အပိုဒ်ငယ် ၂၀
အသင်းတော်ဖွဲ့စည်းခြင်း၊ အာဏာစက်နှင့်စပ်လျဉ်း၍၊ ဖရေးတီး၊ နယူးယောက်၌ သို့မဟုတ် အနီး၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်၏အစိတ်အပိုင်းအချို့ကို ၁၈၂၉ ခု၊ နွေရာသီစောစောပိုင်းက ပေးထားလေပြီးဖြစ်နိုင်ပေ၏။ ဗျာဒိတ်တော်အပြည့်အစုံကို ခံယူချက်များနှင့် ပဋိညာဉ်များဟု ထင်ရှားသည့်အချိန်တွင် ၁၈၃၀ ခု၊ ဧပြီလ၊ ၆ ရက် (အသင်းတော်ဖွဲ့စည်းသည့်နေ့) နောက်များမကြာမီ၌ မှတ်တမ်းပြုခဲ့ဟန်ရှိ၏။ ပရောဖက်ရေးခဲ့သည်မှာ၊ “ကျွန်ုပ်တို့သည် ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်ဝိညာဉ်တို့အားဖြင့် အောက်ပါတို့ကို သူ့[ယေရှုခရစ်တော်]ထံမှ ရရှိခဲ့၏။ ထိုအရာတို့က၊ ကျွန်ုပ်တို့အား များစွာသော သတင်းအချက်အလက်ကို ပေးသည်သာမက၊ ဤမြေကြီးပေါ်၌ သူ၏အသင်းတော်ကို သူ့အလိုတော်နှင့် ပညတ်တော်အတိုင်း ဖွဲ့စည်းဖို့ ကျွန်ုပ်တို့ နောက်တစ်ကြိမ်ထပ်ပြီး ဆက်၍ဆောင်ရွက်ရမည့်နေ့အတိအကျကိုလည်း ကျွန်ုပ်တို့အား ထောက်ပြခဲ့ပါသည်။”
၁–၁၆၊ မော်မုန်ကျမ်းသည် နောက်ပိုင်းကာလအမှုတော်၏အထွတ်အမြတ်ဖြစ်ခြင်းကို သက်သေပြ၏။ ၁၇–၂၈၊ ဖန်ဆင်းခြင်း၊ ကျရှုံးခြင်း၊ အပြစ်ဖြေခြင်းမင်္ဂလာနှင့် ဗတ္တိဇံအကြောင်း ဩဝါဒများကို အတည်ပြုထား၏။ ၂၉–၃၇၊ နောင်တရခြင်း၊ အပြစ်ကင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် ဗတ္တိဇံကို ထိန်းချုပ်သည့်ဥပဒေများကို ဖော်ပြထား၏။ ၃၈–၆၇၊ အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများနှင့် သင်းထောက်များ၏ တာဝန်များကို အနှစ်ချုပ်ပြထား၏။ ၆၈–၇၄၊ အသင်းသားများ၏တာဝန်များ၊ ကလေးများကို ကောင်းချီးပေးခြင်း၊ ဗတ္တိဇံနည်းနာနိဿယတို့ကို ဖော်ပြထား၏။ ၇၅–၈၄၊ ပွဲတော်ဆုတောင်းခြင်း၊ အသင်းသားဖြစ်ခြင်းကိုထိန်းချုပ်သည့် စည်းမျဉ်းများကို ဖော်ပြထား၏။
၁ ဤနောက်ပိုင်းကာလ၌ ခရစ်တော်၏အသင်းတော် ပေါ်ထွက်လာလေပြီ။ ငါတို့၏ကိုယ်တော်ရှင်ကယ်တင်ရှင်ယေရှုခရစ်တော် ဇာတိကိုယ်ခန္ဓာဖြင့် ကြွလာတော်မူသည်မှ နှစ်ပေါင်း တစ်ထောင့်ရှစ်ရာသုံးဆယ်ရှိလေပြီး၊ ငါတို့တိုင်းပြည်၏ဥပဒေများနှင့်အညီ၊ ဘုရားသခင်၏အလိုတော်နှင့် ပညတ်တော်များအတိုင်း၊ ဧပြီလဟုခေါ်သည့် လေးလမြောက်လ၏ ခြောက်ရက်နေ့တွင် ထိုအသင်းတော်ကိုမှန်ကန်စွာဖွဲ့စည်းတည်ထောင်ထားလေ၏—
၂ အသင်းတော်၏ပထမအသင်းလူကြီးအရာ၌၊ ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကိုခံရပြီး၊ ယေရှုခရစ်တော်၏တမန်တော်တစ်ပါးအဖြစ် ခန့်ထားခံရသူ ဂျိုးဇက်စမစ်အငယ်သို့ ထိုပညတ်တော်များကိုပေးထားလေ၏။
၃ အသင်းတော်၏ဒုတိယအသင်းလူကြီးအရာ၌၊ ယေရှုခရစ်တော်၏တမန်တော်တစ်ပါးအဖြစ်၊ ဘုရားသခင်၏ခေါ်သွင်းတော်မူခြင်းခံရသူလည်းဖြစ်ပြီး၊ ဂျိုးဇက်စမစ်၏လက်အားဖြင့် ခန့်ထားခံရသူ အော်လီဗာကောင်ဒရီသို့လည်း ပေးထားလေ၏။
၄ ဤအမှုသည် ငါတို့၏ကိုယ်တော်ရှင်ကယ်တင်ရှင်ယေရှုခရစ်တော်၏ကျေးဇူးတော်အတိုင်း ဖြစ်ပြီး၊ သူသည် ယခုနှင့် ကာလအစဉ်အဆက် ဘုန်းတော်အလုံးစုံရှိပါစေသတည်း။ အာမင်။
၅ ထိုအမှုကို ဤပထမအသင်းလူကြီးသို့ အမှန်ပင် ထင်ရှားစွာပြလေပြီး၍၊ သူ၏အပြစ်များမှလွှတ်ခြင်းကို ရရှိလေပြီးမှ၊ သူသည် လောက၏အချည်းအနှီးဖြစ်ခြင်း၌ တစ်ဖန်ကျော့မိလေ၏။
၆ သို့ရာတွင်၊ နောင်တရခြင်း၊ ထို့အတူ သူ့ကိုယ်သူ ရိုးသားစွာနှိမ့်ချခြင်းတို့ ပြုလေပြီးနောက်၊ ယုံကြည်ခြင်းအားဖြင့်၊ ဘုရားသခင်သည် သူ့ကို လျှပ်စီးလက်ခြင်းကဲ့သို့ မျက်နှာထားရှိသော၊ အဝတ်တန်ဆာများစင်ကြယ်ပြီး၊ အခြားသောအဖြူရောင်အားလုံးထက် သာ၍ဖြူသော သန့်ရှင်းသည့် ကောင်းကင်တမန်အားဖြင့်၊ ဖော်ပြတော်မူ၏။
၇ သူ့ကို လမ်းပြလှုံ့ဆော်သည့် ပညတ်တော်များကိုလည်း ပေးတော်မူ၏။
၈ မော်မုန်ကျမ်းကို ဘာသာပြန်ဖို့ ယခင်ကပြင်ဆင်ထားသည့်အရာတို့အားဖြင့် အထက်မှ တန်ခိုးကိုလည်း သူ့ကို ပေးတော်မူ၏။
၉ ထိုကျမ်းတွင်၊ ကျရှုံးသည့်လူများအကြောင်းမှတ်တမ်း၊ ထို့အတူ တပါးအမျိုးသားများနှင့် ယုဒလူမျိုးတို့အတွက်လည်းဖြစ်သည့် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်အပြည့်အစုံ ပါဝင်၏။
၁၀ လမ်းပြလှုံ့ဆော်ခြင်းအားဖြင့်၊ ထိုကျမ်းကို ဖော်ပြ၍၊ ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်းအားဖြင့် အခြားသောသူများသို့ တည်စေလျက်၊ ထိုသူတို့အားဖြင့် လောကသို့ဟောကြားလေ၏—
၁၁ သန့်ရှင်းသောကျမ်းစာများမှန်ကန်ကြောင်း၊ ထို့အတူ၊ ရှေးမျိုးဆက်များမှာကဲ့သို့ပင်၊ ယခုခေတ်မျိုးဆက်တွင် လူသားတို့ကို ဘုရားသခင်လမ်းပြလှုံ့ဆော်ပြီး၊ သူ၏သန့်ရှင်းသောအမှုတော်သို့ ခေါ်သွင်းတော်မူကြောင်းကိုလည်း လောကသို့ သက်သေပြလျက်ရှိ၏။
၁၂ ဤနည်းအားဖြင့်၊ သူသည် မနေ့၊ ယနေ့နှင့် ကာလအစဉ်အဆက် မပြောင်းမလဲရှိတော်မူသည့် ဘုရားသခင်ဖြစ်တော်မူကြောင်း ပြလျက်ရှိ၏။ အာမင်။
၁၃ ထို့ကြောင့်၊ အလွန်ကြီးစွာသောသက်သေများရှိလျက်၊ ၎င်းတို့အားဖြင့်၊ လောကသည်၊ အကယ်စင်စစ်၊ နောင်ကာလ၌ ဤအမှုတော်ကို သိခြင်းသို့ရောက်မည့်သူမှန်သမျှသည် တရားစီရင်ခံရလိမ့်မည်။
၁၄ ထိုအမှုတော်ကို ယုံကြည်ခြင်းနှင့်လက်ခံပြီး၊ ဖြောင့်မတ်ခြင်းကို ကျင့်သောသူများသည် ထာဝရအသက်သရဖူကို လက်ခံရရှိကြလိမ့်မည်။
၁၅ သို့ရာတွင်၊ မယုံကြည်ခြင်းဖြင့် မိမိတို့စိတ်နှလုံးကို မာကျောစေပြီး၊ ထိုအမှုတော်ကို ငြင်းပယ်သည့်သူများကို သူတို့ကိုယ်တိုင်၏ပြစ်ဒဏ်ချမှတ်ခြင်းသို့ ရောက်စေလိမ့်မည်—
၁၆ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။ ငါတို့၊ အသင်းတော်၏ အသင်းလူကြီးများသည်လည်း အသရေရှိသောအထက်အာနုဘော်၏ နှုတ်ကပတ်တော်များကို ကြားရပြီး သက်သေခံလေပြီ။ သူသည် ကာလအစဉ်အဆက် ဘုန်းတော်အမြဲရှိပါစေသတည်း။ အာမင်။
၁၇ ဤအရာတို့အားဖြင့် ငါတို့သိကြသည်မှာ၊ အတိုင်းမသိသော ထာဝရဖြစ်သည့်၊ ထာဝရတည်မြဲခြင်းမှ ထာဝရတည်မြဲခြင်းသို့ မပြောင်းမလဲရှိသည့် မပြောင်းလဲတတ်သောဘုရားသခင်၊ ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ၊ ၎င်းတို့အထဲမှာရှိသည့် ခပ်သိမ်းသောအရာတို့၏ ဖွဲ့စည်းသူတည်းဟူသော ဘုရားသခင်တစ်ပါး ကောင်းကင်ဘုံမှာရှိတော်မူကြောင်း၊
၁၈ ထို့အတူ၊ သူသည် လူသား၊ ယောက်ျားနှင့် မိန်းမကို သူကိုယ်တိုင်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းတော်မူ၏၊ သူကိုယ်တိုင်နှင့် တညီတစ်သဏ္ဌာန်တည်း သူတို့ကို ဖန်ဆင်းတော်မူကြောင်း။
၁၉ ထို့အတူ၊ တစ်ပါးတည်းဖြစ်သော အသက်ရှင်သည့် မှန်ကန်သောဘုရားသခင်၊ သူ့ကို ချစ်ပြီး ကိုးကွယ်ရမည့်အကြောင်းသူတို့ကို ပညတ်တော်များပေးတော်မူခဲ့၏၊ သူသည် သူတို့ကိုးကွယ်ရမည့် တစ်ပါးတည်းသောဘုရားဖြစ်ကြောင်းတို့ပေတည်း။
၂၀ သို့ရာတွင်၊ ဤသန့်ရှင်းသောဥပဒေများကို လွန်ကျူးခြင်းအားဖြင့်၊ လူသားသည် ရာဂစိတ်ဖြင့်စွဲလန်းပြီး၊ နတ်ဆိုးကဲ့သို့ဖြစ်လာ၏။ ကျရှုံးသောသူလည်းဖြစ်လာ၏။
၂၁ သို့ဖြစ်၍၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သူ၏တစ်ပါးတည်းသောသားတော်ကို ပေးတော်မူ၏။ သူ့အကြောင်းကို ဖော်ပြထားလေသည့် ထိုကျမ်းစာများ၌ ရေးထားသည့်အတိုင်းပင်တည်း။
၂၂ သူသည် သွေးဆောင်ဖြားယောင်းခြင်းများကို ကြံ့ကြံ့ခံ၏၊ သို့ရာတွင် ထိုအရာတို့ကို ပမာဏမပြု။
၂၃ သူသည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရ၍၊ သေပြီး၊ တတိယနေ့မှာ တစ်ဖန်ထမြောက်တော်မူ၏။
၂၄ ထို့နောက်တွင်၊ ခမည်းတော်၏လက်ယာတော်ဘက်၌ ထိုင်တော်မူခြင်းငှာလည်းကောင်း၊ ခမည်းတော်၏အလိုတော်အတိုင်း အနန္တတန်ခိုးတော်နှင့် အုပ်စိုးခြင်းငှာလည်းကောင်း ကောင်းကင်ဘုံသို့ တက်သွားတော်မူ၏။
၂၅ ယုံကြည်လျက် သူ၏သန့်ရှင်းသောနာမတော်၌ ဗတ္တိဇံခံပြီး၊ ယုံကြည်ခြင်း၌ အဆုံးတိုင်အောင်တည်ကြည်သူမှန်သမျှ ကယ်တင်ခြင်းသို့ ရောက်စေကြောင်း—
၂၆ အထွတ်အထိပ်ကာလ၌၊ ဇာတိကိုယ်ခန္ဓာဖြင့် သူကြွလာတော်မူပြီးမှ ယုံကြည်ကြသောသူများသာမက၊ ရှေးဦးစွာကတည်းကရှိသောသူအပေါင်း၊ အကယ်စင်စစ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးအားဖြင့် လမ်းပြလှုံ့ဆော်ခံရလေသည့်အတိုင်း ဟောပြောသည့်သူများတည်းဟူသော၊ အရာရာ၌ သူ့အကြောင်းကို အမှန်ပင် သက်သေခံကြသည့်သူများတည်းဟူသော သန့်ရှင်းသောပရောဖက်တို့၏စကားများကို ယုံကြည်သူများဖြစ်ကြသည့် သူကြွမလာတော်မူမီကရှိလေသမျှသောသူတို့သည်လည်း ထာဝရအသက်ကို ရကြစေကြောင်း၊
၂၇ ခမည်းတော်နှင့် သားတော်အကြောင်းကို သက်သေခံသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပေးတော်မူသည့် ဘုရားသခင်၏ဆုကျေးဇူးများနှင့် ခေါ်သွင်းတော်မူခြင်းတို့ကို ယုံကြည်ကြသူများ တည်းဟူသော ကြွလာတော်မူပြီးမှ ရောက်လာကြသောသူများသည်လည်း ရကြစေကြောင်း၊
၂၈ ထိုခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် ဘုရားသခင်တစ်ပါးဖြစ်ပြီး၊ အတိုင်းမသိသောထာဝရဖြစ်လျက်၊ အဆုံးမရှိဘဲဖြစ်လေသတည်း။ အာမင်။
၂၉ လူသားအပေါင်းတို့ နောင်တရ၍ ယေရှုခရစ်တော်၏နာမတော်ကို ယုံကြည်လျက်၊ သူ၏နာမတော်အားဖြင့် ခမည်းတော်ကို ကိုးကွယ်ပြီး၊ သူ၏နာမတော်ကို ယုံကြည်ခြင်း၌ အဆုံးတိုင်အောင်တည်ကြည်ကြရမည်။ သို့မဟုတ်လျှင်၊ သူတို့သည် ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြကြောင်းကို ငါတို့သိကြ၏။
၃၀ ငါတို့၏ကိုယ်တော်ရှင်ကယ်တင်ရှင်ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် အပြစ်ကင်းစေခြင်းသည် ဖြောင့်မတ်မှန်ကန်ကြောင်းကို ငါတို့သိကြ၏။
၃၁ မိမိတို့၏ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ဘုရားသခင်ကိုချစ်၍ အစေခံကြသောသူအပေါင်းတို့အတွက်၊ ငါတို့၏ကိုယ်တော်ရှင်ကယ်တင်ရှင်ယေရှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သန့်ရှင်းစေခြင်းသည် ဖြောင့်မတ်မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
၃၂ သို့ရာတွင်၊ လူသားသည် ကျေးဇူးတော်မှ ရွေ့လျော့၍ အသက်ရှင်တော်မူသောဘုရားသခင့်ထံတော်မှ ထွက်ခွာသွားနိုင်ကြောင်း ဖြစ်နိုင်ခြေရှိ၏။
၃၃ ထို့ကြောင့်၊ အသင်းတော်ကို သွေးဆောင်ဖြားယောင်းခြင်းထဲသို့ မလဲကျစေခြင်းငှာ သတိပြု၍ အစဉ်အမြဲဆုတောင်းကြစေလော့။
၃၄ ထိုမှတစ်ပါး၊ သန့်ရှင်းစေပြီးသောသူတို့ကိုပင် သတိပြုကြစေလော့။
၃၅ ငါတို့သည်လည်း ဤအရာများမှန်ကန်ကြောင်းကို သိကြ၏။ ယောဟန်၏ဗျာဒိတ်တော်များအတိုင်း၊ သူ၏ကျမ်းမှ ပရောဖက်ပြုဟောချက်ကို၊ သန့်ရှင်းသောကျမ်းစာများကို၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးနှင့် တန်ခိုး၊ ဘုရားသခင်၏အသံ၊ သို့မဟုတ် ကောင်းကင်တမန်များအမှုတော်ဆောင်ခြင်းအားဖြင့် နောင်ကာလ၌ ရောက်လာမည့် ဘုရားသခင်၏ဗျာဒိတ်တော်များကို အသစ်သွင်းခြင်းမပြုကြ၊ နုတ်ပယ်ခြင်းလည်း မပြုကြ။
၃၆ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။ သူ၏သန့်ရှင်းသောနာမတော်အဖို့ ဂုဏ်အသရေ၊ တန်ခိုးနှင့် ဘုန်းတော်သည် ယခုမှစ၍၊ အစဉ်အမြဲ ဆက်ပေးပါစေသတည်း။ အာမင်။
၃၇ ထိုမှတစ်ဖန်၊ ဗတ္တိဇံနည်းလမ်းနှင့်စပ်လျဉ်း၍၊ အသင်းတော်သို့ ပညတ်တော်များအတိုင်း—ဘုရားသခင်ရှေ့မှာ သူတို့ကိုယ်သူတို့နှိမ့်ချ၍၊ ဗတ္တိဇံခံလိုကြသော၊ ကြေကွဲသောနှလုံးသားနှင့် ကျိုးပဲ့သောစိတ်ဖြင့် ထွက်လာကြသော၊ မိမိတို့၏ ခပ်သိမ်းသောအပြစ်များမှ အမှန်ပင်နောင်တရကြောင်း အသင်းတော်ရှေ့၌ သက်သေခံကြသော၊ ယေရှုခရစ်တော်၏နာမတော်ကို သူတို့အပေါ်မှာခံယူခြင်းငှာ လိုလားလျက်၊ အဆုံးတိုင်အောင် သူ့ကို အစေခံဖို့ သန္နိဋ္ဌာန်ရှိလျက်၊ သူတို့၏အပြစ်များမှ လွှတ်ခြင်းသို့တိုင်အောင် ခရစ်တော်၏ဝိညာဉ်တော်ကို လက်ခံရရှိလေကြောင်း အမှန်ပင်ထင်ရှားစွာပြကြသော ထိုသူအပေါင်းတို့ကို ဗတ္တိဇံအားဖြင့် သူ၏အသင်းတော်ထဲသို့ လက်ခံလိမ့်မည်။
၃၈ ခရစ်တော်၏အသင်းတော်မှ အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများ၊ သင်းထောက်များနှင့် အသင်းသားများ၏ တာဝန်သည်ကား—တမန်တော်တစ်ဦးသည် အသင်းလူကြီးတစ်ဦးဖြစ်ပြီး၊ ဗတ္တိဇံပေးဖို့မှာ သူ၏အမှုတော်ဆောင်တာဝန်ဖြစ်၏။
၃၉ အခြားသော အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများနှင့် သင်းထောက်များကို ခန့်ထားဖို့လည်းဖြစ်၏။
၄၀ မုန့်နှင့် စပျစ်ရည်တည်းဟူသော—ခရစ်တော်၏အသွေးတော်နှင့် အသားတော်အထိမ်းအမှတ်ကို—စီမံဆောင်ရွက်ဖို့လည်းဖြစ်၏။
၄၁ အသင်းတော်ထဲသို့ ဗတ္တိဇံ ခံထားသောသူများကို ကျမ်းစာများအတိုင်း မီးဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း ဗတ္တိဇံပေးခြင်းအတွက် လက်တင်ခြင်းအားဖြင့် အတည်ပြုဖို့လည်းဖြစ်၏။
၄၂ သွန်သင်ဖို့၊ ရှင်းပြဖို့၊ တိုက်တွန်းဖို့၊ ဗတ္တိဇံပေးဖို့နှင့် အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ဖို့လည်းဖြစ်၏။
၄၃ လက်တင်ခြင်း၊ ထို့အတူ၊ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးခြင်းအားဖြင့် အသင်းတော်ကို အတည်ပြုဖို့လည်းဖြစ်၏။
၄၄ ခပ်သိမ်းသောအစည်းအဝေးများကို ဦးဆောင်ဖို့လည်းဖြစ်၏။
၄၅ အသင်းလူကြီးများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပို့ဆောင်ခြင်းကို ခံကြရသည့်နည်းတူ ဘုရားသခင်၏ပညတ်တော်များနှင့် ဗျာဒိတ်တော်များအတိုင်း အစည်းအဝေးများကို စီမံရကြမည်။
၄၆ ယဇ်ပုရောဟိတ်၏တာဝန်မှာ ဟောပြောဖို့၊ သွန်သင်ဖို့၊ ရှင်းပြဖို့၊ တိုက်တွန်းဖို့၊ ထို့အတူ ဗတ္တိဇံပေးဖို့နှင့် ပွဲတော်ကို စီမံဆောင်ရွက်ဖို့ဖြစ်၏။
၄၇ ထို့အတူ၊ အသင်းသားတစ်ဦးချင်း၏အိမ်သို့ အကြည့်အရှုသွား၍၊ သူတို့အား အသံထွက်၍လည်းကောင်း၊ တိတ်ဆိတ်စွာဖြင့်လည်းကောင်း ဆုတောင်းဖို့နှင့် မိသားစု၏ခပ်သိမ်းသောတာဝန်များကို ဆောင်ရွက်ဖို့ တိုက်တွန်းရမည်။
၄၈ သူသည် အခြားသောယဇ်ပုရောဟိတ်များ၊ ဆရာများနှင့် သင်းထောက်များကိုလည်း ခန့်ထားနိုင်ပေ၏။
၄၉ အသင်းလူကြီးမရှိလျှင်၊ အစည်းအဝေးများကို သူဦးဆောင်ရမည်။
၅၀ သို့ရာတွင်၊ အသင်းလူကြီးရှိလျှင်၊ သူသည် ဟောပြောဖို့၊ သွန်သင်ဖို့၊ ရှင်းပြဖို့၊ တိုက်တွန်းဖို့နှင့် ဗတ္တိဇံပေးဖို့သာလျှင်ဖြစ်၏။
၅၁ ထို့အတူ၊ အသင်းသားတစ်ဦးချင်း၏အိမ်သို့ အကြည့်အရှုသွား၍၊ သူတို့အား အသံထွက်၍လည်းကောင်း၊ တိတ်ဆိတ်စွာဖြင့်လည်းကောင်း ဆုတောင်းဖို့နှင့် မိသားစု၏ခပ်သိမ်းသောတာဝန်များကို ဆောင်ရွက်ဖို့ တိုက်တွန်းလျက်ရှိရမည်။
၅၂ ဤခပ်သိမ်းသောတာဝန်များတွင်၊ ယဇ်ပုရောဟိတ်သည် အခြေအနေအရလိုအပ်လျှင်၊ အသင်းလူကြီးကို ကူညီရမည်။
၅၃ ဆရာ၏တာဝန်မှာ အသင်းတော်ကို အမြဲကြည့်ရှုစောင့်ရှောက်ဖို့၊ ထို့အတူ၊ သူတို့နှင့်အတူရှိပြီး ခွန်အားဖြည့်ပေးဖို့ဖြစ်၏။
၅၄ အသင်းတော်၌ ဒုစရိုက်မရှိစေကြောင်း၊ တစ်ယောက်ကို တစ်ယောက် မာကျောခြင်းမရှိစေကြောင်း၊ မုသားပြောခြင်း၊ အတင်းပြောခြင်းမရှိစေကြောင်း၊ အဆိုးပြောခြင်းမရှိစေကြောင်း ဂရုစိုက်ဖို့လည်းဖြစ်၏။
၅၅ အသင်းတော် အကြိမ်ကြိမ်အတူတကွတွေ့ဆုံစေကြောင်း ဂရုစိုက်ဖို့လည်းဖြစ်၏။ ထို့အတူ၊ အသင်းသားအားလုံး သူတို့၏တာဝန်ကို ဆောင်ရွက်စေကြောင်းကိုလည်း ဂရုစိုက်ဖို့ဖြစ်၏။
၅၆ အသင်းလူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်မရှိသောအချိန်တွင် အစည်းအဝေးများကို သူဦးဆောင်ရမည်—
၅၇ အသင်းတော်၌ သူ၏ခပ်သိမ်းသောတာဝန်များတွင်၊ အခြေအနေအရလိုအပ်လျှင်၊ သင်းထောက်တို့၏ကူညီခြင်းကိုလည်း အမြဲခံယူရမည်။
၅၈ သို့ရာတွင်၊ ဆရာများနှင့် သင်းထောက်များသည် ဗတ္တိဇံပေးဖို့၊ ပွဲတော်ကိုစီမံဆောင်ရွက်ဖို့၊ သို့မဟုတ် လက်တင်ဖို့ အခွင့်အာဏာမရှိကြ။
၅၉ သို့သော်လည်း၊ သူတို့သည် သတိပေးကြရ၊ ရှင်းပြကြရ၊ တိုက်တွန်းကြရ၊ ထို့အတူ၊ သွန်သင်ကြရပြီး၊ ခပ်သိမ်းသောသူတို့ကို ခရစ်တော်ထံသို့ လာဖို့ ဖိတ်ခေါ်ကြရမည်။
၆၀ အသင်းလူကြီး၊ ယဇ်ပုရောဟိတ်၊ ဆရာ၊ သို့မဟုတ် သင်းထောက်တိုင်းသည် မိမိထံသို့ ဘုရားသခင်၏ ဆုကျေးဇူးများနှင့် အမှုတော်ဆောင်တာဝန်များအတိုင်း ခန့်ထားသည်ကို ခံရမည်။ ထိုသူသည်လည်း မိမိကို ခန့်ထားသည့်သူ၌ရှိသော သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ခန့်ထားသည်ကို ခံရမည်။
၆၁ ခရစ်တော်၏ဤအသင်းတော်ကို ဖွဲ့စည်းသူအသင်းလူကြီးအသီးသီးတို့သည် ညီလာခံတွင် သုံးလတစ်ကြိမ် တွေ့ဆုံကြရမည်၊ သို့မဟုတ် ဖော်ပြပါညီလာခံများ၌ လမ်းညွှန် သို့မဟုတ် သတ်မှတ်မည့်အချိန်နှင့်အမျှ တွေ့ဆုံကြရမည်။
၆၂ ညီလာခံအချိန်၌ ပြီးမြောက်ဖို့လိုအပ်သည့် အသင်းတော်အမှုအရေးမှန်သမျှကို ဖော်ပြပါညီလာခံများ၌ ဆောင်ရွက်ကြရမည်။
၆၃ အသင်းလူကြီးများသည် မိမိတို့၏ခွင့်ပြုလိုင်စင်များကို မိမိတို့ပိုင်ရာအသင်းတော်၏ ဆန္ဒမဲအားဖြင့်၊ သို့မဟုတ် ညီလာခံများ၌ လက်ခံရရှိကြရမည်။
၆၄ ယဇ်ပုရောဟိတ်တစ်ဦးအားဖြင့် ခန့်ထားခံရသည့် ယဇ်ပုရောဟိတ်၊ ဆရာ၊ သို့မဟုတ် သင်းထောက်တိုင်းသည် ခန့်ထားခံရသည့်အချိန်တွင်၊ ထိုသူထံမှ လက်မှတ်ကို ရယူနိုင်ပေ၏။ ထိုလက်မှတ်ကို အသင်းလူကြီးတစ်ဦးအား ပြသောအခါ၊ မိမိအတွက် ခွင့်ပြုလိုင်စင်ဖြစ်လိမ့်မည်။ ထိုခွင့်ပြုလိုင်စင်သည် သူ့အား မိမိခေါ်သွင်းခြင်း၏ တာဝန်များကို ဆောင်ရွက်ဖို့ အခွင့်အာဏာပေးလိမ့်မည်။ သို့မဟုတ် သူသည် ထိုခွင့်ပြုလိုင်စင်ကို ညီလာခံတစ်ခု၌ ရရှိနိုင်ပေ၏။
၆၅ မှန်ကန်စွာဖွဲ့စည်းထားသည့် အသင်းတော်ခွဲရှိရာအသင်းတော်၌၊ အသင်းတော်၏ဆန္ဒမဲမပါဘဲ၊ အဘယ်သူ့ကိုမျှ၊ ဤအသင်းတော်ရှိ အမှုအရာတစ်စုံတစ်ခုသို့ မခန့်ထားရ။
၆၆ သို့ရာတွင်၊ ဆန္ဒမဲခံယူနိုင်ဖို့ အသင်းတော်ခွဲမရှိသည့်နေရာ၌၊ ဦးစီးအသင်းလူကြီးများ၊ ခရီးသွားသင်းအုပ်များ၊ အတိုင်ပင်ခံမင်းအဖွဲ့ဝင်များနှင့် အသင်းလူကြီးများသည် ခန့်ထားခြင်းအထူးအခွင့်အရေးကို ရရှိနိုင်ကြ၏။
၆၇ ယဇ်ပုရောဟိတ်မင်းအခွင့်ဥက္ကဋ္ဌ (သို့မဟုတ် ဦးစီးအသင်းလူကြီး)၊ သင်းအုပ်၊ အတိုင်ပင်ခံမင်းအဖွဲ့ဝင်နှင့် ယဇ်ပုရောဟိတ်မင်းတိုင်းသည် အတိုင်ပင်ခံမင်းအဖွဲ့ သို့မဟုတ် အထွေထွေညီလာခံ၏လမ်းညွှန်ချက်အားဖြင့် ခန့်ထားခံရမည်။
၆၈ ဗတ္တိဇံအားဖြင့် လက်ခံပြီးနောက် အသင်းသားတို့၏တာဝန်သည်ကား—ခပ်သိမ်းသောအရာများကို အစီအစဉ်တကျ ပြုနိုင်ကြစေခြင်းငှာ၊ အသင်းသားများပွဲတော်စားသုံးခြင်း၊ အသင်းလူကြီးများ၏လက်တင်ခြင်းဖြင့် အတည်ပြုခြင်းတို့ မတိုင်မီအသင်းလူကြီးများ သို့မဟုတ် ယဇ်ပုရောဟိတ်များသည် ခရစ်တော်၏အသင်းတော်နှင့်စပ်လျဉ်းသည့် ခပ်သိမ်းသောအရာများကို ရှင်းပြဖို့ လုံလောက်သောအချိန်ရှိကြရမည်။
၆၉ အသင်းသားများသည်လည်း၊ အသင်းတော်ရှေ့မှာ၊ ထို့အတူ၊ အသင်းလူကြီးများရှေ့မှာ၊ ဘုရားအလိုတော်နှင့်ညီသော အကျင့်နှင့် အပြောအဆိုတို့အားဖြင့်၊ ထိုက်တန်မှုရှိကြောင်း ထင်ရှားစွာပြကြရမည်ကား—ကိုယ်တော်ရှင်ရှေ့၌ သန့်ရှင်းခြင်းသို့လိုက်လျက်၊ သန့်ရှင်းသောကျမ်းစာလာသည့်အတိုင်း အကျင့်နှင့် ယုံကြည်ခြင်းရှိကြစေကြောင်းပင်တည်း။
၇၀ ယေရှုခရစ်တော်၏အသင်းတော်မှ ကလေးရှိသော အသင်းသားတိုင်းသည် ကလေးများကို အသင်းတော်ရှေ့၌ အသင်းလူကြီးများထံ ဆောင်ယူလာကြရမည်။ ထိုလူကြီးတို့သည် ကလေးများအပေါ်မှာ ယေရှုခရစ်တော်၏နာမတော်အားဖြင့် လက်ကိုတင်လျက်၊ သူ၏နာမတော်အားဖြင့် ကောင်းချီးပေးရမည်။
၇၁ တာဝန်ရှိသည့်အသက်အရွယ်သို့မရောက်၊ နောင်တရနိုင်စွမ်းလည်းမရှိလျှင်၊ ထိုသို့သောသူ အဘယ်သူမျှ ခရစ်တော်၏အသင်းတော်ထဲသို့ လက်ခံခြင်းကို မရနိုင်ပေ။
၇၂ နောင်တရသောသူအပေါင်းတို့အဖို့ ဗတ္တိဇံကို အောက်ပါနည်းလမ်းဖြင့် စီမံဆောင်ရွက်ရမည်—
၇၃ ဘုရားသခင်၏ခေါ်သွင်းတော်မူခြင်းကို ခံရပြီး၊ ဗတ္တိဇံပေးဖို့ ယေရှုခရစ်တော်ထံမှ အခွင့်အာဏာကိုရလေသောသူသည် ဗတ္တိဇံခံဖို့ရောက်လာသော သူ သို့မဟုတ် သူမနှင့်အတူ ရေထဲသို့ဆင်းသွားရမည်။ ထို့နောက်၊ သူ သို့မဟုတ် သူမ၏အမည်ကို ခေါ်ပြီး၊ ယေရှုခရစ်တော်အားဖြင့် အခွင့်အာဏာပေးခန့်ထားတော်မူသည်ကို ခံရလျက်၊ ငါသည် သင့်ကို ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံပေး၏။ အာမင်ဟု ဆိုရမည်။
၇၄ ထို့နောက်တွင်၊ သူ သို့မဟုတ် သူမကို ရေထဲ၌ နှစ်ပြီး၊ ရေထဲမှ တစ်ဖန်ထွက်ပေါ်လာရမည်။
၇၅ အသင်းတော်သည် ကိုယ်တော်ရှင်ယေရှုကို အောက်မေ့ကြဖို့ရာ၊ မုန့်နှင့်စပျစ်ရည်ကို စားသုံးကြခြင်းငှာ၊ အကြိမ်ကြိမ် အတူတကွ တွေ့ဆုံစုဝေးဖို့ လိုအပ်၏။
၇၆ အသင်းလူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်သည် ထိုအမှုကို စီမံဆောင်ရွက်ရမည်။ ဤနည်းလမ်းအားဖြင့် စီမံဆောင်ရွက်ရမည်—ထိုသူသည် အသင်းတော်နှင့်အတူ ဒူးထောက်လျက်၊ လေးနက်တည်ကြည်သောဆုတောင်းခြင်းဖြင့် ခမည်းတော်ထံသို့ ပတ္ထနာပြု၍ ဆိုရမည်ကား၊
၇၇ အို ထာဝရအဘဘုရားသခင်၊ ကိုယ်တော်အား ကိုယ်တော့သားတော်၊ ယေရှုခရစ်တော်၏နာမတော်၌ အကျွန်ုပ်တို့ဆုတောင်းကြသည်မှာ၊ ဤမုန့်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူရန်နှင့်၊ ၎င်းကို သုံးဆောင်သောသူမှန်သမျှ၏စိတ်ဝိညာဉ်တို့အတွက် သူတို့သည် ကိုယ်တော့သားတော်၏ကိုယ်ခန္ဓာတော်ကို အောက်မေ့ခြင်းဖြင့် စားသုံးကြစေခြင်းငှာလည်းကောင်း၊ အို ထာဝရအဘဘုရားသခင်၊ သူတို့သည် ကိုယ်တော့သားတော်၏နာမတော်ကို သူတို့အပေါ်မှာ ခံယူရန်၊ သူ့အား အစဉ်အမြဲအောက်မေ့ရန်နှင့် မိန့်တော်မူခဲ့သော ပညတ်တော်တို့ကို စောင့်ထိန်းရန် လိုလိုလားလားရှိကြကြောင်း ကိုယ်တော်ထံသို့ သက်သေခံကြလျက်၊ သူတို့၌ သူ၏ဝိညာဉ်တော်အစဉ်အမြဲတည်ရှိစေခြင်းငှာ ဆုတောင်းကြပါ၏။ အာမင်။
၇၈ စပျစ်ရည်ကို စီမံဆောင်ရွက်ရာနည်းလမ်းမှာ—ထိုသူသည် ဖလားကိုလည်းယူ၍ ဆိုရမည်ကား၊
၇၉ အို ထာဝရအဘဘုရားသခင်၊ ကိုယ်တော်အား ကိုယ်တော့သားတော်၊ ယေရှုခရစ်တော်၏နာမတော်၌ အကျွန်ုပ်တို့ဆုတောင်းကြသည်မှာ၊ ဤစပျစ်ရည်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူရန်နှင့်၊ ၎င်းကို သောက်သုံးသောသူမှန်သမျှ၏စိတ်ဝိညာဉ်တို့အတွက်၊ သူတို့သည် မိမိတို့အဖို့ သွန်းတော်မူခဲ့သော ကိုယ်တော့သားတော်၏အသွေးတော်ကို အောက်မေ့ခြင်းဖြင့် သောက်သုံးကြစေခြင်းငှာလည်းကောင်း၊ အို ထာဝရအဘဘုရားသခင်၊ သူတို့သည် သူ့အား အမှန်ပင်အစဉ်အမြဲအောက်မေ့ကြောင်း ကိုယ်တော်ထံသို့ သက်သေခံကြလျက်၊ သူတို့၌ သူ၏ဝိညာဉ်တော်တည်ရှိစေခြင်းငှာ ဆုတောင်းကြပါ၏။ အာမင်။
၈၀ ခရစ်တော်၏အသင်းတော်မှ လွန်ကျူးသော သို့မဟုတ် အမှားပြုလျက်တွေ့ရသော အသင်းသားအဘယ်သူပင်ဖြစ်စေ၊ ကျမ်းစာလမ်းညွှန်သည့်အတိုင်း အရေးယူဆောင်ရွက်ခံရမည်။
၈၁ ခရစ်တော်၏အသင်းတော်ကို ဖွဲ့စည်းသည့် အသင်းတော်အသီးသီးတို့၏တာဝန်သည်ကား၊ မိမိတို့၏ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ဆရာများကို အသင်းတော်၏ အသင်းလူကြီးများကျင်းပသည့် ညီလာခံအသီးသီးသို့ တက်ရောက်ဖို့ စေလွှတ်ရာတွင်၊
၈၂ လွန်ခဲ့သောညီလာခံ၌ အသင်းတော်နှင့် ပေါင်းစည်းခဲ့သည့် အသင်းသားအသီးသီးတို့၏ အမည်စာရင်းနှင့်အတူ၊ သို့မဟုတ်၊ ယဇ်ပုရောဟိတ်အချို့အားဖြင့် စေလွှတ်သည်မှာ၊ အချိန်နှင့်အမျှ၊ အခြားအဘယ်အသင်းလူကြီးကို ခန့်အပ်သည်ဖြစ်စေ အသင်းတော်တစ်ခုလုံးရှိအမည်အားလုံး၏ ပုံမှန်စာရင်းကို အသင်းလူကြီးများထဲမှ တစ်ဦးအားဖြင့်ထိန်းသိမ်းထားနိုင်စေခြင်းငှာပေတည်း။
၈၃ အသင်းတော်မှ ထုတ်ပစ်ခံရသူများရှိလျှင်၊ ထိုသူတို့၏အမည်များကို အသင်းတော်အထွေထွေအမည်မှတ်တမ်းမှ ပယ်ဖျောက်နိုင်ခြင်းငှာလည်းဖြစ်၏။
၈၄ အမြဲနေထိုင်ရာအသင်းတော်မှ မိမိတို့ကိုမသိသည့် အသင်းတော်သို့ ရွှေ့ပြောင်းသောအသင်းသားအပေါင်းတို့သည် မိမိတို့ပုံမှန်အသင်းသားများဖြစ်ပြီး၊ နာမည်ကောင်းသူများဖြစ်ကြောင်း အသိအမှတ်ပြုသည့်စာကို ယူသွားနိုင်ပေ၏။ ထိုစာကို လက်ခံရရှိသည့် အသင်းသားသည် အသင်းလူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်နှင့် လူချင်းအကျွမ်းဝင်လျှင်၊ ထိုလက်မှတ်ကို အသင်းလူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်တစ်စုံတစ်ဦးအားဖြင့် လက်မှတ်ထိုးနိုင်ပေ၏။ သို့မဟုတ် ထိုစာကို အသင်းတော်ရှိ ဆရာများ သို့မဟုတ် သင်းထောက်များအားဖြင့် လက်မှတ်ထိုးနိုင်ပေ၏။