အပိုဒ်ငယ် ၁၁
၁၈၂၉ ခု၊ မေလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ သူ့အစ်ကို ဟီရမ်စမစ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဥရိမ်နှင့် သုမိမ်တို့အားဖြင့်၊ ဂျိုးဇက်၏ ပတ္ထနာပြုခြင်းနှင့် မေးလျှောက်ခြင်း၏အဖြေအဖြစ်၊ ဤဗျာဒိတ်တော်ကို လက်ခံရရှိခဲ့၏။ အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူပြီးနောက် ဤဗျာဒိတ်တော်ကို လက်ခံရရှိသည်ဟု ဂျိုးဇက်စမစ်၏သမိုင်းက အဆိုပြု၏။
၁–၆၊ စပျစ်ဥယျာဉ်၌ အလုပ်လုပ်ကြသောသူတို့သည် ကယ်တင်ခြင်းကို ရရှိကြလိမ့်မည်။ ၇–၁၄၊ ဉာဏ်ပညာကို ရှာလော့၊ နောင်တရခြင်းကို ဟစ်ကြော်လော့၊ ဝိညာဉ်တော်ကို ကိုးစားလော့။ ၁၅–၂၂၊ ပညတ်တော်များကို စောင့်ထိန်းလော့၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကိုလည်း လေ့လာလော့။ ၂၃–၂၇၊ ဗျာဒိတ်တော်နှင့် ပရောဖက်ပြုချက်ဝိညာဉ်ကို ငြင်းဆိုခြင်းမပြုနှင့်။ ၂၈–၃၀၊ ခရစ်တော်ကို လက်ခံသောသူများသည် ဘုရားသခင်၏သားများဖြစ်လာကြ၏။
၁ ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသောအမှုသည် လူသားတို့၌ ရောက်လာလုနီးပေပြီ။
၂ ရှုလော့၊ ငါသည် ဘုရားသခင်ဖြစ်၏။ ရှင်သန်၍ တန်ခိုးကြီးသော၊ အရိုးအဆစ်နှင့် ခြင်ဆီနှစ်ခုစလုံးကို အစိတ်စိတ်ကွဲစေသည့် နှစ်ဖက်သွားဓားထက် သာ၍ထက်သော ငါ၏နှုတ်ကပတ်တော်ကို ပမာဏပြုလော့။ ထို့ကြောင့် ငါ၏နှုတ်ကပတ်တော်ကို ပမာဏပြုလော့။
၃ ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်ရှိနှင့်လေပြီ။ ထိုကြောင့်၊ ရိတ်သိမ်းလိုသူမှန်သမျှအား၊ မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်၊ ရမ်းစေပြီး၊ အချိန်ရှိစဉ် ရိတ်စေလော့။ သူ၏စိတ်ဝိညာဉ်အတွက်၊ ဘုရားသခင်၏နိုင်ငံတော်၌ ထာဝရတည်မြဲသောကယ်တင်ခြင်းကို ထိုသူအမြတ်တနိုးသိမ်းဆည်းထားနိုင်စေကြောင်းပင်တည်း။
၄ ထိုမှတစ်ပါး၊ မိမိတံစဉ်ကို ရမ်း၍ ရိတ်မည့်သူမှန်သမျှသည် ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို ခံရ၏။
၅ ထို့ကြောင့်၊ သင်တို့သည် ငါ့ထံမှ တောင်းကြလျှင်၊ ရကြလိမ့်မည်။ သင်တို့ ခေါက်ကြလျှင် သင်တို့အဖို့ ဖွင့်ပေးလိမ့်မည်။
၆ ယခုတွင်၊ သင်တို့တောင်းလေသည့်အတိုင်း၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလော့။ ဇိအုန်၏အကျိုးကို ထူထောင်ပြီး တည်ဆောက်ဖို့ ကြိုးစားကြလော့။
၇ စည်းစိမ်ဥစ္စာများကို ရှာခြင်းမပြုနှင့် သို့ရာတွင် ဉာဏ်ပညာကို ရှာကြလော့။ ထို့အတူ၊ ရှုလော့၊ ဘုရားသခင်၏နက်နဲသောအရာတို့ကို သင်တို့ထံ ဖွင့်ပြတော်မူလိမ့်မည်။ ထို့နောက်တွင်၊ သင်တို့ကို ကြွယ်ဝစေလိမ့်မည်။ ရှုလော့၊ ထာဝရအသက်ကို ရရှိသောသူသည် ကြွယ်ဝ၏။
၈ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့ထံမှ သင်အလိုရှိသည့်အတိုင်းပင် သင့်ထံသို့ ပြုလိမ့်မည်။ ထို့အတူ၊ သင်သည် အလိုရှိလျှင်၊ ဤမျိုးဆက်၌ များစွာသောကောင်းမြတ်ခြင်းကိုပြုရာ တန်ဆာဖြစ်လိမ့်မည်။
၉ နောင်တရခြင်းမှတစ်ပါး၊ အဘယ်အရာကိုမျှ ဤမျိုးဆက်ကို မပြောနှင့်။ ငါ၏ပညတ်တော်များကို စောင့်ထိန်းလော့၊ ငါ၏အမှုတော်ဖြစ်မြောက်စေဖို့ ငါ၏ပညတ်တော်များအတိုင်း ကူညီလော့၊ သင်သည်လည်း ကောင်းချီးခံစားရလိမ့်မည်။
၁၀ ရှုလော့၊ သင့်မှာ ဆုကျေးဇူးရှိ၏၊ သို့မဟုတ် သင်သည် ယုံကြည်ခြင်းဖြင့်၊ ရိုးသားသောစိတ်နှလုံးနှင့် ယေရှုခရစ်တော်၏တန်ခိုးတော်ကို၊ သို့မဟုတ်၊ သင့်ထံသို့ ဟောတော်မူသည့် ငါ၏တန်ခိုးတော်ကို ယုံကြည်လျက်၊ ငါ့ထံမှ အလိုရှိလျှင်၊ ဆုကျေးဇူးကို ရရှိလိမ့်မည်။
၁၁ အကြောင်းမူကား၊ ရှုလော့၊ ဟောပြောသူမှာ ငါဖြစ်၏။ ရှုလော့၊ ငါသည် မှောင်မိုက်၌ တောက်ပသောအလင်းဖြစ်၏၊ ငါ၏တန်ခိုးတော်အားဖြင့်လည်း ဤနှုတ်ကပတ်တော်များကို သင့်ထံသို့ ငါပေး၏။
၁၂ ယခုမူကား၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်မှာ၊ ကောင်းမြတ်သည်ကို ပြုဖို့—အထူးသဖြင့်၊ တရားမျှတစွာပြုဖို့၊ နှိမ့်ချစွာကျင့်ဖို့၊ ဖြောင့်မတ်စွာ တရားစီရင်ဖို့ ဦးဆောင်သည့် ဝိညာဉ်တော်ကို ကိုးစားလော့။ ဤအရာသည် ငါ၏ဝိညာဉ်တော်ဖြစ်၏။
၁၃ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်၏စိတ်ကို အလင်းသို့ရောက်စေသည့်၊ သင်၏စိတ်ဝိညာဉ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်စေသည့် ငါ့ဝိညာဉ်တော်၏ တစ်စိတ်တစ်ပိုင်းကို သင့်ထံသို့ ငါဝေငှတော်မူမည်။
၁၄ ထို့နောက်တွင်၊ သင်သိလိမ့်မည်မှာ၊ သို့မဟုတ်၊ ဤအရာအားဖြင့်၊ သင်သိလိမ့်မည်မှာ ငါအားဖြင့် သင်ရရှိလိမ့်မည်ဟု ယုံကြည်လျက် ယုံကြည်ခြင်းဖြင့် ငါ့ထံမှ သင်အလိုရှိသမျှသော အရာခပ်သိမ်းတို့ဖြစ်၏။ ထိုအရာတို့သည်ကား၊ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအရာများဖြစ်၏။
၁၅ ရှုလော့၊ သင်သည် ခေါ်သွင်းမခံရမီ၊ ဟောပြောရန် ခေါ်သွင်းခံရပြီဟု မထင်မှတ်စေရန် ငါမိန့်တော်မူ၏။
၁၆ သင်သည် ငါ၏ဩဝါဒကို ဧကန်အမှန်သိနိုင်စေခြင်းငှာ၊ ငါ၏နှုတ်ကပတ်တော်၊ ငါ၏ကျောက်၊ ငါ၏အသင်းတော်၊ ထို့အတူ ငါ၏ဧဝံဂေလိတရားတော်ကို ရရှိသည်အထိ အနည်းငယ်ကြာအောင်စောင့်လော့။
၁၇ ထို့နောက်တွင်၊ ရှုလော့၊ သင်၏အလိုဆန္ဒများအတိုင်း၊ ထိုမှတစ်ပါး၊ သင်၏ယုံကြည်ခြင်းအတိုင်းပင် သင့်ထံသို့ ပြုတော်မူလိမ့်မည်။
၁၈ ငါ၏ပညတ်တော်များကို စောင့်ထိန်းလော့။ တိတ်ဆိတ်စွာနေလော့။ ငါ၏ဝိညာဉ်တော်ထံသို့ တောင်းခံလော့။
၁၉ ထိုမှတစ်ပါး၊ ဟောပြောလေပြီးသည့် ထိုအရာများ—အထူးသဖြင့်၊ ငါ့အမှုတော်၏ဘာသာပြန်ခြင်းကို အလင်းသို့ ဆောင်ယူရာ၌ ကူညီနိုင်စေခြင်းငှာ၊ သင်၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ငါ့ထံသို့ ဆည်းကပ်လော့။ ထိုအမှုကို သင်ပြီးမြောက်သည်အထိ သည်းခံလော့။
၂၀ ရှုလော့၊ ထိုမှတစ်ပါး၊ သင်၏အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ငါ၏ပညတ်တော်များကို စောင့်ထိန်းဖို့မှာ သင်၏အမှုဖြစ်၏။
၂၁ ငါ၏နှုတ်ကပတ်တော်ကို ဟောကြားဖို့ ကြိုးစားခြင်းမပြုနှင့်၊ သို့ရာတွင်၊ ပထမဦးဆုံး ငါ၏နှုတ်ကပတ်တော်ကို ရရှိဖို့ ကြိုးစားလော့။ ထို့နောက်တွင်၊ သင်၏ရှာကို လွတ်စေလိမ့်မည်။ ထို့နောက်၊ သင်အလိုရှိလျှင်၊ ငါ၏ဝိညာဉ်တော်နှင့် ငါ၏နှုတ်ကပတ်တော်၊ ထိုမှတစ်ပါး၊ လူသားတို့ကို နားသွင်းသည့်တိုင်အောင် ဘုရားသခင်၏တန်ခိုးတော်ကို သင်ရရှိလိမ့်မည်။
၂၂ သို့ရာတွင်၊ ယခုတိတ်ဆိတ်စွာနေလော့။ လူသားတို့၌ ထွက်သွားလေသည့် ငါ၏နှုတ်ကပတ်တော်ကိုလေ့လာလော့၊ ထို့အတူ လူသားတို့၌ ရောက်လာမည့် သို့မဟုတ် ယခုဘာသာပြန်လျက်ရှိသည့်၊ ထိုမှတစ်ပါး၊ ဤမျိုးဆက်၌ လူသားတို့ထံ ငါပေးတော်မူမည့် ခပ်သိမ်းသောအရာတို့ကို သင်ရရှိလေသည်အထိ ငါ၏နှုတ်ကပတ်တော်ကိုလည်း လေ့လာလော့၊ ထို့နောက်တွင် ခပ်သိမ်းသောအရာတို့ကို ထပ်လောင်းဖြည့်စွက်လိမ့်မည်။
၂၃ ရှုလော့၊ သင်သည် ငါ့သား၊ ဟီရမ်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်ကို ရှာလော့၊ နောက်မှ ဤအရာခပ်သိမ်းတို့ကို တရားမျှတသည့်အရာအတိုင်း ထပ်၍ပေးတော်မူလတ္တံ့။
၂၄ ငါ၏ဧဝံဂေလိတရားတော်ဖြစ်သည့် ငါ၏ကျောက်ပေါ်မှာ တည်ဆောက်လော့။
၂၅ ဗျာဒိတ်တော်ဝိညာဉ်ကို ငြင်းဆိုခြင်းမပြုနှင့်၊ ပရောဖက်ပြုဟောချက်ဝိညာဉ်ကိုလည်း ငြင်းဆိုခြင်းမပြုနှင့်၊ အကြောင်းမူကား၊ ဤအရာတို့ကို ငြင်းဆိုသောသူသည် အမင်္ဂလာရှိ၏။
၂၆ ထို့ကြောင့်၊ ငါ၏ဉာဏ်ပညာတော်အတိုင်း သင်ထွက်သွားရမည့်အချိန်အထိ သင့်စိတ်နှလုံးထဲ၌ အမြတ်တနိုးသိမ်းဆည်းထားလော့။
၂၇ ရှုလော့၊ ကောင်းမြတ်သော အလိုဆန္ဒရှိသူ၊ ထို့အတူ ရိတ်ခြင်းငှာ မိမိတို့တံစဉ်ကို ရမ်းလေသူအပေါင်းတို့ကို ငါဟောပြော၏။
၂၈ ရှုလော့၊ ငါသည် ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော်ဖြစ်၏။ ငါသည် လောက၏အသက်နှင့် အလင်းဖြစ်တော်မူ၏။
၂၉ ငါသည်ကား၊ ငါ၏အရပ်ဒေသသို့ ကြွလာတော်မူသောသူဖြစ်သော်လည်း ငါ၏လူမျိုးတို့သည် ငါ့ကို လက်ခံခြင်းမရှိကြ။
၃၀ သို့ရာတွင်၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့ကို လက်ခံသောသူမှန်သမျှကို၊ ငါ၏နာမတော်ကို ယုံကြည်သောသူများကိုပင်၊ ဘုရားသခင်၏သားများဖြစ်လာစေဖို့ တန်ခိုးကို ငါပေးတော်မူမည်။ အာမင်။