အပိုဒ်ငယ် ၁၈
၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်၊ အော်လီဗာကောင်ဒရီနှင့် ဒေးဗစ်ဝှစ်တမာတို့ထံ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်၏ အဆိုအရ၊ “နောက်ပိုင်းကာလ၌ တမန်တော်တစ်ဆယ့်နှစ်ပါး၏ အမှုတော်ဆောင်တာဝန်၊ ထို့အတူ၊ အသင်းတော်ကိုတည်ထောင်ခြင်းနှင့်စပ်လျဉ်းသည့် သွန်သင်ချက်များကို” ဤဗျာဒိတ်တော်က ဖော်ပြ၏။
၁–၅၊ အသင်းတော်ကို မည်သို့တည်ထောင်ရန် ကျမ်းစာများက ဖော်ပြ၏။ ၆–၈၊ လောကသည် ဒုစရိုက်၌ ရင့်မှည့်လျက်ရှိ၏။ ၉–၁၆၊ လူတို့၏ထိုက်တန်မှုသည် ကြီးမြတ်၏။ ၁၇–၂၅၊ ကယ်တင်ခြင်းကို ရရှိဖို့၊ လူသားတို့သည် မိမိတို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူကြရမည်။ ၂၆–၃၆၊ တစ်ဆယ့်နှစ်ပါး၏ အမှုတော်ဆောင်တာဝန်နှင့် သာသနာပြုခြင်းကို ဖော်ပြထား၏။ ၃၇–၃၉၊ အော်လီဗာကောင်ဒရီနှင့် ဒေးဗစ်ဝှစ်တမာတို့သည် တစ်ဆယ့်နှစ်ပါးကို ရှာဖွေရကြမည်။ ၄၀–၄၇၊ ကယ်တင်ခြင်းကို ရရှိဖို့၊ လူသားတို့သည် နောင်တရ၍၊ ဗတ္တိဇံခံလျက်၊ ပညတ်တော်များကို စောင့်ထိန်းရမည်။
၁ ယခုတွင်၊ ရှုလော့၊ သင်၊ ငါ့ကျွန်အော်လီဗာကောင်ဒရီ ငါ့ထံမှသိလိုသောအရာကြောင့်၊ ငါသည် သင့်အား ဤနှုတ်ကပတ်တော်များကို ပေး၏။
၂ ရှုလော့၊ သင်ရေးလေသည့်အရာများ မှန်ကန်ကြောင်း၊ ငါသည် သင့်ကို ငါ၏ဝိညာဉ်တော်အားဖြင့် ကြိမ်ဖန်များစွာ ထင်ရှားစွာပြလေပြီ။ သို့ဖြစ်၍၊ ထိုအရာတို့မှန်ကန်ကြောင်းကို သင်သိ၏။
၃ သင်သည် ထိုအရာတို့မှန်ကန်ကြောင်းသိလျှင်၊ ရှုလော့၊ ငါသည် ရေးထားသောအရာများအပေါ် သင်မှီခိုရမည့်အကြောင်း သင့်အား ပညတ်တော်ကို ပေး၏။
၄ အကြောင်းမူကား၊ ထိုအရာတို့အထဲတွင်၊ ငါ၏အသင်းတော်၊ ငါ၏ဧဝံဂေလိတရားတော်နှင့် ငါ့ကျောက်၏ အုတ်မြစ်အကြောင်း ခပ်သိမ်းသောအရာများကို ရေးထား၏။
၅ သို့ဖြစ်၍၊ သင်သည် ငါ၏ဧဝံဂေလိတရားတော်နှင့် ငါ့ကျောက်၏အုတ်မြစ်ပေါ်မှာ ငါ၏ အသင်းတော်ကို တည်ဆောက်မည်ဆိုလျှင်၊ ငရဲ၏တံခါးတို့သည် သင့်ကို မနိုင်ရာ။
၆ ရှုလော့၊ လောကသည် ဒုစရိုက်၌ ရင့်မှည့်လျက်ရှိ၏။ တပါးအမျိုးသားနှင့် ဣသရေလအမျိုးသားများလည်းဖြစ်သည့် လူသားတို့သည် နောင်တရခြင်းသို့ နှိုးဆော်ခံရရန် လိုအပ်၏။
၇ သို့ဖြစ်၍၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်ကို ငါမိန့်တော်မူလေသည့်အတိုင်း သူ့လက်အားဖြင့် သင်ဗတ္တိဇံခံလေပြီးဖြစ်သဖြင့်၊ သူသည် ငါမိန့်တော်မူသည့် အရာကို ပြီးပြည့်စုံစေလေပြီ။
၈ ယခုမူကား၊ ငါသိမှတ်တော်မူသည့် ငါကိုယ်တိုင်၏ ကြံရွယ်ချက်အတွက် သူ့အား ငါခေါ်သွင်းတော်မူလေသည်ကို အံ့ဩခြင်းမရှိနှင့်။ သို့ဖြစ်၍၊ သူသည် ငါ၏ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယရှိမည်ဆိုလျှင်၊ ထာဝရအသက်အထိ ကောင်းချီးခံစားရလိမ့်မည်။ သူ၏အမည်မှာ ဂျိုးဇက်ဖြစ်၏။
၉ ယခုမူကား၊ အော်လီဗာကောင်ဒရီ၊ ထို့အတူ ဒေးဗစ်ဝှစ်တမာ၊ ငါသည် သင်တို့ကို ပညတ်တော်အတိုင်း မိန့်တော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် နေရာတိုင်းရှိ ခပ်သိမ်းသောလူတို့အား နောင်တရရန် မိန့်တော်မူ၏။ ငါ့တမန်တော်ပေါလုကို ကဲ့သို့ပင် သင်တို့ကို မိန့်တော်မူ၏။ အကြောင်းမူကား၊ သင်တို့သည် သူခေါ်သွင်းခံရလေသည့် ထိုတူသောအမှုတော်ဆောင်တာဝန်ဖြင့်ပင် ခေါ်သွင်းခံရကြ၏။
၁၀ ဘုရားသခင်၏အမြင်၌ လူတို့၏ထိုက်တန်မှုကြီးမြတ်ကြောင်းကို သတိရကြလော့။
၁၁ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင် သင်၏ရွေးနုတ်ရှင်သည် ဇာတိကိုယ်ခန္ဓာအားဖြင့် သေခြင်းကို ခံစား၏။ သို့ဖြစ်၍၊ သူသည် ခပ်သိမ်းသော လူသားတို့နောင်တရ၍ သူ့ထံသို့ လာနိုင်ကြစေကြောင်း၊ ခပ်သိမ်းသော လူသားတို့၏ နာကျင်မှုကို ခံစားတော်မူ၏။
၁၂ ခပ်သိမ်းသော လူသားအပေါင်းတို့ကို နောင်တရခြင်းအခွင့်များဖြင့် သူ့ထံသို့ ဆောင်ယူနိုင်စေကြောင်း၊ သေခြင်းမှ တစ်ဖန်ထမြောက်တော်မူ၏။
၁၃ နောင်တရသူ၌ သူ၏ဝမ်းမြောက်ခြင်းမှာ ကြီးမြတ်လှပေစွတကား။
၁၄ သို့ဖြစ်၍၊ သင်တို့သည် ဤလူတို့အား နောင်တရခြင်းကို ဟစ်ကြော်စေခြင်းငှာ ခေါ်သွင်းခံရကြ၏။
၁၅ ထိုသို့ဆိုလျှင်၊ သင်တို့သည် ဤလူတို့အား နောင်တရခြင်းကို ဟစ်ကြော်ခြင်း၌ တစ်သက်လုံး အလုပ်လုပ်ပြီး၊ လူတစ်ယောက်ကိုသာ ငါ့ထံသို့ ဆောင်ယူလျှင်၊ ငါ့ခမည်းတော်၏နိုင်ငံတော်၌ ထိုသူနှင့်အတူ သင်တို့၏ဝမ်းမြောက်ခြင်းမှာ ကြီးမြတ်လတ္တံ့ပေစွတကား။
၁၆ ယခုမူကား၊ ငါ့ထံ ငါ့ခမည်းတော်၏နိုင်ငံတော်ထဲသို့ သင်တို့ဆောင်ယူလေသည့် သူတစ်ယောက်နှင့်အတူ သင်တို့၏ဝမ်းမြောက်ခြင်း ကြီးစွာဖြစ်မည်ဆိုလျှင်၊ သင်တို့သည် များစွာသောလူတို့ကို ငါ့ထံဆောင်ယူမည်ဆိုပါက သင်တို့၏ဝမ်းမြောက်ခြင်းမှာ အဘယ်မျှကြီးစွာဖြစ်လိမ့်မည်နည်း။
၁၇ ရှုလော့၊ သင်တို့ရှေ့မှာ ငါ၏ဧဝံဂေလိတရားတော်၊ ထို့အတူ ငါ၏ကျောက်၊ ထို့အတူ ငါ၏ကယ်တင်ခြင်းရှိ၏။
၁၈ သင်တို့သည် ရရှိလိမ့်မည်ဟု ယုံကြည်လျက်၊ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ယုံကြည်ခြင်းဖြင့် တောင်းကြလော့။ သင့်လျော်သောအရာမှန်သမျှကို လူသားတို့ထံ ထင်ရှားစွာပြသည့် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ရရှိကြလိမ့်မည်။
၁၉ သင်တို့မှာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့ မရှိကြလျှင်၊ သင်တို့သည် အဘယ်အရာကိုမျှ မပြုနိုင်ကြ။
၂၀ နတ်ဆိုး၏အသင်းတော်ကိုမှတစ်ပါး၊ အဘယ်အသင်းတော်ကိုမျှ မဆန့်ကျင်မတိုက်ခိုက်နှင့်။
၂၁ သင်တို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူကြလော့။ သမ္မတရားကို တည်ကြည်လေးနက်စွာ ဟောပြောလော့။
၂၂ နောင်တရ၍၊ ယေရှုခရစ်တော်တည်းဟူသော ငါ၏နာမတော်၌ ဗတ္တိဇံခံပြီး၊ အဆုံးတိုင်အောင်တည်ကြည်သူမှန်သမျှသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၂၃ ရှုလော့၊ ယေရှုခရစ်တော်ဟူသည်ကား၊ ခမည်းတော်အားဖြင့် ပေးထားတော်မူသည့် နာမတော်ဖြစ်၏။ လူသားကယ်တင်ခြင်းသို့ ရောက်နိုင်သည့် ပေးထားသောအခြားနာမ၊ မရှိ။
၂၄ သို့ဖြစ်၍၊ လူသားအပေါင်းတို့သည် ခမည်းတော်အားဖြင့် ပေးထားတော်မူသည့်နာမတော်ကို မိမိတို့အပေါ်မှာ ခံယူကြရမည်။ အကြောင်းမူကား၊ နောက်ဆုံးသောနေ့၌ ထိုနာမတော်အားဖြင့် သူတို့ အခေါ်ခံကြရလိမ့်မည်။
၂၅ သို့ဖြစ်၍၊ သူတို့သည် အခေါ်ခံရသည့် နာမတော်ကို သိခြင်းမရှိလျှင်၊ ငါ့ခမည်းတော်၏နိုင်ငံတော်၌ နေရာမရနိုင်ကြ။
၂၆ ယခုမူကား၊ ရှုလော့၊ တပါးအမျိုးသားနှင့် ယုဒလူမျိုး နှစ်မျိုးစလုံးသို့ ငါ၏ဧဝံဂေလိတရားတော်ကို ဟောကြားဖို့ ခေါ်သွင်းခံကြရသည့် အခြားသောသူများရှိ၏။
၂၇ အထူးသဖြင့်၊ တစ်ဆယ့်နှစ်ပါးသည် ခေါ်သွင်းခံရလိမ့်မည်။ ထိုတစ်ဆယ့်နှစ်ပါးသည် ငါ၏တပည့်တော်များဖြစ်ပြီး၊ သူတို့အပေါ်၌ ငါ၏နာမတော်ကို ခံယူကြလိမ့်မည်။ ထိုတစ်ဆယ့်နှစ်ပါးသည်ကား၊ သူတို့အပေါ်၌ ငါ၏နာမတော်ကို စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ခံယူလိုကြမည့်သူများပေတည်း။
၂၈ သူတို့အပေါ်၌ ငါ၏နာမတော်ကို စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ခံယူလိုကြလျှင်၊ လူသတ္တဝါတိုင်းထံ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောစေခြင်းငှာ၊ လောကတစ်ခုလုံးသို့ သွားစေဖို့ ခေါ်သွင်းခံရကြ၏။
၂၉ သူတို့သည်ကား၊ ရေးထားလေသည့်အတိုင်း၊ ငါ၏နာမတော်၌ ဗတ္တိဇံပေးစေခြင်းငှာ ငါအားဖြင့် ခန့်ထားခံရသောသူများဖြစ်၏။
၃၀ ရေးထားသောအရာ သင်တို့ရှေ့မှာရှိ၏။ သို့ဖြစ်၍၊ သင်တို့သည် ရေးထားသောစကားများအတိုင်း ထိုအမှုကို ဆောင်ရွက်ရမည်။
၃၁ ယခုမူကား၊ သင်တို့၊ တစ်ဆယ့်နှစ်ပါးကို ငါမိန့်တော်မူသည်ကား—ရှုလော့၊ သင်တို့အဖို့ ငါ၏ကျေးဇူးတော်သည် လုံလောက်၏။ သင်တို့သည် ငါ့ရှေ့မှာ ဖြောင့်မတ်စွာကျင့်ရမည်၊ အပြစ်မပြုရ။
၃၂ ထို့အတူ၊ ရှုလော့၊ သင်တို့သည်ကား၊ သင်တို့အထဲ၌ရှိသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအတိုင်း၊ ထို့အတူ လူသားများသို့ ဘုရားသခင်၏ အမှုတော်ဆောင်တာဝန်များနှင့် ဆုကျေးဇူးများအတိုင်း ယဇ်ပုရောဟိတ်များနှင့်ဆရာများကို ခန့်ထားစေခြင်းငှာ၊ ငါ၏ဧဝံဂေလိတရားတော်ကို ဟောကြားစေခြင်းငှာ၊ ငါအားဖြင့် ခန့်ထားခံရသောသူများဖြစ်၏။
၃၃ ငါ၊ ယေရှုခရစ်တော်၊ သင်တို့၏ကိုယ်တော်ရှင်နှင့် သင်တို့၏ဘုရားသခင်သည် ထိုအရာကို မိန့်တော်မူလေပြီ။
၃၄ ဤနှုတ်ကပတ်တော်များသည် လူသားတို့ထံမှမဟုတ်၊ လူသားထံမှလည်းမဟုတ်၊ သို့ရာတွင်၊ ငါ့ထံမှ ဖြစ်၏။ သို့ဖြစ်၍၊ ထိုအရာတို့သည် ငါ့ထံမှဖြစ်ကြောင်းနှင့် လူသားထံမှမဟုတ်ကြောင်း သင်တို့သက်သေခံကြရမည်။
၃၅ အကြောင်းမူကား၊ ထိုအရာတို့ကို သင်တို့ထံ မိန့်တော်မူသည်မှာ ငါ၏အသံဖြစ်၏။ ထိုအရာတို့ကို ငါ၏ဝိညာဉ်တော်အားဖြင့် သင်တို့ထံပေးထားတော်မူ၏။ ငါ၏တန်ခိုးတော်အားဖြင့်လည်း သင်တို့သည် ထိုအရာတို့ကို တစ်ယောက်ကိုတစ်ယောက် ရွတ်ဖတ်နိုင်ကြ၏။ ငါ၏တန်ခိုးတော်အားဖြင့်မှတစ်ပါး၊ ထိုအရာတို့ကို သင်တို့မရရှိနိုင်ကြ။
၃၆ သို့ဖြစ်၍၊ သင်တို့သည် ငါ၏အသံကို ကြားနာကြလေပြီး၊ ငါ၏နှုတ်ကပတ်တော်များကို သိကြကြောင်း သက်သေခံနိုင်ကြ၏။
၃၇ ယခုမူကား၊ ရှုလော့၊ သင် အော်လီဗာကောင်ဒရီ၊ ထို့အတူ၊ ဒေးဗစ်ဝှစ်တမာကိုလည်း ငါတာဝန်ပေးသည်မှာ၊ ငါမိန့်တော်မူလေသည့်အရာများအကြောင်း အလိုဆန္ဒရှိကြမည့်သူတည်းဟူသော တစ်ဆယ့်နှစ်ပါးကို သင်တို့ရှာဖွေကြရမည်။
၃၈ သူတို့၏ အလိုဆန္ဒများနှင့် သူတို့၏အကျင့်များအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။
၃၉ သင်တို့သည် သူတို့ကို တွေ့ရလေသောအခါ၊ ဤအရာများကို သူတို့အား ပြရမည်။
၄၀ သင်တို့သည် လဲကျလျက် ငါ၏နာမတော်အားဖြင့် ခမည်းတော်ကို ကိုးကွယ်ရမည်။
၄၁ သင်တို့သည်လည်း လောကသို့ ဟောပြောရမည်၊ ဆိုရမည်ကား၊ သင်တို့နောင်တရပြီး ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။
၄၂ အကြောင်းမူကား၊ ခပ်သိမ်းသော ယောက်ျားများ နောင်တရပြီး၊ ဗတ္တိဇံခံရကြမည်။ ယောက်ျားများသာလျှင်မဟုတ်ဘဲ၊ မိန်းမများ၊ ထို့အတူ တာဝန်ရှိသည့်အသက်အရွယ်ရောက်သူ ကလေးများလည်းပါဝင်၏။
၄၃ ယခုမူကား၊ သင်တို့သည် ဤအရာကို လက်ခံရရှိလေပြီးနောက်တွင်၊ အရာရာ၌ ငါ၏ပညတ်တော်များကို စောင့်ထိန်းရမည်။
၄၄ လူသားများ နောင်တရခြင်းသို့ လာနိုင်ကြစေခြင်းငှာ၊ ထို့အတူ၊ ငါ့ခမည်းတော်၏နိုင်ငံတော်သို့ လာနိုင်ကြစေခြင်းငှာ၊ သူတို့၏များစွာသောအပြစ်များကို နားသွင်းခြင်းသို့တိုင်အောင် သူတို့၌ အံ့ဩဖွယ်ကောင်းသောအမှုကို သင်တို့လက်များအားဖြင့် ငါပြုတော်မူမည်။
၄၅ သို့ဖြစ်၍၊ သင်တို့အား ငါပေးတော်မူသည့် ကောင်းချီးမင်္ဂလာများသည် ခပ်သိမ်းသောအရာတို့ထက် ကြီးမြတ်ပေ၏။
၄၆ သင်တို့သည် ဤအရာကို လက်ခံရရှိလေပြီးနောက်တွင်၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းခြင်းမရှိလျှင်၊ ငါ့ခမည်းတော်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြ။
၄၇ ရှုလော့၊ ငါ၊ ယေရှုခရစ်တော်၊ သင်တို့၏ကိုယ်တော်ရှင်နှင့် သင်တို့၏ဘုရားသခင်၊ ထို့အတူ သင်တို့၏ရွေးနုတ်ရှင်သည် ငါ့ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ထိုအရာကို မိန့်တော်မူလေပြီ။ အာမင်။