ဩဝါဒနှင့် ပဋိညာဉ်များ
အပိုဒ်ငယ် ၁
၁၈၃၁ ခု၊ နိုဝင်ဘာ ၁ ရက်နေ့တွင်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ကျင်းပခဲ့သည့် အသင်းတော်၏အသင်းလူကြီးများအထူးညီလာခံအတွင်း၊ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ များစွာသောဗျာဒိတ်တော်တို့ကို ကိုယ်တော်ရှင်ထံမှ ဤအချိန်မတိုင်မီက လက်ခံရရှိခဲ့ပြီးလေပြီ။ ဤအရာတို့ကို ကျမ်းပုံစံဖြင့် ပုံနှိပ်ထုတ်ဝေခြင်းအတွက် တစ်ပေါင်းတည်းစုစည်းထားခြင်းမှာ ထိုညီလာခံ၌ အတည်ပြုခဲ့သည့်အဓိကအကြောင်းအရာများထဲမှတစ်ခုဖြစ်လေ၏။ ဤအပိုဒ်ငယ်သည်၊ ဤသာသနာ၌ ဖော်ပြတော်မူသည့် ဩဝါဒများ၊ ပဋိညာဉ်များနှင့် ပညတ်တော်များအတွက် ကိုယ်တော်ရှင်၏ကျမ်းဦးစကားဖြစ်ပေ၏။
၁–၇၊ သတိပေးခြင်းအသံသည်လူအပေါင်းတို့ထံ ရောက်သွား၏။ ၈–၁၆၊ ဖောက်ပြန်သင်းကွဲခြင်းနှင့် ဆိုးညစ်ခြင်းသည် ဒုတိယအကြိမ်ကြွလာတော်မူခြင်း၏အလျင်ကျ၏။ ၁၇–၂၃၊ ဂျိုးဇက်စမစ်သည် ကိုယ်တော်ရှင်၏အမှန်တရားများနှင့်တန်ခိုးတော်တို့ကို မြေကြီးသို့ပြန်လည်ဆောင်ယူဖို့ ခေါ်သွင်းခံရ၏။ ၂၄–၃၃၊ မော်မုန်ကျမ်းထွက်ပေါ်လာ၏၊ မှန်သောအသင်းတော်ကို တည်ထောင်၏။ ၃၄–၃၆၊ ငြိမ်းချမ်းခြင်းကို မြေကြီးမှ နုတ်ယူလိမ့်မည်။ ၃၇–၃၉၊ ဤပညတ်တော်များကို စေ့စေ့ကြည့်ရှုလော့။
၁ စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင်လူမျိုးတို့၊ လူသားအပေါင်းတို့ကို ကြည့်ရှုတော်မူသည့်သူတည်းဟူသော အထက်မှာနေထိုင်သည့်သူ၏အသံက မိန့်တော်မူသည်မှာ၊ ထိုမှတစ်ပါး၊ ငါအမှန်ဆိုသည်ကား စေ့စေ့နားထောင်ကြလော့၊ အဝေးမှအသင်လူများတို့၊ ပင်လယ်တစ်ဖက်ရှိ တစ်ကျွန်းတစ်နိုင်ငံတို့မှ သင်တို့၊ အတူတကွ ကြားကြလော့။
၂ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏အသံသည် လူသားအပေါင်းတို့ထံ အမှန် ရောက်တော်မူ၏။ လွတ်သောသူတစ်ဦးမျှမရှိ။ မမြင်ရမည့်မျက်စိမရှိ။ မကြားရမည့်နားလည်းမရှိ၊ မထိုးဖောက်ခံရမည့်စိတ်နှလုံးလည်းမရှိ။
၃ ပုန်ကန်သောသူတို့သည် ဝမ်းနည်းခြင်းများစွာနှင့် စူးရှလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့၏ဒုစရိုက်များကို အိမ်မိုးများပေါ်မှာ ပြောလိမ့်မည်၊ ထိုသူတို့၏လျှို့ဝှက်သော အပြုအမူများကိုလည်း ဖော်ပြလိမ့်မည်။
၄ ဤနောက်ဆုံးသောကာလ၌ ငါရွေးကောက်ထားလေသည့် ငါ့တပည့်တော်တို့၏နှုတ်အားဖြင့် သတိပေးခြင်းအသံသည် လူအပေါင်းတို့ထံ ရောက်လိမ့်မည်။
၅ သူတို့ထွက်သွားကြပြီး၊ အဘယ်သူမျှ သူတို့ကို ဟန့်တားမည်မဟုတ်၊ အကြောင်းမူကား၊ သူတို့ကို ငါကိုယ်တော်ရှင် မိန့်တော်မူလေပြီ။
၆ ရှုလော့၊ ဤအရာသည် ငါ၏အခွင့်အာဏာဖြစ်၏။ ငါ့ကျွန်တို့၏အခွင့်အာဏာလည်းဖြစ်ပြီး၊ သင်တို့ထံ ပြောကြားဖို့ သူတို့ကို ငါပေးထားတော်မူလေသည့် ငါ၏ပညတ်တော်များကျမ်းအတွက် ငါ၏ကျမ်းဦးစကားလည်းဖြစ်၏။ အို မြေကြီးပေါ်မှာနေထိုင်သူတို့။
၇ သို့ဖြစ်၍၊ ကြောက်ရွံ့လျက် တုန်ကြလော့၊ အို အသင်လူမျိုးတို့၊ အကြောင်းမူကား၊ ထိုပညတ်တော်များဖြင့် ငါကိုယ်တော်ရှင်စီရင်တော်မူလေသည့်အရာသည် ပြီးပြည့်စုံလိမ့်မည်။
၈ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ဤသတင်းများကို ဆောင်ယူလျက် မြေကြီးပေါ်မှာနေထိုင်သူတို့ထံ ထွက်သွားသောထိုသူတို့အား၊ မြေကြီးပေါ်နှင့် ကောင်းကင်ဘုံနှစ်ခုစလုံး၌ မယုံကြည်သောသူများနှင့် ပုန်ကန်သောသူများကို ပေါင်းစည်းရန်အခွင့်ကို ပေးထားသည်မှာ၊
၉ ထိုမှတစ်ပါး၊ အမှန်စင်စစ်၊ ထိုသူတို့ကို ပေါင်းစည်းဖို့ ဘုရားသခင်၏အမျက်တော်ကို ဆိုးညစ်သောသူတို့အပေါ် အတိုင်းမသိ သွန်းလောင်းတော်မူသည့်ကာလတိုင်အောင်—
၁၀ လူတိုင်းကို မိမိအကျင့်အတိုင်း အကျိုးအပြစ်ကို ပေးဖို့၊ လူတိုင်း မိမိအပေါင်းအဖော်ကို ပေးသည့်ပမာဏအတိုင်း ခံရစေဖို့ ကိုယ်တော်ရှင်ကြွလာတော်မူသည့်ကာလတိုင်အောင်ပင်တည်း။
၁၁ သို့ဖြစ်၍၊ ကိုယ်တော်ရှင်၏အသံသည် မြေကြီးစွန်းတိုင်အောင်ရောက်၍၊ ကြားနာလိုသူအပေါင်းကို ကြားနာနိုင်ကြစေလိုသည်မှာ၊
၁၂ သင်တို့ ပြင်ဆင်ကြလော့၊ ဖြစ်လာမည့်အရာအတွက် သင်တို့ပြင်ဆင်ကြလော့၊ အကြောင်းမူကား၊ ကိုယ်တော်ရှင်ရောက်လုနီးပေပြီ။
၁၃ ကိုယ်တော်ရှင်အမျက်ထွက်တော်မူပြီ၊ သူ့ဓားကိုလည်း ကောင်းကင်မှာ ဆေး၍ မြေကြီးပေါ်မှာနေထိုင်သူတို့အပေါ် ကျလိမ့်မည်။
၁၄ ကိုယ်တော်ရှင်၏လက်ရုံးတော်ကို ဖော်ပြလိမ့်မည်။ ကိုယ်တော်ရှင်၏အသံကို မကြားလိုသော၊ သူ့ကျွန်တို့၏အသံကိုလည်း မကြားလိုသော၊ ပရောဖက်များနှင့် တမန်တော်တို့၏စကားကိုလည်း ပမာဏမပြုသောသူတို့ လူမျိုးတို့မှ ပယ်ရှင်းခံကြရမည့်ကာလသည်လည်း ကျရောက်လာ၏။
၁၅ အကြောင်းမူကား၊ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်များမှ သွေဖည်ကြလေပြီ၊ ငါ၏ထာဝရတည်မြဲသောပဋိညာဉ်ကိုလည်း ချိုးဖောက်ကြလေပြီ။
၁၆ သူတို့သည် ကိုယ်တော်ရှင်၏ဖြောင့်မတ်ခြင်းကို တည်ဆောက်ရန် သူ့ကို ရှာခြင်းမရှိ။ သို့ရာတွင် လူတိုင်းသည် လောက၏ပုံသဏ္ဌာန်နှင့်တူသော၊ ထို့အတူ၊ ဥစ္စာမှာ ရုပ်တု၏ဥစ္စာဖြစ်သော ကိုယ့်ဘုရား၏ပုံသဏ္ဌာန်အတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ကြ၏။ ထိုရုပ်တုသည် ဟောင်းနွမ်းလာပြီးဗာဗုလုန်မြို့၌၊ အမှန်စင်စစ်၊ ပြိုလဲမည့်ဗာဗုလုန်မြို့ကြီး၌ ပျက်စီးလိမ့်မည်။
၁၇ သို့ဖြစ်၍၊ ငါကိုယ်တော်ရှင်သည် မြေကြီးပေါ်မှာနေထိုင်သောသူတို့အပေါ် ကျရောက်လာမည့် ဘေးဒုက္ခကိုသိ၍၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်ကို ခေါ်သွင်းပြီး၊ သူ့ကို ကောင်းကင်ဘုံမှဟောပြောလျက်၊ မိန့်မှာ၏။
၁၈ အခြားသူများကိုလည်း ဤအရာများကို လောကသို့ကြေညာစေကြောင်း မိန့်မှာ၏။ ဤအရာအားလုံးကိုပြုလေသည်မှာ၊ ပရောဖက်များရေးထားသည့် ပြီးပြည့်စုံနိုင်စေမည့်အရာများတည်းဟူသော—
၁၉ လောကီအရာ၌ အားနည်းသောသူများ ထွက်လာပြီး၊ တန်ခိုးခွန်အားကြီးသောသူများကို ဖြိုချလိမ့်မည်မှာ လူသားသည် မိမိအပေါင်းအဖော်နှင့်မတိုင်ပင်၊ လူ၏လက်ရုံးကိုလည်း မကိုးစားရမည့်အကြောင်း—
၂၀ သို့ရာတွင်၊ လူတိုင်းသည် ဘုရားသခင်ကိုယ်တော်ရှင်၊ အကယ်စင်စစ် လောက၏ကယ်တင်ရှင်၏နာမတော်အားဖြင့် ဟောပြောနိုင်မည့်အကြောင်း၊
၂၁ မြေကြီး၌ ယုံကြည်ခြင်းသည်လည်း တိုးပွားနိုင်မည့်အကြောင်း၊
၂၂ ငါ၏ထာဝရတည်မြဲသောပဋိညာဉ်ကို တည်ထောင်နိုင်မည့်အကြောင်း၊
၂၃ အားနည်းပြီး ရိုးရှင်းသောသူတို့အားဖြင့် ငါ၏ဧဝံဂေလိတရားတော်အပြည့်အစုံကို ကမ္ဘာအဆုံးသို့တိုင်အောင်၊ ထို့အတူ ရှင်ဘုရင်များနှင့် အုပ်စိုးသူများရှေ့မှာ ကြေညာနိုင်မည့်အကြောင်းပေတည်း။
၂၄ ရှုလော့၊ ငါသည် ဘုရားသခင်ဖြစ်၍ မိန့်တော်မူလေပြီ။ ဤပညတ်တော်များသည် ငါ့ထံမှဖြစ်၍၊ ငါ၏ကျွန်တို့အားနည်းချိန်၌ သူတို့ဘာသာစကားအတိုင်း သူတို့ကို ပေးထားသည်မှာ နားလည်ခြင်းသို့ရောက်နိုင်ကြစေခြင်းငှာဖြစ်၏။
၂၅ သူတို့အမှားအယွင်းပြုကြသမျှ ဖော်ပြခံရနိုင်စေခြင်းငှာလည်းကောင်း၊
၂၆ ဉာဏ်ပညာကို ရှာကြသမျှ၊ သွန်သင်ခံရနိုင်စေခြင်းငှာလည်းကောင်း၊
၂၇ အပြစ်ပြုမိကြသမျှ၊ နောင်တရနိုင်စေဖို့ ဆုံးမခံရနိုင်စေခြင်းငှာလည်းကောင်း၊
၂၈ နှိမ့်ချကြလေသမျှ၊ သူတို့ကို အားကြီးစေပြီး၊ အထက်မှ ကောင်းချီးပေးသည်ကိုခံရလျက်၊ အချိန်နှင့်အမျှ အသိဉာဏ်ကို ရရှိနိုင်ကြစေခြင်းငှာလည်းဖြစ်၏။
၂၉ နီဖိုင်းအမျိုးသားတို့၏မှတ်တမ်းကို ရရှိပြီးနောက်၊ ထိုမှတစ်ပါး၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်အား ဘုရားသခင်၏ကရုဏာတော်ကြောင့်၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မော်မုန်ကျမ်းကို ဘာသာပြန်ဖို့ တန်ခိုးကို ရရှိနိုင်စေခြင်းငှာလည်းဖြစ်၏။
၃၀ ထို့အတူ ဤပညတ်တော်များကို ရလေသောသူများအား မြေကြီးတစ်ခုလုံး၏မျက်နှာပြင်ပေါ်၌ မှန်ကန်ပြီးအသက်ရှင်သည့် အသင်းတော်တည်းဟူသော၊ ဤအသင်းတော်ကို အုတ်မြစ်တည်ဖို့၊ မြှေးယှက်ခြင်းနှင့်မှောင်မိုက်ခြင်းမှ ထုတ်ဆောင်ဖို့ တန်ခိုးကို ရရှိနိုင်ကြစေခြင်းငှာလည်းဖြစ်၏။ ထိုအသင်းတော်ကို၊ ငါကိုယ်တော်ရှင်အလွန်နှစ်သက်ပြီး၊ အသင်းတော်ကို တစ်ဦးချင်းမဟုတ်ဘဲ၊ စုပေါင်းလျက်ဟောတော်မူ၏—
၃၁ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်သည် အပြစ်တရားကို အနည်းဆုံးသောပမာဏဖြင့် အခွင့်ပေးခြင်းကိုပင် မစဉ်းစားနိုင်။
၃၂ သို့သော်လည်း၊ နောင်တရပြီး၊ ကိုယ်တော်ရှင်၏ပညတ်တော်များကို လိုက်နာသောသူသည် အပြစ်လွတ်လိမ့်မည်။
၃၃ နောင်တရခြင်းမရှိသောသူထံမှ၊ ရရှိပြီးလေသောအလင်းကိုပင် နုတ်ယူလိမ့်မည်။ အကြောင်းမူကား၊ ငါ၏ဝိညာဉ်တော်သည် လူသားကို အစဉ်အမြဲဆုံးမလိမ့်မည်မဟုတ်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။
၃၄ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ အို မြေကြီးပေါ်မှာနေထိုင်သူတို့၊ ငါကိုယ်တော်ရှင်သည် ခပ်သိမ်းသော လူတို့အား ဤအရာတို့ကို ဖော်ပြဖို့ လိုလိုလားလားရှိတော်မူ၏။
၃၅ အကြောင်းမူကား၊ ငါသည် လူကို မျက်နှာလိုက်သောသူမဟုတ်။ ထိုကာလအလျင်အမြန်ကျရောက်လာမည်ကို လူသားအပေါင်းတို့အား သိစေလို၏။ အချိန်နာရီမရောက်သေးသော်လည်း နီးကပ်လာပေပြီ၊ ငြိမ်းချမ်းခြင်းကို မြေကြီးမှ နုတ်ယူသောအခါ၊ နတ်ဆိုးသည် မိမိကိုယ်တိုင်၏အုပ်ချုပ်ခံဒေသအပေါ် အစိုးရခြင်းရှိလိမ့်မည်။
၃၆ ကိုယ်တော်ရှင်သည် မိမိသန့်ရှင်းသူများအပေါ်အစိုးရခြင်းရှိလျက်၊ သူတို့အလယ်မှာ အုပ်စိုးတော်မူပြီး၊ ဣဒုမဲပြည်၊ သို့မဟုတ် လောကအပေါ်တရားစီရင်တော်မူခြင်းဖြင့် ဆင်းလာတော်မူလိမ့်မည်။
၃၇ ဤပညတ်တော်များကို စေ့စေ့ကြည့်ရှုကြလော့၊ အကြောင်းမူကား၊ ထိုအရာတို့သည် မှန်ကန်ပြီး သစ္စာရှိ၍၊ ထိုအရာတို့အထဲရှိ ခပ်သိမ်းသော ပရောဖက်ပြုဟောချက်တို့နှင့် ကတိတော်တို့ကို ပြီးပြည့်စုံစေလိမ့်မည်။
၃၈ ငါကိုယ်တော်ရှင်သည် မိန့်တော်မူလေပြီးသည့်အတိုင်း မိန့်တော်မူလေပြီ။ ငါ့ကိုယ်ငါ ဆင်ခြေမတက်။ ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်သွားသော်လည်း၊ ငါ့နှုတ်ကပတ်တော်ကွယ်ပျောက်လိမ့်မည်မဟုတ်ဘဲ၊ ပြီးပြည့်စုံစေလိမ့်မည်။ ငါကိုယ်တိုင်၏အသံအားဖြင့်ဖြစ်စေ၊ ငါ့ကျွန်တို့၏အသံအားဖြင့်ဖြစ်စေ အတူတူပင်ဖြစ်၏။
၃၉ အကြောင်းမူကား၊ ရှုလော့၊ ကြည့်ဦးလော့၊ ကိုယ်တော်ရှင်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ဝိညာဉ်တော်ကလည်း သက်သေခံပြီး၊ သက်သေခံချက်သည် မှန်ကန်၏။ သမ္မာတရားသည် ကာလအစဉ်အဆက် အမြဲတည်ရှိ၏။ အာမင်။