ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၉


အပိုဒ်ငယ် ၁၉

၁၈၂၉ ခု၊ နွေရာသီ​လောက်က၊ မန်ချက်စတာ၊ နယူး​ယောက်၌ ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ သူ၏​သမိုင်းတွင်၊ ပရောဖက်သည် ထိုအရာကို “မာတင်​ဟဲရစ်သို့ လူသား​ထံမှ မဟုတ်ဘဲ၊ ဘုရားသခင်​ထံမှ၊ ထာဝရ​ဖြစ်တော်မူသောသူ​အားဖြင့် ပေးတော်မူ​ခဲ့သည့် ပညတ်တော်​တစ်ခု​အဖြစ်” ရှင်းပြ၏။

၁–၃၊ ခရစ်တော်၌ ခပ်သိမ်းသော​တန်ခိုးတော်​ရှိ၏။ ၄–၅၊ လူသား​အပေါင်းတို့သည် နောင်တရကြ​ရမည်၊ သို့မဟုတ်လျှင်၊ ဒုက္ခ​ဝေဒနာ​ခံစားကြ​ရမည်။ ၆–၁၂၊ ထာဝရ​အပြစ်ဒဏ်သည် ဘုရားသခင်၏​အပြစ်ဒဏ်​ဖြစ်၏။ ၁၃–၂၀၊ ခပ်သိမ်းသော​သူတို့​နောင်တရကြမည်​ဆိုလျှင် ဒုက္ခ​ဝေဒနာ​မခံစားကြရနိုင်​စေခြင်းငှာ၊ ခရစ်တော်သည် သူတို့​အတွက် ဒုက္ခ​ဝေဒနာ​ခံစားတော်မူ၏။ ၂၁–၂၈၊ နောင်တရခြင်းအကြောင်း ဧဝံဂေလိ​တရားတော်ကို ဟောပြောလော့။ ၂၉–၄၁၊ ဝမ်းသာစရာ​သတင်းကို ဟောကြားလော့။

ငါသည် အာလဖနှင့် ဩမေဃ၊ ခရစ်တော်​ကိုယ်တော်ရှင်​ဖြစ်တော်မူ၏။ အမှန်​စင်စစ်၊ ငါသည် အစနှင့်​အဆုံး၊ လောက၏​ရွေးနုတ်ရှင်ပင် ဖြစ်တော်မူ၏။

ငါသည် ငါ့ကို​ပိုင်သောသူ၏၊ အထူးသဖြင့် ခမည်းတော်၏ ငါနှင့်စပ်လျဉ်းသည့်​အလိုတော်ကို ပြီးမြောက်၍၊ ပြီးဆုံးစေလျက်—​ခပ်သိမ်းသော​အရာတို့ကို ငါ့အောက်၌ ငါနှိမ့်ချနိုင်တော်မူ​စေကြောင်း ဤအမှုကို ပြုလေလျက်—

ကမ္ဘာကုန်သော​အခါ၌၊ ထို့အတူ၊ လူတိုင်းကို မိမိပြုလေသည့် အကျင့်များနှင့် အမှုများ​အတိုင်း တရား​စီရင်လျက် ကမ္ဘာမှာ​နေထိုင်သူတို့​အပေါ် ငါရောက်စေသည့် တရား​စီရင်တော်မူရာ ကြီးစွာသော​နောက်ဆုံးနေ့၌၊ စာတန်နှင့် သူ၏​အမှုများကို ဖျက်ဆီးခြင်းသို့​တိုင်အောင်၊ ခပ်သိမ်းသော​တန်ခိုးကို ရရှိလျက်​နေ၏။

လူတိုင်း​ဧကန်​အမှန်​နောင်တရကြ​ရမည်၊ သို့မဟုတ်လျှင်၊ ဒုက္ခ​ဝေဒနာ​ခံစားကြ​ရမည်၊ အကြောင်းမူကား၊ ငါ၊ ဘုရားသခင်သည် အဆုံးမရှိ​ဖြစ်တော်မူ၏။

သို့ဖြစ်၍၊ ငါသည် ဖြစ်စေတော်မူမည့် တရား​စီရင်ခြင်းများကို ပယ်ဖျက်ခြင်း​မရှိ၊ သို့ရာတွင် အမင်္ဂလာတို့သည်၊ ငိုကြွေးလျက်၊ မြည်တမ်းလျက်၊ အံသွားခဲကြိတ်လျက်၊ အမှန်စင်စစ်၊ ငါ၏​လက်ဝဲတော်ဘက်၌ တွေ့ရသူများထံ ထွက်သွားလတ္တံ့။

အဘယ်သို့ပင်​ဖြစ်စေ၊ ဤစိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းနှင့် စပ်လျဉ်း၍ အဆုံး​ရှိလိမ့်မည်​မဟုတ်ဟု ရေးမထား၊ သို့ရာတွင်၊ အဆုံး​မရှိသည့် စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းဟု ရေးထား၏။

တစ်ဖန်၊ ထာဝရ​အပြစ်ဒဏ်​ရောက်ခြင်းဟု ရေးထား၏။ သို့ဖြစ်၍၊ ငါ့နာမ၏​ဘုန်းတော်​အားလုံး​အတွက် လူသားတို့၏​စိတ်နှလုံးကို လှုံ့ဆော်နိုင်​စေကြောင်း ထိုအရာသည် အခြားသော​ကျမ်းစာများထက် ပို၍​ရှင်းလင်းပေ၏။

သို့ဖြစ်၍၊ ငါသည် သင်တို့အား ဤနက်နဲခြင်းကို ရှင်းပြမည်၊ အကြောင်းမူကား၊ ငါ၏​တမန်တော်များ​ကဲ့သို့ပင် သင်တို့​သိအပ်၏။

ငါ၏​ချမ်းသာထဲသို့ သင်တို့​ဝင်ရောက်​နိုင်စေခြင်းငှာ၊ ငါသည် ဤအမှု၌ ရွေးကောက်ထားသည့်​သင်တို့အား တစ်ဦးတည်းကို ကဲ့သို့ပင်၊ မိန့်တော်မူ၏။

၁၀ အကြောင်းမူကား၊ ရှုလော့၊ ဘုရားဝတ်၌​မွေ့လျော်ခြင်း၏ နက်နဲခြင်းသည် ကြီးမြတ်လှပေစွ​တကား။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် အဆုံး​မရှိသူ​ဖြစ်ပြီး၊ ငါ့လက်မှ​ပေးထားသည့် အပြစ်ဒဏ်သည် အဆုံး​မရှိသည့် အပြစ်ဒဏ်​ဖြစ်၏။ အကြောင်းမူကား၊ အဆုံး​မရှိခြင်းဟူသည်မှာ ငါ၏​နာမတော်ဖြစ်၏။ သို့ဖြစ်၍—

၁၁ ထာဝရ​အပြစ်ဒဏ်သည် ဘုရားသခင်၏​အပြစ်ဒဏ်​ဖြစ်၏။

၁၂ အဆုံး​မရှိသည့်​အပြစ်ဒဏ်သည် ဘုရားသခင်၏​အပြစ်ဒဏ်​ဖြစ်၏။

၁၃ သို့ဖြစ်၍၊ နောင်တရ​စေခြင်းငှာ၊ သင့်ကို ငါမိန့်တော်မူ၏။ ငါ၏​နာမတော်၌၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်၏ လက်အားဖြင့် သင်လက်ခံ​ရရှိလေသည့် ပညတ်တော်များကို စောင့်ထိန်းလော့။

၁၄ ငါ၏​အနန္တ​တန်ခိုးတော်​အားဖြင့်လည်း ထိုအရာတို့ကို သင်လက်​ခံရရှိ​လေပြီ။

၁၅ ထို့ကြောင့်၊ နောင်တရစေခြင်းငှာ၊ သင့်ကို ငါမိန့်တော်မူ၏—​ငါသည် သင့်ကို၊ ငါ၏​နှုတ်ကပတ်တော်​လှံတံဖြင့်၊ ထို့အတူ ငါ၏​အမျက်တော်ဖြင့်၊ ထို့အတူ၊ ငါ၏​ဒေါသဖြင့် ပြင်းစွာ​မရိုက်ရ​စေခြင်းငှာ၊ နောင်တရလော့။ သင်၏​ဒုက္ခ​ဝေဒနာ​ခံစားခြင်းများသည်လည်း ပြင်းထန်၍—​အဘယ်မျှ​ပြင်းထန်သည်ကို သင်သိခြင်း​မရှိ၊ အဘယ်မျှ စူးရှသည်ကို သင်သိခြင်း​မရှိ၊ ထိုမှတစ်ပါး၊ ခံနိုင်ဖို့ အဘယ်မျှ​ခက်ခဲသည်ကို သင်သိခြင်း​မရှိ။

၁၆ အကြောင်းမူကား၊ ရှုလော့၊ ခပ်သိမ်းသော​သူတို့ နောင်တရကြမည်​ဆိုလျှင်၊ ဒုက္ခ​ဝေဒနာ​မခံစားကြရနိုင်​စေခြင်းငှာ၊ ငါ၊ ဘုရားသခင်သည် သူတို့အတွက် ဤအရာတို့ကို ခံစားတော်မူ​လေပြီ။

၁၇ သို့ရာတွင်၊ သူတို့သည် နောင်တမရကြလျှင်၊ ငါကဲ့သို့ပင် ခံစားကြ​ရမည်။

၁၈ ထိုဒုက္ခ​ဝေဒနာ​ခံစားခြင်းက ငါကိုယ်တိုင်၊ အကယ်​စင်စစ် ဘုရားသခင်၊ ခပ်သိမ်းသော​သူတို့ထက် အကြီးမြတ်ဆုံး​ဖြစ်သူကိုပင်၊ နာကျင်မှုကြောင့် တုန်စေ၊ ချွေးပေါက်​မှန်သမျှမှ အသွေးတော်​ထွက်စေ၊ ထို့အတူ၊ ကိုယ်ခန္ဓာနှင့် စိတ်​နှစ်ခုစလုံးကို ဒုက္ခ​ဝေဒနာ ခံစားစေ၏—​ငါသည် ခါးသော​ဖလားကို မသောက်ရနိုင်ဖို့ အလိုရှိလျက်၊ တွန့်ဆုတ်၏—

၁၉ သို့သော်လည်း၊ ဘုန်းတော်သည် ခမည်းတော်​အဖို့​ဖြစ်ပါစေ​သတည်း၊ ငါသည်လည်း သောက်သုံး၍၊ လူသားတို့​အတွက် ငါ၏​ပြင်ဆင်ခြင်းများကို ပြီးဆုံး​စေ၏။

၂၀ သို့ဖြစ်၍၊ နောင်တရစေခြင်းငှာ၊ သင့်ကို ငါတစ်ဖန်​မိန့်တော်မူသည်မှာ ငါ၏​အနန္တ​တန်ခိုးတော်​အားဖြင့် သင့်ကို မနှိမ့်ချရ​စေကြောင်း၊ ထို့အတူ၊ သင်၏​အပြစ်များကို သင်ဝန်ခံစေကြောင်း၊ ငါ၏​ဝိညာဉ်တော်ကို ငါနုတ်ယူစဉ်မှာ သင်တွေ့ကြုံ​လေသည့် ငါမိန့်တော်မူ​လေသည့် ဤအပြစ်ဒဏ်များ၊ ၎င်းတို့မှ အငယ်ဆုံး၊ အမှန်​စင်စစ်၊ အနည်းဆုံးသော​ပမာဏကိုပင် သင်မခံစားရ​စေကြောင်း​ပင်တည်း။

၂၁ နောင်တရခြင်း​မှတစ်ပါး၊ အဘယ်​အရာကိုမျှ သင်မဟောပြောရမည့်​အကြောင်း၊ သင့်ကို ငါမိန့်တော်မူ၏၊ ငါ့အထဲ၌​ရှိသည့် ဉာဏ်ပညာတော်​အတိုင်း မဖြစ်မီ ဤအရာများ​ကိုလည်း လောကသို့​ပြခြင်း​မပြုနှင့်။

၂၂ အကြောင်းမူကား၊ ယခုတွင်၊ သူတို့သည် အသားကို မကြေနိုင်၍ နို့ကိုသာ လက်ခံရမည်။ သို့ဖြစ်၍၊ သူတို့ မပျက်စီးကြ​စေခြင်းငှာ၊ ဤအရာတို့ကို သိခြင်း​မရှိရ။

၂၃ ငါ့ထံမှ သင်ယူလော့၊ ငါ၏​နှုတ်ကပတ်တော်များကိုလည်း နားထောင်လော့။ ငါ့ဝိညာဉ်တော်၏ သိမ်မွေ့​အောက်ကျို့ခြင်းသို့ လိုက်လော့၊ သင်သည် ငါအားဖြင့် ငြိမ်းချမ်းခြင်းကို ရရှိ​လိမ့်မည်။

၂၄ ငါသည် ယေရှု​ခရစ်တော်​ဖြစ်၏။ ငါသည် ခမည်းတော်၏​အလိုတော်​အားဖြင့် လာခဲ့၏။ သူ၏​အလိုတော်​ကိုလည်း ဆောင်ရွက်မည်။

၂၅ ထိုမှ​တစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်ကား၊ သင်သည် ကိုယ်နှင့်​စပ်ဆိုင်သော​သူ၏ဇနီးကို တပ်မက်​လိုချင်သောစိတ်​မရှိစေနှင့်။ ကိုယ်နှင့်​စပ်ဆိုင်သောသူ၏​အသက်ကိုလည်း မရှာနှင့်။

၂၆ ထိုမှ​တစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်ကား၊ သင်သည် သင်ကိုယ်တိုင်၏​ဥစ္စာ​ပစ္စည်းများကို တပ်မက်​လိုချင်သောစိတ်​မရှိစေနှင့်၊ သို့ရာတွင် သမ္မာ​တရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်​ပါဝင်သည့် မော်မုန်ကျမ်း​ပုံနှိပ်ခြင်း​အတွက် လွတ်လပ်စွာ​မျှ၍ ပေးလော့—

၂၇ တပါး​အမျိုးသားတို့​အတွက် ငါ၏​နှုတ်ကပတ်တော်​ဖြစ်သည့် ထိုကျမ်းကို လာမန်​အမျိုးသားတို့အား ကျန်ကြွင်းသော​သူများ​ဖြစ်စေသည့် ယုဒ​လူမျိုးများသို့ မကြာမြင့်မီ​ရောက်စေကြောင်း​ပင်တည်း။ ထိုသို့​ရောက်စေသည်မှာလည်း၊ ဧဝံဂေလိ​တရားတော်ကို သူတို့​ယုံကြည်ပြီး၊ ကြွလာတော်မူနှင့်​လေပြီး​ဖြစ်သည့် မေရှိယကို ကြွလာဖို့ မမျှော်လင့်ကြ​စေခြင်းငှာ​ပေတည်း။

၂၈ ထိုမှ​တစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်ကား၊ သင်သည် စိတ်နှလုံး​ထဲ၌ ဆုတောင်း​သကဲ့သို့ အသံ​ထွက်၍လည်း၊ ထိုမှတစ်ပါး၊ မထင်ရှားသော​အရပ်၌ကဲ့သို့ လောကရှေ့၌လည်း၊ တစ်ကိုယ်တည်း၌ကဲ့သို့ အများထဲ၌လည်း ဆုတောင်း​ရမည်။

၂၉ သင်သည် ဝမ်းသာစရာ​သတင်းကို ဟောကြားရမည်။ ထိုမှတစ်ပါး၊ တောင်များပေါ်၌၊ ထို့အတူ မြင့်သော​အရပ်​မှန်သမျှ​ပေါ်၌၊ ထို့အတူ သင်မြင်ခွင့်ရမည့်လူ​မှန်သမျှ၌ ထိုသတင်းကို ပြောကြား​ရမည်။

၃၀ သင်သည် နှိမ့်ချခြင်း​အလုံးစုံဖြင့်၊ ငါ့ကို ကိုးစားလျက်၊ ကဲ့ရဲ့​ပြောဆိုသူများကို ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆိုခြင်း​မရှိဘဲ၊ ထိုအမှုကို ပြုရမည်။

၃၁ ဘာသာရေး​အယူဝါဒများ​အကြောင်းကို သင် မပြောရ၊ သို့ရာတွင်၊ သင်သည် နောင်တရခြင်းနှင့် ကယ်တင်ရှင်ကို ယုံကြည်ခြင်း၊ ထို့အတူ၊ ဗတ္တိဇံ အားဖြင့်၊ ထို့အတူ၊ မီး၊ အထူးသဖြင့်၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် အပြစ်များမှ​လွှတ်ခြင်းကို ဟောကြား​ရမည်။

၃၂ ရှုလော့၊ ဤအရာသည်ကား၊ ဤအမှုနှင့်​စပ်လျဉ်း၍ သင့်ထံ ငါပေးတော်မူမည့် ကြီးမြတ်သည့် နောက်ဆုံးသော​ပညတ်တော်​ဖြစ်၏။ အကြောင်းမူကား၊ ဤအရာသည် သင်၏​နေ့စဉ်​ဘဝ​အတွက်၊ သင့်အသက်တာ၏ အဆုံးတိုင်အောင်ပင် လုံလောက်​လိမ့်မည်။

၃၃ သင်သည် ဤသွန်သင်ချက်များကို အလေးမထားလျှင်၊ ဝမ်းနည်း​ပူဆွေးမှု၊ အထူးသဖြင့်၊ သင်ကိုယ်တိုင်နှင့် ဥစ္စာ​ပစ္စည်းများ​ဖျက်ဆီးခြင်းကိုပင် ခံရ​လိမ့်မည်။

၃၄ သင့်ဥစ္စာ​ပစ္စည်းများ၏​တစ်စိတ်​တစ်ပိုင်းကို၊ အထူးသဖြင့်၊ သင်၏​မြေအချို့၊ ထို့အတူ၊ သင့်မိသားစု​အတွက် အထောက်အမ​မှတစ်ပါး၊ ခပ်သိမ်းသော​အရာတို့ကိုပင် မျှ၍​ပေးလော့။

၃၅ ပုံနှိပ်သူနှင့် သင်စာချုပ်​ချုပ်ထားလေသည့် အကြွေးကို ပေးလော့။ သင့်ကိုယ်သင် ကျွန်ခံရာမှ​လွတ်စေလော့။

၃၆ သင်၏​မိသားစုကို တွေ့လိုသော​အခါ​မှတစ်ပါး၊ သင်၏​နေအိမ်နှင့် အိမ်မှ ထွက်ခွာလော့။

၃၇ ခပ်သိမ်းသော​သူတို့ကို လွတ်လပ်စွာ ဟောပြောလော့။ ထိုမှတစ်ပါး၊ ကျယ်သော​အသံနှင့်၊ ရွှင်လန်း​ဝမ်းမြောက်ခြင်း​အသံနှင့်ပင် သမ္မာ​တရားကို ဟောပြောလျက်၊ တိုက်တွန်းလျက်၊ ဟောကြားလျက်—​ဟောရှဏ္ဏ​ဖြစ်စေ​သတည်း၊ ဟောရှဏ္ဏ​ဖြစ်စေ​သတည်း၊ ကိုယ်တော်ရှင်​ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါစေ​သတည်းဟု ဟစ်ကြွေးလော့။

၃၈ အစဉ်​အမြဲ​ဆုတောင်းလော့၊ ငါ၏​ဝိညာဉ်တော်ကို သင့်အပေါ် သွန်းလောင်းတော်မူမည်၊ သင်၏​ကောင်းချီး​မင်္ဂလာသည်လည်း ကြီးမြတ်​လိမ့်မည်—​အမှန်​စင်စစ်၊ မြေကြီးမှ​ဘဏ္ဍာများနှင့် ပမာဏ​တူသည့် ဖောက်ပြန်တတ်ခြင်း​ထက်ပင် သာ၍​များလိမ့်မည်။

၃၉ ရှုလော့၊ ရွှင်လန်း​ဝမ်းမြောက်ခြင်း၊ ဝမ်းသာခြင်းကြောင့် စိတ်နှလုံး​ရွှန်လန်း​အားရခြင်းတို့​မရှိဘဲနှင့် ဤအရာကို သင်ဖတ်ရှု​နိုင်သလော။

၄၀ သို့မဟုတ် သင်သည် မျက်စိ​မမြင်သည့်​လမ်းပြ​သဖွယ် ဆက်၍​ပြုမြဲ​ပြုနိုင်သလော။

၄၁ သို့မဟုတ်၊ သင်သည် နှိမ့်ချ၍၊ သိမ်မွေ့​အောက်ကျို့လျက်၊ ငါ့ရှေ့၌ သင့်ကိုယ်သင် ဉာဏ်ပညာရှိစွာ ပြုမူနိုင်​သလော။ ထိုမှတစ်ပါး၊ သင်၏​ကယ်တင်ရှင် ငါ့ထံသို့ လာလော့။ အာမင်။