အပိုဒ်ငယ် ၂၅
၁၈၃၀ ခု၊ ဇူလိုင်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော် (အပိုဒ်ငယ် ၂၄ ၏ခေါင်းစဉ်တွင် ကြည့်ပါ)။ ဤဗျာဒိတ်တော်သည် ပရောဖက်၏ဇနီး အီမာစမစ်သို့ ကိုယ်တော်ရှင်၏အလိုတော်ကို ထင်ရှားစွာပြ၏။
၁–၆၊ ရွေးကောက်ထားသောမိန်းမမြတ်၊ အီမာစမစ်သည် သူမ၏ခင်ပွန်းကို ကူညီဖို့နှင့် နှစ်သိမ့်စေဖို့ ခေါ်သွင်းခံရ၏။ ၇–၁၁၊ သူမသည် ကျမ်းစာများကို ရေးဖို့၊ ရှင်းပြဖို့နှင့် ဓမ္မသီချင်းများကို ရွေးချယ်ဖို့လည်း ခေါ်သွင်းခံရ၏။ ၁၂–၁၄၊ ဖြောင့်မတ်သောသူတို့၏သီချင်းသည် ကိုယ်တော်ရှင်ထံ ဆုတောင်းခြင်းဖြစ်၏။ ၁၅–၁၆၊ ဤဗျာဒိတ်တော်ရှိနာခံခြင်း အခြေခံဩဝါဒများသည် လူအားလုံးနှင့် သက်ဆိုင်၏။
၁ အီမာစမစ်၊ ငါ့သမီး၊ သင့်ကို ငါဟောပြောစဉ်၌ သင်၏ဘုရားသခင်ကိုယ်တော်ရှင်၏အသံကို စေ့စေ့နားထောင်လော့။ အကြောင်းမူကား၊ သင့်ကို ငါအမှန်ဆိုသည်မှာ၊ ငါ၏ဧဝံဂေလိတရားတော်ကို လက်ခံရရှိသောသူအပေါင်းသည် ငါ၏နိုင်ငံတော်၌ သားများနှင့်သမီးများဖြစ်ကြ၏။
၂ ငါ၏အလိုတော်နှင့်စပ်လျဉ်းသည့် ဗျာဒိတ်တော်ကို သင့်အား ငါပေး၏။ သင်သည်လည်း သစ္စာရှိပြီး၊ ငါ့ရှေ့မှာ ကိုယ်ကျင့်သီလလမ်းကြောင်းသို့လိုက်လျှင်၊ ငါသည် သင်၏အသက်ကို ကာကွယ်စောင့်မမည်။ သင်သည် ဇိအုန်၌ အမွေခံရာကို ရလိမ့်မည်။
၃ ရှုလော့၊ သင်၏အပြစ်များကို ခွင့်လွှတ်၏။ သင်သည် ငါခေါ်သွင်းတော်မူလေသည့် ရွေးကောက်ထားသောမိန်းမမြတ်ဖြစ်၏။
၄ သင် မမြင်ရလေသည့်အရာများကြောင့် ညည်းညူအပြစ်တင်ခြင်းမရှိနှင့်။ အကြောင်းမူကား၊ ထိုအရာတို့ကို သင်နှင့် လောကထံမှ ဆီးတားထားသည်မှာ နောင်လာမည့်ကာလအတွက် ငါ့အထဲ၌ရှိသည့်ဉာဏ်ပညာတော်ဖြစ်၏။
၅ သင်၏အမှုတော်ဆောင်တာဝန်အမှုအရာသည်ကား ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်၊ သင့်ခင်ပွန်းအဖို့ သူ၏ဆင်းရဲဒုက္ခများ၌၊ နှစ်သိမ့်စေသာစကားများနှင့် သိမ်မွေ့အောက်ကျို့သောစိတ်သဘောဖြင့် နှစ်သိမ့်စေခြင်းအတွက်ဖြစ်၏။
၆ သူသွားသောအချိန်တွင်၊ သင်သည် သူနှင့်အတူသွား၍၊ သူ့အဖို့ စာရေးသူတစ်ယောက်မျှမရှိသောအခါ သူ့အဖို့ စာရေးသူအဖြစ်ရှိစေလော့။ ငါ့ကျွန်အော်လီဗာကောင်ဒရီကို ငါအလိုရှိတော်မူရာအရပ်မှန်သမျှသို့ ငါစေလွှတ်နိုင်စေကြောင်းပေတည်း။
၇ ကျမ်းစာများကို ရှင်းပြဖို့၊ ထို့အတူ၊ အသင်းတော်ကို တိုက်တွန်းဖို့ ငါ၏ဝိညာဉ်တော်အားဖြင့် သင့်ကို ဖော်ပြတော်မူသည့်အတိုင်း သင်သည် သူ့လက်အားဖြင့် ခန့်ထားခံရလိမ့်မည်။
၈ အကြောင်းမူကား၊ သူ့လက်ကို သင့်အပေါ်မှာ တင်လိမ့်မည်။ သင်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိလိမ့်မည်။ သင်၏အချိန်ကိုလည်း ရေးခြင်းနှင့် များစွာသင်ယူခြင်းသို့ ပေးလော့။
၉ သင်၏ခင်ပွန်းသည် သင့်ကို အသင်းတော်၌ ထောက်မလိမ့်မည်ဖြစ်၍၊ သင်သည် ကြောက်ဖို့မလို။ အကြောင်းမူကား၊ ထိုသူတို့အတွက် သူ၏အမှုတော်ဆောင်တာဝန်ဖြစ်၏။ ငါဖော်ပြတော်မူလိုသည့် ခပ်သိမ်းသောအရာမှန်သမျှကို သူတို့၏ယုံကြည်ခြင်းအတိုင်း ငါပြနိုင်တော်မူခြင်းငှာပေတည်း။
၁၀ သင့်ကို ငါအမှန်ဆိုသည်ကား၊ သင်သည် ဤလောကနှင့် စပ်ဆိုင်သောအရာတို့ကို ပယ်ရှားလျက်၊ သာ၍ကောင်းသောအရာတို့ကို ရှာရမည်။
၁၁ ငါ၏အသင်းတော်၌ ရှိစေဖို့၊ ငါနှစ်သက်စေသောအရာဖြစ်သည့် သန့်ရှင်းမွန်မြတ်သောဓမ္မသီချင်းများရွေးချယ်ခြင်းကို ပြုဖို့ သင့်ကို ဖော်ပြသည့်အတိုင်း ပေးတော်မူလိမ့်မည်။
၁၂ အကြောင်းမူကား၊ ငါ၏ဝိညာဉ်သည် စိတ်နှလုံးမှလာသောသီချင်း၌ မွေ့လျော်၏။ ထိုမှတစ်ပါး၊ ဖြောင့်မတ်သောသူတို့၏သီချင်းသည် ကိုယ်တော်ရှင်ထံဆုတောင်းခြင်းဖြစ်၍၊ သူတို့၏ဦးခေါင်းပေါ်မှာ ကောင်းချီးမင်္ဂလာနှင့် ဖြေတော်မူလိမ့်မည်။
၁၃ သို့ဖြစ်၍၊ စိတ်နှလုံးရွှင်လန်းအားရလျက် ရွှင်လန်းဝမ်းမြောက်လော့၊ သင်ပြုလေသည့် ပဋိညာဉ်များ၌လည်း စွဲမြဲလော့။
၁၄ သိမ်မွေ့အောက်ကျို့သောစိတ်သဘော၌ ဆက်၍ရှိလော့၊ မာနကိုလည်း သတိပြုလော့။ သင်၏ဝိညာဉ်ကို သင်၏ခင်ပွန်း၌၊ ထို့အတူ၊ သူ့အပေါ်ကျရောက်လာမည့် ဂုဏ်အသရေ၌ မွေ့လျော်စေလော့။
၁၅ ငါ၏ပညတ်တော်များကို အစဉ်မပြတ်စောင့်ထိန်းလော့၊ ဖြောင့်မတ်ခြင်းသရဖူကို သင်လက်ခံရရှိလိမ့်မည်။ သင်သည် ဤသို့မပြုလျှင်၊ ငါရှိသည့်နေရာကို မလာနိုင်။
၁၆ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအရာသည် လူသားအပေါင်းထံသို့ ငါ၏အသံဖြစ်၏။ အာမင်။