဝှစ်တမာသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော် (အပိုဒ်ငယ် ၁၄ ၏​ခေါင်းစဉ်တွင် ကြည့်ပါ)။ သတင်းစကားသည် အတွင်းကျပြီး၊ အထူး​စွဲမှတ်လေအောင် ကိုယ်ရေးကိုယ်တာ​ဖြစ်သောကြောင့်၊ ကိုယ်တော်ရှင်သည် ဂျွန်​ဝှစ်တမာနှင့် သူကိုယ်တိုင်​သာလျှင် သိရမည့်​အရာကို ပြောပြ၏။ ဂျွန်ဝှစ်တမာသည် နောက်ပိုင်းတွင် မော်မုန်ကျမ်း​အကြောင်း သက်သေရှစ်ဦး​ထဲမှ တစ်ဦး​ဖြစ်လာ​ခဲ့၏။

၁–၂၊ ကိုယ်တော်ရှင်၏​လက်ရုံးတော်သည် မြေကြီး​တစ်ခုလုံး​ပေါ်မှာ​ရှိ၏။ ၃–၆၊ ဧဝံဂေလိ​တရားတော်ကို ဟောပြောပြီး၊ လူတို့ကို ကယ်တင်ခြင်းသည် အထိုက်တန်ဆုံးသော​အရာ​ဖြစ်၏။

စေ့စေ့နားထောင်လော့၊ ငါ့ကျွန်​ဂျွန်၊ သင်၏​ကိုယ်တော်ရှင်နှင့် သင်၏​ရွေးနုတ်ရှင် ယေရှု​ခရစ်တော်၏​နှုတ်ကပတ်တော်တို့​ကိုလည်း လော့။

ရှုလော့၊ ငါသည် သင့်ကို ပြတ်သားစွာ​တန်ခိုးနှင့်​မြွက်ဆို၏။ အကြောင်းမူကား၊ ငါ၏​လက်ရုံးတော်သည် မြေကြီး​တစ်ခုလုံး​ပေါ်မှာ​ရှိ၏။

သင်နှင့်ငါ​နှစ်ဦးတည်း​မှတစ်ပါး အဘယ်​သူမျှ​မသိသည့်​အရာကို သင့်အား ငါပြောပြမည်—

အကြောင်းမူကား၊ သင့်အတွက် မည်သည့်​အရာ အထိုက်တန်ဆုံး​ဖြစ်မည်ကို သိရခြင်းငှာ သင်သည် ငါ့ထံ​အကြိမ်များစွာ တောင်းဆို​လေပြီ။

ရှုလော့၊ ဤအမှုကြောင့်၊ ထို့အတူ သင့်ကို ငါပေးတော်မူ​လေသည့် ငါ၏​နှုတ်ကပတ်တော်များကို ငါ၏​ပညတ်တော်များ​အတိုင်း ဟောပြောခြင်းကြောင့် သင်သည် မင်္ဂလာ​ရှိ၏။

ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သင့်အဖို့ အထိုက်တန်ဆုံး​ဖြစ်လိမ့်မည့်​အရာမှာ၊ သင်သည် လူတို့ကို ငါ့ထံသို့ ဆောင်ယူနိုင်ပြီး၊ ငါ့ခမည်းတော်၏​နိုင်ငံတော်၌ သူတို့နှင့်အတူ အနားယူ​နိုင်စေကြောင်း၊ ဤလူတို့အား နောင်တရခြင်းကို ဟောကြားစေခြင်းငှာ ဖြစ်လိမ့်မည်။ အာမင်။