ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၁


အပိုဒ်ငယ် ၁၁

၁၈၂၉ ခု၊ မေလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ သူ့အစ်ကို ဟီရမ်​စမစ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဥရိမ်နှင့် သုမိမ်တို့​အားဖြင့်၊ ဂျိုးဇက်၏ ပတ္ထနာပြုခြင်းနှင့် မေးလျှောက်ခြင်း၏​အဖြေ​အဖြစ်၊ ဤဗျာဒိတ်တော်ကို လက်ခံ​ရရှိခဲ့၏။ အာရုန်​ယဇ်ပုရောဟိတ်​အခွင့်ကို ပြန်လည်​ဆောင်ယူ​ပြီးနောက် ဤဗျာဒိတ်တော်ကို လက်ခံ​ရရှိသည်ဟု ဂျိုးဇက်​စမစ်၏​သမိုင်းက အဆိုပြု၏။

၁–၆၊ စပျစ်ဥယျာဉ်၌ အလုပ်​လုပ်ကြသော​သူတို့သည် ကယ်တင်ခြင်းကို ရရှိကြ​လိမ့်မည်။ ၇–၁၄၊ ဉာဏ်ပညာကို ရှာလော့၊ နောင်တရခြင်းကို ဟစ်ကြော်လော့၊ ဝိညာဉ်တော်ကို ကိုးစားလော့။ ၁၅–၂၂၊ ပညတ်တော်များကို စောင့်ထိန်းလော့၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်​ကိုလည်း လေ့လာလော့။ ၂၃–၂၇၊ ဗျာဒိတ်တော်နှင့် ပရောဖက်ပြုချက်​ဝိညာဉ်ကို ငြင်းဆိုခြင်း​မပြုနှင့်။ ၂၈–၃၀၊ ခရစ်တော်ကို လက်ခံသော​သူများသည် ဘုရားသခင်၏​သားများ​ဖြစ်လာ​ကြ၏။

ကြီးမြတ်ပြီး အံ့ဩဖွယ်​ကောင်းသော​အမှုသည် လူသားတို့၌ ရောက်လာလု​နီးပေပြီ။

ရှုလော့၊ ငါသည် ဘုရားသခင်​ဖြစ်၏။ ရှင်သန်၍ တန်ခိုးကြီးသော၊ အရိုး​အဆစ်နှင့် ခြင်ဆီ​နှစ်ခုစလုံးကို အစိတ်စိတ်​ကွဲစေသည့် နှစ်ဖက်သွားဓားထက် သာ၍​ထက်သော ငါ၏​နှုတ်ကပတ်တော်ကို ပမာဏပြုလော့။ ထို့ကြောင့် ငါ၏​နှုတ်ကပတ်တော်ကို ပမာဏပြုလော့။

ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်​ရှိနှင့်​လေပြီ။ ထိုကြောင့်၊ ရိတ်သိမ်းလိုသူ​မှန်သမျှအား၊ မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်၊ ရမ်းစေပြီး၊ အချိန်ရှိစဉ် ရိတ်စေလော့။ သူ၏​စိတ်ဝိညာဉ်​အတွက်၊ ဘုရားသခင်၏​နိုင်ငံတော်၌ ထာဝရ​တည်မြဲသော​ကယ်တင်ခြင်းကို ထိုသူ​အမြတ်တနိုး​သိမ်းဆည်းထားနိုင်​စေကြောင်း​ပင်တည်း။

ထိုမှတစ်ပါး၊ မိမိတံစဉ်ကို ရမ်း၍ ရိတ်မည့်သူ​မှန်သမျှသည် ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို ခံရ၏။

ထို့ကြောင့်၊ သင်တို့သည် ငါ့ထံမှ တောင်းကြလျှင်၊ ရကြ​လိမ့်မည်။ သင်တို့ ခေါက်ကြလျှင် သင်တို့အဖို့ ဖွင့်ပေး​လိမ့်မည်။

ယခုတွင်၊ သင်တို့​တောင်းလေသည့်​အတိုင်း၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်း​ကြလော့။ ဇိအုန်၏​အကျိုးကို ထူထောင်ပြီး တည်ဆောက်ဖို့ ကြိုးစား​ကြလော့။

စည်းစိမ်​ဥစ္စာများကို ရှာခြင်း​မပြုနှင့် သို့ရာတွင် ဉာဏ်ပညာကို ရှာကြလော့။ ထို့အတူ၊ ရှုလော့၊ ဘုရားသခင်၏​နက်နဲသော​အရာတို့ကို သင်တို့ထံ ဖွင့်ပြတော်မူ​လိမ့်မည်။ ထို့နောက်တွင်၊ သင်တို့ကို ကြွယ်ဝစေ​လိမ့်မည်။ ရှုလော့၊ ထာဝရ​အသက်ကို ရရှိသော​သူသည် ကြွယ်ဝ၏။

သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့ထံမှ သင်အလိုရှိသည့်​အတိုင်းပင် သင့်ထံသို့ ပြုလိမ့်မည်။ ထို့အတူ၊ သင်သည် အလိုရှိလျှင်၊ ဤမျိုးဆက်၌ များစွာသော​ကောင်းမြတ်ခြင်းကို​ပြုရာ တန်ဆာ​ဖြစ်လိမ့်မည်။

နောင်တရခြင်း​မှတစ်ပါး၊ အဘယ်​အရာကိုမျှ ဤမျိုးဆက်ကို မပြောနှင့်။ ငါ၏​ပညတ်တော်များကို စောင့်ထိန်းလော့၊ ငါ၏​အမှုတော်​ဖြစ်မြောက်စေဖို့ ငါ၏​ပညတ်တော်များ​အတိုင်း ကူညီလော့၊ သင်သည်လည်း ကောင်းချီး​ခံစားရ​လိမ့်မည်။

၁၀ ရှုလော့၊ သင့်မှာ ဆုကျေးဇူး​ရှိ၏၊ သို့မဟုတ် သင်သည် ယုံကြည်ခြင်းဖြင့်၊ ရိုးသားသော​စိတ်နှလုံးနှင့် ယေရှု​ခရစ်တော်၏​တန်ခိုးတော်ကို၊ သို့မဟုတ်၊ သင့်ထံသို့ ဟောတော်မူသည့် ငါ၏​တန်ခိုးတော်ကို ယုံကြည်လျက်၊ ငါ့ထံမှ အလိုရှိလျှင်၊ ဆုကျေးဇူးကို ရရှိ​လိမ့်မည်။

၁၁ အကြောင်းမူကား၊ ရှုလော့၊ ဟောပြောသူမှာ ငါဖြစ်၏။ ရှုလော့၊ ငါသည် မှောင်မိုက်၌ တောက်ပသော​အလင်း​ဖြစ်၏၊ ငါ၏​တန်ခိုးတော်​အားဖြင့်လည်း ဤနှုတ်ကပတ်တော်များကို သင့်ထံသို့ ငါပေး၏။

၁၂ ယခုမူကား၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်မှာ၊ ကောင်းမြတ်သည်ကို ပြုဖို့—​အထူးသဖြင့်၊ တရားမျှတစွာ​ပြုဖို့၊ နှိမ့်ချစွာ​ကျင့်ဖို့၊ ဖြောင့်မတ်စွာ တရား​စီရင်ဖို့ ဦးဆောင်သည့် ဝိညာဉ်တော်ကို ကိုးစားလော့။ ဤအရာသည် ငါ၏​ဝိညာဉ်တော်​ဖြစ်၏။

၁၃ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ သင်၏​စိတ်ကို အလင်းသို့​ရောက်စေသည့်၊ သင်၏​စိတ်ဝိညာဉ်ကို ဝမ်းမြောက်ခြင်းနှင့်​ပြည့်စေသည့် ငါ့ဝိညာဉ်တော်၏ တစ်စိတ်​တစ်ပိုင်းကို သင့်ထံသို့ ငါဝေငှတော်မူမည်။

၁၄ ထို့နောက်တွင်၊ သင်သိ​လိမ့်မည်မှာ၊ သို့မဟုတ်၊ ဤအရာ​အားဖြင့်၊ သင်သိ​လိမ့်မည်မှာ ငါအားဖြင့် သင်ရရှိ​လိမ့်မည်ဟု ယုံကြည်လျက် ယုံကြည်ခြင်းဖြင့် ငါ့ထံမှ သင်အလိုရှိ​သမျှသော အရာခပ်သိမ်းတို့​ဖြစ်၏။ ထိုအရာတို့သည်ကား၊ ဖြောင့်မတ်ခြင်းနှင့်​ဆိုင်သော​အရာများ​ဖြစ်၏။

၁၅ ရှုလော့၊ သင်သည် ခေါ်သွင်း​မခံရမီ၊ ဟောပြောရန် ခေါ်သွင်းခံရပြီဟု မထင်မှတ်စေရန် ငါမိန့်တော်မူ၏။

၁၆ သင်သည် ငါ၏​ဩဝါဒကို ဧကန်​အမှန်​သိနိုင်​စေခြင်းငှာ၊ ငါ၏​နှုတ်ကပတ်တော်၊ ငါ၏​ကျောက်၊ ငါ၏​အသင်းတော်၊ ထို့အတူ ငါ၏​ဧဝံဂေလိ​တရားတော်ကို ရရှိသည်​အထိ အနည်းငယ်​ကြာအောင်​စောင့်လော့။

၁၇ ထို့နောက်တွင်၊ ရှုလော့၊ သင်၏​အလိုဆန္ဒများ​အတိုင်း၊ ထိုမှတစ်ပါး၊ သင်၏​ယုံကြည်ခြင်း​အတိုင်းပင် သင့်ထံသို့ ပြုတော်မူ​လိမ့်မည်။

၁၈ ငါ၏​ပညတ်တော်များကို စောင့်ထိန်းလော့။ တိတ်ဆိတ်စွာ​နေလော့။ ငါ၏​ဝိညာဉ်တော်​ထံသို့ တောင်းခံလော့။

၁၉ ထိုမှတစ်ပါး၊ ဟောပြော​လေပြီးသည့် ထိုအရာများ—​အထူးသဖြင့်၊ ငါ့အမှုတော်၏​ဘာသာပြန်ခြင်းကို အလင်းသို့ ဆောင်ယူရာ၌ ကူညီ​နိုင်စေခြင်းငှာ၊ သင်၏​စိတ်နှလုံး​အကြွင်းမဲ့ဖြင့် ငါ့ထံသို့ ဆည်းကပ်လော့။ ထိုအမှုကို သင်ပြီးမြောက်သည်​အထိ သည်းခံလော့။

၂၀ ရှုလော့၊ ထိုမှတစ်ပါး၊ သင်၏​အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့် ငါ၏​ပညတ်တော်များကို စောင့်ထိန်းဖို့မှာ သင်၏​အမှု​ဖြစ်၏။

၂၁ ငါ၏​နှုတ်ကပတ်တော်ကို ဟောကြားဖို့ ကြိုးစားခြင်း​မပြုနှင့်၊ သို့ရာတွင်၊ ပထမဦးဆုံး ငါ၏​နှုတ်ကပတ်တော်ကို ရရှိဖို့ ကြိုးစားလော့။ ထို့နောက်တွင်၊ သင်၏​ရှာကို လွတ်စေ​လိမ့်မည်။ ထို့နောက်၊ သင်အလိုရှိလျှင်၊ ငါ၏​ဝိညာဉ်တော်နှင့် ငါ၏​နှုတ်ကပတ်တော်၊ ထိုမှတစ်ပါး၊ လူသားတို့ကို နားသွင်းသည့်​တိုင်အောင် ဘုရားသခင်၏​တန်ခိုးတော်ကို သင်ရရှိ​လိမ့်မည်။

၂၂ သို့ရာတွင်၊ ယခု​တိတ်ဆိတ်စွာ​နေလော့။ လူသားတို့၌ ထွက်သွားလေသည့် ငါ၏​နှုတ်ကပတ်တော်ကို​လေ့လာလော့၊ ထို့အတူ လူသားတို့၌ ရောက်လာမည့် သို့မဟုတ် ယခု​ဘာသာပြန်လျက်​ရှိသည့်၊ ထိုမှတစ်ပါး၊ ဤမျိုးဆက်၌ လူသားတို့ထံ ငါပေးတော်မူမည့် ခပ်သိမ်းသော​အရာတို့ကို သင်ရရှိလေသည်​အထိ ငါ၏​နှုတ်ကပတ်တော်ကိုလည်း လေ့လာလော့၊ ထို့နောက်တွင် ခပ်သိမ်းသော​အရာတို့ကို ထပ်လောင်း​ဖြည့်စွက်​လိမ့်မည်။

၂၃ ရှုလော့၊ သင်သည် ငါ့သား၊ ဟီရမ်​ဖြစ်၏။ ဘုရားသခင်၏​နိုင်ငံတော်ကို ရှာလော့၊ နောက်မှ ဤအရာ​ခပ်သိမ်းတို့ကို တရားမျှတသည့်​အရာ​အတိုင်း ထပ်၍​ပေးတော်မူ​လတ္တံ့။

၂၄ ငါ၏​ဧဝံဂေလိ​တရားတော်​ဖြစ်သည့် ငါ၏​ကျောက်ပေါ်မှာ တည်ဆောက်လော့။

၂၅ ဗျာဒိတ်တော်​ဝိညာဉ်ကို ငြင်းဆိုခြင်း​မပြုနှင့်၊ ပရောဖက်ပြု​ဟောချက်​ဝိညာဉ်ကိုလည်း ငြင်းဆိုခြင်း​မပြုနှင့်၊ အကြောင်းမူကား၊ ဤအရာတို့ကို ငြင်းဆိုသော​သူသည် အမင်္ဂလာ​ရှိ၏။

၂၆ ထို့ကြောင့်၊ ငါ၏​ဉာဏ်ပညာတော်​အတိုင်း သင်ထွက်သွားရမည့်​အချိန်​အထိ သင့်စိတ်နှလုံး​ထဲ၌ အမြတ်တနိုး​သိမ်းဆည်း​ထားလော့။

၂၇ ရှုလော့၊ ကောင်းမြတ်သော အလိုဆန္ဒ​ရှိသူ၊ ထို့အတူ ရိတ်ခြင်းငှာ မိမိတို့​တံစဉ်ကို ရမ်းလေသူ​အပေါင်းတို့ကို ငါဟောပြော၏။

၂၈ ရှုလော့၊ ငါသည် ယေရှု​ခရစ်တော်၊ ဘုရားသခင်၏​သားတော်​ဖြစ်၏။ ငါသည် လောက၏​အသက်နှင့် အလင်း​ဖြစ်တော်မူ၏။

၂၉ ငါသည်ကား၊ ငါ၏​အရပ်ဒေသသို့ ကြွလာတော်မူသောသူ​ဖြစ်သော်လည်း ငါ၏​လူမျိုးတို့သည် ငါ့ကို လက်ခံခြင်း​မရှိကြ။

၃၀ သို့ရာတွင်၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့ကို လက်ခံသောသူ​မှန်သမျှကို၊ ငါ၏​နာမတော်ကို ယုံကြည်သော​သူများကိုပင်၊ ဘုရားသခင်၏​သားများ​ဖြစ်လာစေဖို့ တန်ခိုးကို ငါပေးတော်မူမည်။ အာမင်။