အပိုဒ်ငယ် ၁၇
၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ အော်လီဗာကောင်ဒရီ၊ ဒေးဗစ်ဝှစ်တမာနှင့် မာတင်ဟဲရစ်တို့အား မော်မုန်ကျမ်းမှတ်တမ်းပါဝင်သည့် ရေးထွင်းထားသော ပုရပိုက်ပြားများကို မမြင်ရမီ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ အထူးသက်သေသုံးဦးကို ခန့်ထားလိမ့်မည့်အကြောင်း မော်မုန်ကျမ်းပုရပိုက်ပြားများကို ဘာသာပြန်ခြင်းမှ ဂျိုးဇက်နှင့် သူ၏စာရေးသူ၊ အော်လီဗာကောင်ဒရီတို့သိခဲ့ရလေ၏ (ဧသာ ၅း၂–၄၊ ၂ နီဖိုင်း ၁၁း၃၊ ၂၇း၁၂ တွင် ကြည့်ပါ)။ အော်လီဗာကောင်ဒရီ၊ ဒေးဗစ်ဝှစ်တမာနှင့် မာတင်ဟဲရစ်တို့သည် လမ်းပြလှုံ့ဆော်သည့်အလိုဆန္ဒအားဖြင့် အထူးသက်သေသုံးဦးအဖြစ် တိုက်တွန်းခံရ၏။ ပရောဖက်က ကိုယ်တော်ရှင်ထံ မေးလျှောက်ခဲ့ပြီး၊ ဤဗျာဒိတ်တော်ကို အဖြေအဖြစ် ဥရိမ်နှင့် သုမိမ်တို့အားဖြင့်ပေးတော်မူခဲ့၏။
၁–၄၊ ယုံကြည်ခြင်းအားဖြင့်၊ သက်သေသုံးဦးသည် ပုရပိုက်ပြားများနှင့် အခြားသော သန့်ရှင်းမွန်မြတ်သည့်အချက်များကို မြင်ရလိမ့်မည်။ ၅–၉၊ ခရစ်တော်သည် မော်မုန်ကျမ်းအထွတ်အမြတ်ဖြစ်ခြင်းအကြောင်းကို သက်သေခံ၏။
၁ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်အပေါ် မှီခိုရမည်။ ထိုမှီခိုခြင်းကို စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် သင်တို့ပြုကြလျှင်၊ သင်တို့သည် ပုရပိုက်ပြားများ၊ ထို့အတူ ရင်အုပ်တန်ဆာ၊ လာဗန်၏ဓား၊ ယာရက်၏အစ်ကိုအား တောင်ပေါ်မှာကိုယ်တော်ရှင်နှင့် မျက်နှာချင်းဆိုင်၍စကားပြောစဉ်က ပေးတော်မူခဲ့လေသည့် ဥရိမ်နှင့် သုမိမ်၊ ထို့အတူ၊ ဧဒုံပင်လယ်နယ်နိမိတ် တောရိုင်းထဲ၌ရှိစဉ် လေဟိသို့ ပေးတော်မူခဲ့လေသည့် အလွန်တရာအံ့ဩဖွယ်ကောင်းသော လမ်းညွှန်လုံးတို့ကို မြင်ကြရလိမ့်မည်။
၂ သင်တို့၏ယုံကြည်ခြင်းအားဖြင့်၊ ရှေးပရောဖက်များ၌ ရှိခဲ့လေသည့် ထိုယုံကြည်ခြင်းအားဖြင့်ပင် ထိုအရာတို့ကို သင်တို့မြင်ကြရလိမ့်မည်။
၃ သင်တို့သည် ယုံကြည်ခြင်းကို ရရှိ၍၊ ထိုအရာတို့ကို သင်တို့မျက်စိဖြင့် ကြည့်လေပြီးနောက်၊ ထိုအရာတို့အကြောင်းကို ဘုရားသခင်၏တန်ခိုးတော်အားဖြင့် သက်သေခံကြလိမ့်မည်။
၄ ဤသို့ သင်တို့ပြုကြရမည်မှာ၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ် ဖျက်ဆီးမခံရနိုင်စေကြောင်း၊ ဤအမှုအားဖြင့် လူသားများအဖို့ ငါ၏ဖြောင့်မတ်သောအကြံအစည်တော်တို့ကို ငါပြီးမြောက်နိုင်စေကြောင်းတို့ပင်တည်း။
၅ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ် ထိုအရာတို့ကို မြင်လေသကဲ့သို့ပင် သင်တို့သည်လည်း ထိုအရာတို့ကို မြင်ရလေကြောင်း သက်သေခံကြရမည်။ အကြောင်းမူကား၊ ငါ၏တန်ခိုးတော်အားဖြင့် ထိုအရာတို့ကို သူမြင်ရလေပြီ၊ သူမှာ ယုံကြည်ခြင်းရှိသောကြောင့်လည်းဖြစ်၏။
၆ သူသည် ထိုကျမ်းကို၊ အထူးသဖြင့် သူ့ကို ငါမိန့်တော်မူလေသည့် ထိုအစိတ်အပိုင်းကို ဘာသာပြန်လေပြီ။ သင်တို့၏ကိုယ်တော်ရှင်နှင့် သင်တို့၏ဘုရားသခင်အသက်ရှင်တော်မူသည့်အတိုင်း ထိုအမှုမှန်ကန်၏။
၇ သို့ဖြစ်၍၊ သင်တို့သည် သူကဲ့သို့ပင် တူသောတန်ခိုး၊ ထို့အတူ၊ တူသောယုံကြည်ခြင်း၊ ထို့အတူ တူသောဆုကျေးဇူးကို လက်ခံရရှိကြလေပြီ။
၈ သင်တို့အား ငါပေးတော်မူလေသည့် ငါ၏ ဤနောက်ဆုံးသောပညတ်တော်များကို သင်တို့ဆောင်ရွက်ကြလျှင်၊ ငရဲ၏တံခါးတို့သည် သင်တို့ကို မနိုင်ရာ။ အကြောင်းမူကား၊ သင်တို့အတွက် ငါ၏ကျေးဇူးတော်သည် လုံလောက်၏။ သင်တို့သည်လည်း နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူခြင်းကို ခံကြရလိမ့်မည်။
၉ ငါ၊ ယေရှုခရစ်တော်၊ သင်တို့၏ကိုယ်တော်ရှင်နှင့် သင်တို့၏ဘုရားသခင်သည် လူသားများအဖို့ ငါ၏ဖြောင့်မတ်သောအကြံအစည်တော်တို့ကို ပြီးမြောက်နိုင်စေကြောင်း ထိုအရာကို သင်တို့အား မိန့်တော်မူလေပြီ။ အာမင်။