အပိုဒ်ငယ် ၁၉
၁၈၂၉ ခု၊ နွေရာသီလောက်က၊ မန်ချက်စတာ၊ နယူးယောက်၌ ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ သူ၏သမိုင်းတွင်၊ ပရောဖက်သည် ထိုအရာကို “မာတင်ဟဲရစ်သို့ လူသားထံမှ မဟုတ်ဘဲ၊ ဘုရားသခင်ထံမှ၊ ထာဝရဖြစ်တော်မူသောသူအားဖြင့် ပေးတော်မူခဲ့သည့် ပညတ်တော်တစ်ခုအဖြစ်” ရှင်းပြ၏။
၁–၃၊ ခရစ်တော်၌ ခပ်သိမ်းသောတန်ခိုးတော်ရှိ၏။ ၄–၅၊ လူသားအပေါင်းတို့သည် နောင်တရကြရမည်၊ သို့မဟုတ်လျှင်၊ ဒုက္ခဝေဒနာခံစားကြရမည်။ ၆–၁၂၊ ထာဝရအပြစ်ဒဏ်သည် ဘုရားသခင်၏အပြစ်ဒဏ်ဖြစ်၏။ ၁၃–၂၀၊ ခပ်သိမ်းသောသူတို့နောင်တရကြမည်ဆိုလျှင် ဒုက္ခဝေဒနာမခံစားကြရနိုင်စေခြင်းငှာ၊ ခရစ်တော်သည် သူတို့အတွက် ဒုက္ခဝေဒနာခံစားတော်မူ၏။ ၂၁–၂၈၊ နောင်တရခြင်းအကြောင်း ဧဝံဂေလိတရားတော်ကို ဟောပြောလော့။ ၂၉–၄၁၊ ဝမ်းသာစရာသတင်းကို ဟောကြားလော့။
၁ ငါသည် အာလဖနှင့် ဩမေဃ၊ ခရစ်တော်ကိုယ်တော်ရှင်ဖြစ်တော်မူ၏။ အမှန်စင်စစ်၊ ငါသည် အစနှင့်အဆုံး၊ လောက၏ရွေးနုတ်ရှင်ပင် ဖြစ်တော်မူ၏။
၂ ငါသည် ငါ့ကိုပိုင်သောသူ၏၊ အထူးသဖြင့် ခမည်းတော်၏ ငါနှင့်စပ်လျဉ်းသည့်အလိုတော်ကို ပြီးမြောက်၍၊ ပြီးဆုံးစေလျက်—ခပ်သိမ်းသောအရာတို့ကို ငါ့အောက်၌ ငါနှိမ့်ချနိုင်တော်မူစေကြောင်း ဤအမှုကို ပြုလေလျက်—
၃ ကမ္ဘာကုန်သောအခါ၌၊ ထို့အတူ၊ လူတိုင်းကို မိမိပြုလေသည့် အကျင့်များနှင့် အမှုများအတိုင်း တရားစီရင်လျက် ကမ္ဘာမှာနေထိုင်သူတို့အပေါ် ငါရောက်စေသည့် တရားစီရင်တော်မူရာ ကြီးစွာသောနောက်ဆုံးနေ့၌၊ စာတန်နှင့် သူ၏အမှုများကို ဖျက်ဆီးခြင်းသို့တိုင်အောင်၊ ခပ်သိမ်းသောတန်ခိုးကို ရရှိလျက်နေ၏။
၄ လူတိုင်းဧကန်အမှန်နောင်တရကြရမည်၊ သို့မဟုတ်လျှင်၊ ဒုက္ခဝေဒနာခံစားကြရမည်၊ အကြောင်းမူကား၊ ငါ၊ ဘုရားသခင်သည် အဆုံးမရှိဖြစ်တော်မူ၏။
၅ သို့ဖြစ်၍၊ ငါသည် ဖြစ်စေတော်မူမည့် တရားစီရင်ခြင်းများကို ပယ်ဖျက်ခြင်းမရှိ၊ သို့ရာတွင် အမင်္ဂလာတို့သည်၊ ငိုကြွေးလျက်၊ မြည်တမ်းလျက်၊ အံသွားခဲကြိတ်လျက်၊ အမှန်စင်စစ်၊ ငါ၏လက်ဝဲတော်ဘက်၌ တွေ့ရသူများထံ ထွက်သွားလတ္တံ့။
၆ အဘယ်သို့ပင်ဖြစ်စေ၊ ဤစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းနှင့် စပ်လျဉ်း၍ အဆုံးရှိလိမ့်မည်မဟုတ်ဟု ရေးမထား၊ သို့ရာတွင်၊ အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းဟု ရေးထား၏။
၇ တစ်ဖန်၊ ထာဝရအပြစ်ဒဏ်ရောက်ခြင်းဟု ရေးထား၏။ သို့ဖြစ်၍၊ ငါ့နာမ၏ဘုန်းတော်အားလုံးအတွက် လူသားတို့၏စိတ်နှလုံးကို လှုံ့ဆော်နိုင်စေကြောင်း ထိုအရာသည် အခြားသောကျမ်းစာများထက် ပို၍ရှင်းလင်းပေ၏။
၈ သို့ဖြစ်၍၊ ငါသည် သင်တို့အား ဤနက်နဲခြင်းကို ရှင်းပြမည်၊ အကြောင်းမူကား၊ ငါ၏တမန်တော်များကဲ့သို့ပင် သင်တို့သိအပ်၏။
၉ ငါ၏ချမ်းသာထဲသို့ သင်တို့ဝင်ရောက်နိုင်စေခြင်းငှာ၊ ငါသည် ဤအမှု၌ ရွေးကောက်ထားသည့်သင်တို့အား တစ်ဦးတည်းကို ကဲ့သို့ပင်၊ မိန့်တော်မူ၏။
၁၀ အကြောင်းမူကား၊ ရှုလော့၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၏ နက်နဲခြင်းသည် ကြီးမြတ်လှပေစွတကား။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် အဆုံးမရှိသူဖြစ်ပြီး၊ ငါ့လက်မှပေးထားသည့် အပြစ်ဒဏ်သည် အဆုံးမရှိသည့် အပြစ်ဒဏ်ဖြစ်၏။ အကြောင်းမူကား၊ အဆုံးမရှိခြင်းဟူသည်မှာ ငါ၏နာမတော်ဖြစ်၏။ သို့ဖြစ်၍—
၁၁ ထာဝရအပြစ်ဒဏ်သည် ဘုရားသခင်၏အပြစ်ဒဏ်ဖြစ်၏။
၁၂ အဆုံးမရှိသည့်အပြစ်ဒဏ်သည် ဘုရားသခင်၏အပြစ်ဒဏ်ဖြစ်၏။
၁၃ သို့ဖြစ်၍၊ နောင်တရစေခြင်းငှာ၊ သင့်ကို ငါမိန့်တော်မူ၏။ ငါ၏နာမတော်၌၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်၏ လက်အားဖြင့် သင်လက်ခံရရှိလေသည့် ပညတ်တော်များကို စောင့်ထိန်းလော့။
၁၄ ငါ၏အနန္တတန်ခိုးတော်အားဖြင့်လည်း ထိုအရာတို့ကို သင်လက်ခံရရှိလေပြီ။
၁၅ ထို့ကြောင့်၊ နောင်တရစေခြင်းငှာ၊ သင့်ကို ငါမိန့်တော်မူ၏—ငါသည် သင့်ကို၊ ငါ၏နှုတ်ကပတ်တော်လှံတံဖြင့်၊ ထို့အတူ ငါ၏အမျက်တော်ဖြင့်၊ ထို့အတူ၊ ငါ၏ဒေါသဖြင့် ပြင်းစွာမရိုက်ရစေခြင်းငှာ၊ နောင်တရလော့။ သင်၏ဒုက္ခဝေဒနာခံစားခြင်းများသည်လည်း ပြင်းထန်၍—အဘယ်မျှပြင်းထန်သည်ကို သင်သိခြင်းမရှိ၊ အဘယ်မျှ စူးရှသည်ကို သင်သိခြင်းမရှိ၊ ထိုမှတစ်ပါး၊ ခံနိုင်ဖို့ အဘယ်မျှခက်ခဲသည်ကို သင်သိခြင်းမရှိ။
၁၆ အကြောင်းမူကား၊ ရှုလော့၊ ခပ်သိမ်းသောသူတို့ နောင်တရကြမည်ဆိုလျှင်၊ ဒုက္ခဝေဒနာမခံစားကြရနိုင်စေခြင်းငှာ၊ ငါ၊ ဘုရားသခင်သည် သူတို့အတွက် ဤအရာတို့ကို ခံစားတော်မူလေပြီ။
၁၇ သို့ရာတွင်၊ သူတို့သည် နောင်တမရကြလျှင်၊ ငါကဲ့သို့ပင် ခံစားကြရမည်။
၁၈ ထိုဒုက္ခဝေဒနာခံစားခြင်းက ငါကိုယ်တိုင်၊ အကယ်စင်စစ် ဘုရားသခင်၊ ခပ်သိမ်းသောသူတို့ထက် အကြီးမြတ်ဆုံးဖြစ်သူကိုပင်၊ နာကျင်မှုကြောင့် တုန်စေ၊ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်စေ၊ ထို့အတူ၊ ကိုယ်ခန္ဓာနှင့် စိတ်နှစ်ခုစလုံးကို ဒုက္ခဝေဒနာ ခံစားစေ၏—ငါသည် ခါးသောဖလားကို မသောက်ရနိုင်ဖို့ အလိုရှိလျက်၊ တွန့်ဆုတ်၏—
၁၉ သို့သော်လည်း၊ ဘုန်းတော်သည် ခမည်းတော်အဖို့ဖြစ်ပါစေသတည်း၊ ငါသည်လည်း သောက်သုံး၍၊ လူသားတို့အတွက် ငါ၏ပြင်ဆင်ခြင်းများကို ပြီးဆုံးစေ၏။
၂၀ သို့ဖြစ်၍၊ နောင်တရစေခြင်းငှာ၊ သင့်ကို ငါတစ်ဖန်မိန့်တော်မူသည်မှာ ငါ၏အနန္တတန်ခိုးတော်အားဖြင့် သင့်ကို မနှိမ့်ချရစေကြောင်း၊ ထို့အတူ၊ သင်၏အပြစ်များကို သင်ဝန်ခံစေကြောင်း၊ ငါ၏ဝိညာဉ်တော်ကို ငါနုတ်ယူစဉ်မှာ သင်တွေ့ကြုံလေသည့် ငါမိန့်တော်မူလေသည့် ဤအပြစ်ဒဏ်များ၊ ၎င်းတို့မှ အငယ်ဆုံး၊ အမှန်စင်စစ်၊ အနည်းဆုံးသောပမာဏကိုပင် သင်မခံစားရစေကြောင်းပင်တည်း။
၂၁ နောင်တရခြင်းမှတစ်ပါး၊ အဘယ်အရာကိုမျှ သင်မဟောပြောရမည့်အကြောင်း၊ သင့်ကို ငါမိန့်တော်မူ၏၊ ငါ့အထဲ၌ရှိသည့် ဉာဏ်ပညာတော်အတိုင်း မဖြစ်မီ ဤအရာများကိုလည်း လောကသို့ပြခြင်းမပြုနှင့်။
၂၂ အကြောင်းမူကား၊ ယခုတွင်၊ သူတို့သည် အသားကို မကြေနိုင်၍ နို့ကိုသာ လက်ခံရမည်။ သို့ဖြစ်၍၊ သူတို့ မပျက်စီးကြစေခြင်းငှာ၊ ဤအရာတို့ကို သိခြင်းမရှိရ။
၂၃ ငါ့ထံမှ သင်ယူလော့၊ ငါ၏နှုတ်ကပတ်တော်များကိုလည်း နားထောင်လော့။ ငါ့ဝိညာဉ်တော်၏ သိမ်မွေ့အောက်ကျို့ခြင်းသို့ လိုက်လော့၊ သင်သည် ငါအားဖြင့် ငြိမ်းချမ်းခြင်းကို ရရှိလိမ့်မည်။
၂၄ ငါသည် ယေရှုခရစ်တော်ဖြစ်၏။ ငါသည် ခမည်းတော်၏အလိုတော်အားဖြင့် လာခဲ့၏။ သူ၏အလိုတော်ကိုလည်း ဆောင်ရွက်မည်။
၂၅ ထိုမှတစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်ကား၊ သင်သည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဇနီးကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အသက်ကိုလည်း မရှာနှင့်။
၂၆ ထိုမှတစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်ကား၊ သင်သည် သင်ကိုယ်တိုင်၏ဥစ္စာပစ္စည်းများကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်၊ သို့ရာတွင် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ပါဝင်သည့် မော်မုန်ကျမ်းပုံနှိပ်ခြင်းအတွက် လွတ်လပ်စွာမျှ၍ ပေးလော့—
၂၇ တပါးအမျိုးသားတို့အတွက် ငါ၏နှုတ်ကပတ်တော်ဖြစ်သည့် ထိုကျမ်းကို လာမန်အမျိုးသားတို့အား ကျန်ကြွင်းသောသူများဖြစ်စေသည့် ယုဒလူမျိုးများသို့ မကြာမြင့်မီရောက်စေကြောင်းပင်တည်း။ ထိုသို့ရောက်စေသည်မှာလည်း၊ ဧဝံဂေလိတရားတော်ကို သူတို့ယုံကြည်ပြီး၊ ကြွလာတော်မူနှင့်လေပြီးဖြစ်သည့် မေရှိယကို ကြွလာဖို့ မမျှော်လင့်ကြစေခြင်းငှာပေတည်း။
၂၈ ထိုမှတစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်ကား၊ သင်သည် စိတ်နှလုံးထဲ၌ ဆုတောင်းသကဲ့သို့ အသံထွက်၍လည်း၊ ထိုမှတစ်ပါး၊ မထင်ရှားသောအရပ်၌ကဲ့သို့ လောကရှေ့၌လည်း၊ တစ်ကိုယ်တည်း၌ကဲ့သို့ အများထဲ၌လည်း ဆုတောင်းရမည်။
၂၉ သင်သည် ဝမ်းသာစရာသတင်းကို ဟောကြားရမည်။ ထိုမှတစ်ပါး၊ တောင်များပေါ်၌၊ ထို့အတူ မြင့်သောအရပ်မှန်သမျှပေါ်၌၊ ထို့အတူ သင်မြင်ခွင့်ရမည့်လူမှန်သမျှ၌ ထိုသတင်းကို ပြောကြားရမည်။
၃၀ သင်သည် နှိမ့်ချခြင်းအလုံးစုံဖြင့်၊ ငါ့ကို ကိုးစားလျက်၊ ကဲ့ရဲ့ပြောဆိုသူများကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုခြင်းမရှိဘဲ၊ ထိုအမှုကို ပြုရမည်။
၃၁ ဘာသာရေးအယူဝါဒများအကြောင်းကို သင် မပြောရ၊ သို့ရာတွင်၊ သင်သည် နောင်တရခြင်းနှင့် ကယ်တင်ရှင်ကို ယုံကြည်ခြင်း၊ ထို့အတူ၊ ဗတ္တိဇံ အားဖြင့်၊ ထို့အတူ၊ မီး၊ အထူးသဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပြစ်များမှလွှတ်ခြင်းကို ဟောကြားရမည်။
၃၂ ရှုလော့၊ ဤအရာသည်ကား၊ ဤအမှုနှင့်စပ်လျဉ်း၍ သင့်ထံ ငါပေးတော်မူမည့် ကြီးမြတ်သည့် နောက်ဆုံးသောပညတ်တော်ဖြစ်၏။ အကြောင်းမူကား၊ ဤအရာသည် သင်၏နေ့စဉ်ဘဝအတွက်၊ သင့်အသက်တာ၏ အဆုံးတိုင်အောင်ပင် လုံလောက်လိမ့်မည်။
၃၃ သင်သည် ဤသွန်သင်ချက်များကို အလေးမထားလျှင်၊ ဝမ်းနည်းပူဆွေးမှု၊ အထူးသဖြင့်၊ သင်ကိုယ်တိုင်နှင့် ဥစ္စာပစ္စည်းများဖျက်ဆီးခြင်းကိုပင် ခံရလိမ့်မည်။
၃၄ သင့်ဥစ္စာပစ္စည်းများ၏တစ်စိတ်တစ်ပိုင်းကို၊ အထူးသဖြင့်၊ သင်၏မြေအချို့၊ ထို့အတူ၊ သင့်မိသားစုအတွက် အထောက်အမမှတစ်ပါး၊ ခပ်သိမ်းသောအရာတို့ကိုပင် မျှ၍ပေးလော့။
၃၅ ပုံနှိပ်သူနှင့် သင်စာချုပ်ချုပ်ထားလေသည့် အကြွေးကို ပေးလော့။ သင့်ကိုယ်သင် ကျွန်ခံရာမှလွတ်စေလော့။
၃၆ သင်၏မိသားစုကို တွေ့လိုသောအခါမှတစ်ပါး၊ သင်၏နေအိမ်နှင့် အိမ်မှ ထွက်ခွာလော့။
၃၇ ခပ်သိမ်းသောသူတို့ကို လွတ်လပ်စွာ ဟောပြောလော့။ ထိုမှတစ်ပါး၊ ကျယ်သောအသံနှင့်၊ ရွှင်လန်းဝမ်းမြောက်ခြင်းအသံနှင့်ပင် သမ္မာတရားကို ဟောပြောလျက်၊ တိုက်တွန်းလျက်၊ ဟောကြားလျက်—ဟောရှဏ္ဏဖြစ်စေသတည်း၊ ဟောရှဏ္ဏဖြစ်စေသတည်း၊ ကိုယ်တော်ရှင်ဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဟစ်ကြွေးလော့။
၃၈ အစဉ်အမြဲဆုတောင်းလော့၊ ငါ၏ဝိညာဉ်တော်ကို သင့်အပေါ် သွန်းလောင်းတော်မူမည်၊ သင်၏ကောင်းချီးမင်္ဂလာသည်လည်း ကြီးမြတ်လိမ့်မည်—အမှန်စင်စစ်၊ မြေကြီးမှဘဏ္ဍာများနှင့် ပမာဏတူသည့် ဖောက်ပြန်တတ်ခြင်းထက်ပင် သာ၍များလိမ့်မည်။
၃၉ ရှုလော့၊ ရွှင်လန်းဝမ်းမြောက်ခြင်း၊ ဝမ်းသာခြင်းကြောင့် စိတ်နှလုံးရွှန်လန်းအားရခြင်းတို့မရှိဘဲနှင့် ဤအရာကို သင်ဖတ်ရှုနိုင်သလော။
၄၀ သို့မဟုတ် သင်သည် မျက်စိမမြင်သည့်လမ်းပြသဖွယ် ဆက်၍ပြုမြဲပြုနိုင်သလော။
၄၁ သို့မဟုတ်၊ သင်သည် နှိမ့်ချ၍၊ သိမ်မွေ့အောက်ကျို့လျက်၊ ငါ့ရှေ့၌ သင့်ကိုယ်သင် ဉာဏ်ပညာရှိစွာ ပြုမူနိုင်သလော။ ထိုမှတစ်ပါး၊ သင်၏ကယ်တင်ရှင် ငါ့ထံသို့ လာလော့။ အာမင်။