ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၂၀


အပိုဒ်ငယ် ၂၀

အသင်းတော်​ဖွဲ့စည်းခြင်း၊ အာဏာစက်နှင့်​စပ်လျဉ်း၍၊ ဖရေးတီး၊ နယူး​ယောက်၌ သို့မဟုတ် အနီး၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်၏​အစိတ်​အပိုင်း​အချို့ကို ၁၈၂၉ ခု၊ နွေရာသီ​စောစောပိုင်းက ပေးထားလေပြီး​ဖြစ်နိုင်ပေ၏။ ဗျာဒိတ်တော်​အပြည့်အစုံကို ခံယူချက်များနှင့် ပဋိညာဉ်များဟု ထင်ရှားသည့်​အချိန်တွင် ၁၈၃၀ ခု၊ ဧပြီလ၊ ၆ ရက် (အသင်းတော်​ဖွဲ့စည်းသည့်နေ့) နောက်များမကြာမီ၌ မှတ်တမ်း​ပြုခဲ့ဟန်​ရှိ၏။ ပရောဖက်​ရေးခဲ့သည်မှာ၊ “ကျွန်ုပ်တို့သည် ပရောဖက်ပြု​ဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်​ဝိညာဉ်တို့​အားဖြင့် အောက်ပါတို့ကို သူ့[ယေရှု​ခရစ်တော်]ထံမှ ရရှိခဲ့၏။ ထိုအရာတို့က၊ ကျွန်ုပ်တို့အား များစွာသော သတင်း​အချက်​အလက်ကို ပေးသည်သာမက၊ ဤမြေကြီး​ပေါ်၌ သူ၏​အသင်းတော်ကို သူ့အလိုတော်နှင့် ပညတ်တော်​အတိုင်း ဖွဲ့စည်းဖို့ ကျွန်ုပ်တို့ နောက်တစ်ကြိမ်​ထပ်ပြီး ဆက်၍​ဆောင်ရွက်ရမည့်​နေ့အတိအကျ​ကိုလည်း ကျွန်ုပ်တို့အား ထောက်ပြ​ခဲ့ပါသည်။”

၁–၁၆၊ မော်မုန်ကျမ်းသည် နောက်ပိုင်း​ကာလ​အမှုတော်၏အထွတ်အမြတ်ဖြစ်ခြင်းကို သက်သေပြ၏။ ၁၇–၂၈၊ ဖန်ဆင်းခြင်း၊ ကျရှုံးခြင်း၊ အပြစ်ဖြေခြင်း​မင်္ဂလာနှင့် ဗတ္တိဇံ​အကြောင်း ဩဝါဒများကို အတည်ပြု​ထား၏။ ၂၉–၃၇၊ နောင်တရခြင်း၊ အပြစ်​ကင်းစေခြင်း၊ သန့်ရှင်း​စေခြင်းနှင့် ဗတ္တိဇံကို ထိန်းချုပ်သည့်​ဥပဒေများကို ဖော်ပြထား၏။ ၃၈–၆၇၊ အသင်း​လူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများနှင့် သင်းထောက်များ၏ တာဝန်များကို အနှစ်ချုပ်ပြ​ထား၏။ ၆၈–၇၄၊ အသင်းသားများ၏​တာဝန်များ၊ ကလေးများကို ကောင်းချီးပေးခြင်း၊ ဗတ္တိဇံ​နည်းနာ​နိဿယတို့ကို ဖော်ပြထား၏။ ၇၅–၈၄၊ ပွဲတော်​ဆုတောင်းခြင်း၊ အသင်းသားဖြစ်ခြင်းကို​ထိန်းချုပ်သည့် စည်းမျဉ်းများကို ဖော်ပြ​ထား၏။

ဤနောက်ပိုင်း​ကာလ၌ ခရစ်တော်၏​အသင်းတော် ပေါ်ထွက်​လာလေပြီ။ ငါတို့၏​ကိုယ်တော်ရှင်​ကယ်တင်ရှင်​ယေရှု​ခရစ်တော် ဇာတိ​ကိုယ်ခန္ဓာဖြင့် ကြွလာတော်မူသည်မှ နှစ်ပေါင်း တစ်ထောင့်​ရှစ်ရာ​သုံးဆယ်​ရှိလေပြီး၊ ငါတို့​တိုင်းပြည်၏​ဥပဒေများနှင့်​အညီ၊ ဘုရားသခင်၏​အလိုတော်နှင့် ပညတ်တော်များ​အတိုင်း၊ ဧပြီလဟု​ခေါ်သည့် လေးလမြောက်​လ၏ ခြောက်ရက်နေ့တွင် ထိုအသင်းတော်ကို​မှန်ကန်စွာ​ဖွဲ့စည်းတည်ထောင်ထား​လေ၏—

အသင်းတော်၏​ပထမ​အသင်းလူကြီး​အရာ၌၊ ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို​ခံရပြီး၊ ယေရှု​ခရစ်တော်၏​တမန်တော်​တစ်ပါး​အဖြစ် ခန့်ထားခံရသူ ဂျိုးဇက်​စမစ်​အငယ်သို့ ထိုပညတ်တော်များကို​ပေးထား​လေ၏။

အသင်းတော်၏​ဒုတိယ​အသင်းလူကြီး​အရာ၌၊ ယေရှု​ခရစ်တော်၏​တမန်တော်​တစ်ပါး​အဖြစ်၊ ဘုရားသခင်၏​ခေါ်သွင်းတော်မူခြင်း​ခံရသူလည်း​ဖြစ်ပြီး၊ ဂျိုးဇက်​စမစ်၏လက်​အားဖြင့် ခန့်ထား​ခံရသူ အော်လီဗာ​ကောင်ဒရီသို့လည်း ပေးထား​လေ၏။

ဤအမှုသည် ငါတို့၏​ကိုယ်တော်ရှင်​ကယ်တင်ရှင်​ယေရှု​ခရစ်တော်၏​ကျေးဇူးတော်​အတိုင်း ဖြစ်ပြီး၊ သူသည် ယခုနှင့် ကာလ​အစဉ်​အဆက် ဘုန်းတော်​အလုံးစုံ​ရှိပါစေ​သတည်း။ အာမင်။

ထိုအမှုကို ဤပထမ​အသင်းလူကြီးသို့ အမှန်ပင် ထင်ရှားစွာ​ပြလေပြီး၍၊ သူ၏​အပြစ်များမှ​လွှတ်ခြင်းကို ရရှိလေပြီးမှ၊ သူသည် လောက၏​အချည်းအနှီး​ဖြစ်ခြင်း၌ တစ်ဖန်​ကျော့မိလေ၏။

သို့ရာတွင်၊ နောင်တရခြင်း၊ ထို့အတူ သူ့ကိုယ်သူ ရိုးသားစွာ​နှိမ့်ချခြင်းတို့ ပြုလေပြီးနောက်၊ ယုံကြည်ခြင်း​အားဖြင့်၊ ဘုရားသခင်သည် သူ့ကို လျှပ်စီးလက်ခြင်း​ကဲ့သို့ မျက်နှာထား​ရှိသော၊ အဝတ်တန်ဆာများ​စင်ကြယ်ပြီး၊ အခြားသော​အဖြူရောင်​အားလုံးထက် သာ၍​ဖြူသော သန့်ရှင်းသည့် ကောင်းကင်တမန်​အားဖြင့်၊ ဖော်ပြတော်မူ၏။

သူ့ကို လမ်းပြ​လှုံ့ဆော်သည့် ပညတ်တော်များကိုလည်း ပေးတော်မူ၏။

မော်မုန်ကျမ်းကို ဘာသာပြန်ဖို့ ယခင်က​ပြင်ဆင်ထားသည့်​အရာတို့​အားဖြင့် အထက်မှ တန်ခိုးကိုလည်း သူ့ကို ပေးတော်မူ၏။

ထိုကျမ်းတွင်၊ ကျရှုံးသည့်​လူများ​အကြောင်း​မှတ်တမ်း၊ ထို့အတူ တပါး​အမျိုးသားများနှင့် ယုဒ​လူမျိုးတို့​အတွက်လည်း​ဖြစ်သည့် ယေရှု​ခရစ်တော်၏ ဧဝံဂေလိ​တရားတော်​အပြည့်​အစုံ ပါဝင်၏။

၁၀ လမ်းပြ​လှုံ့ဆော်ခြင်း​အားဖြင့်၊ ထိုကျမ်းကို ဖော်ပြ၍၊ ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်း​အားဖြင့် အခြားသော​သူများသို့ တည်စေလျက်၊ ထိုသူတို့​အားဖြင့် လောကသို့​ဟောကြားလေ၏—

၁၁ သန့်ရှင်းသော​ကျမ်းစာများ​မှန်ကန်ကြောင်း၊ ထို့အတူ၊ ရှေး​မျိုးဆက်များမှာ​ကဲ့သို့ပင်၊ ယခုခေတ်​မျိုးဆက်တွင် လူသားတို့ကို ဘုရားသခင်​လမ်းပြ​လှုံ့ဆော်ပြီး၊ သူ၏​သန့်ရှင်းသော​အမှုတော်သို့ ခေါ်သွင်းတော်မူကြောင်း​ကိုလည်း လောကသို့ သက်သေပြလျက်​ရှိ၏။

၁၂ ဤနည်း​အားဖြင့်၊ သူသည် မနေ့၊ ယနေ့နှင့် ကာလ​အစဉ်​အဆက် မပြောင်း​မလဲ​ရှိတော်မူသည့် ဘုရားသခင်​ဖြစ်တော်မူကြောင်း ပြလျက်ရှိ၏။ အာမင်။

၁၃ ထို့ကြောင့်၊ အလွန်​ကြီးစွာသော​သက်သေများရှိလျက်၊ ၎င်းတို့​အားဖြင့်၊ လောကသည်၊ အကယ်​စင်စစ်၊ နောင်ကာလ၌ ဤအမှုတော်ကို သိခြင်းသို့​ရောက်မည့်သူ​မှန်သမျှသည် တရား​စီရင်ခံရ​လိမ့်မည်။

၁၄ ထိုအမှုတော်ကို ယုံကြည်ခြင်းနှင့်​လက်ခံပြီး၊ ဖြောင့်မတ်ခြင်းကို ကျင့်သော​သူများသည် ထာဝရ​အသက်​သရဖူကို လက်ခံ​ရရှိကြ​လိမ့်မည်။

၁၅ သို့ရာတွင်၊ မယုံကြည်ခြင်းဖြင့် မိမိတို့​စိတ်နှလုံးကို မာကျော​စေပြီး၊ ထိုအမှုတော်ကို ငြင်းပယ်သည့်​သူများကို သူတို့ကိုယ်တိုင်၏​ပြစ်ဒဏ်​ချမှတ်ခြင်းသို့ ရောက်စေ​လိမ့်မည်—

၁၆ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူ​လေပြီ။ ငါတို့၊ အသင်းတော်၏ အသင်းလူကြီးများသည်လည်း အသရေရှိသော​အထက်​အာနုဘော်၏ နှုတ်ကပတ်တော်များကို ကြားရပြီး သက်သေခံ​လေပြီ။ သူသည် ကာလ​အစဉ်​အဆက် ဘုန်းတော်​အမြဲ​ရှိပါစေ​သတည်း။ အာမင်။

၁၇ ဤအရာတို့​အားဖြင့် ငါတို့​သိကြသည်မှာ၊ အတိုင်း​မသိသော ထာဝရ​ဖြစ်သည့်၊ ထာဝရ​တည်မြဲခြင်းမှ ထာဝရ​တည်မြဲခြင်းသို့ မပြောင်း​မလဲ​ရှိသည့် မပြောင်းလဲတတ်သော​ဘုရားသခင်၊ ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ၊ ၎င်းတို့​အထဲမှာ​ရှိသည့် ခပ်သိမ်းသော​အရာတို့၏ ဖွဲ့စည်းသူ​တည်းဟူသော ဘုရားသခင်​တစ်ပါး ကောင်းကင်ဘုံမှာ​ရှိတော်မူကြောင်း၊

၁၈ ထို့အတူ၊ သူသည် လူသား၊ ယောက်ျားနှင့် မိန်းမကို သူကိုယ်တိုင်၏​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်းတော်မူ၏၊ သူကိုယ်တိုင်နှင့် တညီတစ်သဏ္ဌာန်တည်း သူတို့ကို ဖန်ဆင်းတော်မူကြောင်း။

၁၉ ထို့အတူ၊ တစ်ပါးတည်း​ဖြစ်သော အသက်ရှင်သည့် မှန်ကန်သော​ဘုရားသခင်၊ သူ့ကို ချစ်ပြီး ကိုးကွယ်ရမည့်​အကြောင်းသူတို့ကို ပညတ်တော်များ​ပေးတော်မူခဲ့၏၊ သူသည် သူတို့​ကိုးကွယ်ရမည့် တစ်ပါးတည်းသော​ဘုရား​ဖြစ်ကြောင်းတို့​ပေတည်း။

၂၀ သို့ရာတွင်၊ ဤသန့်ရှင်းသောဥပဒေများကို လွန်ကျူးခြင်း​အားဖြင့်၊ လူသားသည် ရာဂစိတ်ဖြင့်​စွဲလန်းပြီး၊ နတ်ဆိုး​ကဲ့သို့​ဖြစ်လာ၏။ ကျရှုံးသော​သူလည်း​ဖြစ်လာ၏။

၂၁ သို့ဖြစ်၍၊ အနန္တ​တန်ခိုးရှင်​ဘုရားသခင်သည် သူ၏​တစ်ပါးတည်းသော​သားတော်ကို ပေးတော်မူ၏။ သူ့အကြောင်းကို ဖော်ပြ​ထားလေသည့် ထိုကျမ်းစာများ၌ ရေးထားသည့်​အတိုင်း​ပင်တည်း။

၂၂ သူသည် သွေးဆောင်​ဖြားယောင်းခြင်းများကို ကြံ့ကြံ့ခံ၏၊ သို့ရာတွင် ထိုအရာတို့ကို ပမာဏမပြု။

၂၃ သူသည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်​ခံရ၍၊ သေပြီး၊ တတိယ​နေ့မှာ တစ်ဖန်​ထမြောက်တော်မူ၏။

၂၄ ထို့နောက်တွင်၊ ခမည်းတော်၏​လက်ယာတော်ဘက်၌ ထိုင်တော်မူခြင်းငှာ​လည်းကောင်း၊ ခမည်းတော်၏​အလိုတော်​အတိုင်း အနန္တ​တန်ခိုးတော်နှင့် အုပ်စိုးခြင်းငှာ​လည်းကောင်း ကောင်းကင်ဘုံသို့ တက်သွားတော်မူ၏။

၂၅ ယုံကြည်လျက် သူ၏​သန့်ရှင်းသော​နာမတော်၌ ဗတ္တိဇံခံပြီး၊ ယုံကြည်ခြင်း၌ အဆုံး​တိုင်အောင်​တည်ကြည်သူ​မှန်သမျှ ကယ်တင်ခြင်းသို့ ရောက်စေကြောင်း—

၂၆ အထွတ်အထိပ်​ကာလ၌၊ ဇာတိ​ကိုယ်ခန္ဓာဖြင့် သူကြွလာတော်မူပြီးမှ ယုံကြည်ကြသော​သူများသာမက၊ ရှေးဦးစွာ​ကတည်းက​ရှိသောသူ​အပေါင်း၊ အကယ်​စင်စစ်၊ သန့်ရှင်းသော​ဝိညာဉ်တော်​၏ဆုကျေးဇူးအားဖြင့် လမ်းပြ​လှုံ့ဆော်ခံရလေသည့်​အတိုင်း ဟောပြောသည့်​သူများ​တည်းဟူသော၊ အရာရာ၌ သူ့အကြောင်းကို အမှန်ပင် သက်သေခံကြသည့်​သူများ​တည်းဟူသော သန့်ရှင်းသော​ပရောဖက်တို့၏​စကားများကို ယုံကြည်သူများ​ဖြစ်ကြသည့် သူကြွမလာတော်မူမီက​ရှိလေ​သမျှသော​သူတို့သည်လည်း ထာဝရ​အသက်ကို ရကြစေကြောင်း၊

၂၇ ခမည်းတော်နှင့် သားတော်​အကြောင်းကို သက်သေခံသည့် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ပေးတော်မူသည့် ဘုရားသခင်၏​ဆုကျေးဇူးများနှင့် ခေါ်သွင်းတော်မူခြင်းတို့ကို ယုံကြည်ကြသူများ တည်းဟူသော ကြွလာတော်မူပြီးမှ ရောက်လာကြသော​သူများသည်လည်း ရကြ​စေကြောင်း၊

၂၈ ထိုခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော​ဝိညာဉ်တော်တို့သည် ဘုရားသခင်​တစ်ပါးဖြစ်ပြီး၊ အတိုင်း​မသိသော​ထာဝရ​ဖြစ်လျက်၊ အဆုံး​မရှိဘဲ​ဖြစ်လေ​သတည်း။ အာမင်။

၂၉ လူသား​အပေါင်းတို့ နောင်တရ၍ ယေရှု​ခရစ်တော်၏​နာမတော်ကို ယုံကြည်လျက်၊ သူ၏​နာမတော်​အားဖြင့် ခမည်းတော်ကို ကိုးကွယ်ပြီး၊ သူ၏​နာမတော်ကို ယုံကြည်ခြင်း၌ အဆုံး​တိုင်အောင်​တည်ကြည်​ကြရမည်။ သို့မဟုတ်လျှင်၊ သူတို့သည် ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်​နိုင်ကြကြောင်းကို ငါတို့​သိကြ၏။

၃၀ ငါတို့၏​ကိုယ်တော်ရှင်​ကယ်တင်ရှင်​ယေရှု​ခရစ်တော်၏​ကျေးဇူးတော်​အားဖြင့် အပြစ်​ကင်းစေခြင်းသည် ဖြောင့်မတ်​မှန်ကန်ကြောင်းကို ငါတို့​သိကြ၏။

၃၁ မိမိတို့၏ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့် ဘုရားသခင်ကို​ချစ်၍ အစေခံကြသော​သူအပေါင်းတို့​အတွက်၊ ငါတို့၏​ကိုယ်တော်ရှင်​ကယ်တင်ရှင်​ယေရှု​ခရစ်တော်၏ ကျေးဇူးတော်​အားဖြင့် သန့်ရှင်းစေခြင်းသည် ဖြောင့်မတ်​မှန်ကန်ကြောင်းကိုလည်း ငါတို့​သိကြ၏။

၃၂ သို့ရာတွင်၊ လူသားသည် ကျေးဇူးတော်မှ ရွေ့လျော့၍ အသက်ရှင်တော်မူသော​ဘုရားသခင့်​ထံတော်မှ ထွက်ခွာ​သွားနိုင်ကြောင်း ဖြစ်နိုင်ခြေ​ရှိ၏။

၃၃ ထို့ကြောင့်၊ အသင်းတော်ကို သွေးဆောင်​ဖြားယောင်းခြင်း​ထဲသို့ မလဲကျ​စေခြင်းငှာ သတိပြု၍ အစဉ်​အမြဲ​ဆုတောင်းကြ​စေလော့။

၃၄ ထိုမှတစ်ပါး၊ သန့်ရှင်းစေပြီးသော​သူတို့ကိုပင် သတိပြုကြ​စေလော့။

၃၅ ငါတို့သည်လည်း ဤအရာများ​မှန်ကန်ကြောင်းကို သိကြ၏။ ယောဟန်၏​ဗျာဒိတ်တော်များ​အတိုင်း၊ သူ၏​ကျမ်းမှ ပရောဖက်ပြု​ဟောချက်ကို၊ သန့်ရှင်းသော​ကျမ်းစာများကို၊ သို့မဟုတ် သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူးနှင့် တန်ခိုး၊ ဘုရားသခင်၏​အသံ၊ သို့မဟုတ် ကောင်းကင်တမန်များ​အမှုတော်ဆောင်ခြင်း​အားဖြင့် နောင်ကာလ၌ ရောက်လာမည့် ဘုရားသခင်၏​ဗျာဒိတ်တော်များကို အသစ်သွင်းခြင်း​မပြုကြ၊ နုတ်ပယ်ခြင်းလည်း မပြုကြ။

၃၆ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူ​လေပြီ။ သူ၏​သန့်ရှင်းသော​နာမတော်​အဖို့ ဂုဏ်အသရေ၊ တန်ခိုးနှင့် ဘုန်းတော်သည် ယခုမှ​စ၍၊ အစဉ်​အမြဲ ဆက်ပေးပါစေ​သတည်း။ အာမင်။

၃၇ ထိုမှ​တစ်ဖန်၊ ဗတ္တိဇံ​နည်းလမ်းနှင့်​စပ်လျဉ်း၍၊ အသင်းတော်သို့ ပညတ်တော်များ​အတိုင်း—​ဘုရားသခင်​ရှေ့မှာ သူတို့ကိုယ်သူတို့​နှိမ့်ချ၍၊ ဗတ္တိဇံခံလိုကြသော၊ ကြေကွဲသော​နှလုံးသားနှင့် ကျိုးပဲ့သော​စိတ်ဖြင့် ထွက်လာကြသော၊ မိမိတို့၏ ခပ်သိမ်းသော​အပြစ်များမှ အမှန်ပင်​နောင်တရကြောင်း အသင်းတော်​ရှေ့၌ သက်သေခံကြသော၊ ယေရှု​ခရစ်တော်၏​နာမတော်ကို သူတို့​အပေါ်မှာ​ခံယူခြင်းငှာ လိုလားလျက်၊ အဆုံး​တိုင်အောင် သူ့ကို အစေခံဖို့ သန္နိဋ္ဌာန်​ရှိလျက်၊ သူတို့၏​အပြစ်များမှ လွှတ်ခြင်းသို့​တိုင်အောင် ခရစ်တော်၏​ဝိညာဉ်တော်ကို လက်ခံရရှိ​လေကြောင်း အမှန်ပင်​ထင်ရှားစွာ​ပြကြသော ထိုသူ​အပေါင်းတို့ကို ဗတ္တိဇံအားဖြင့် သူ၏​အသင်းတော်ထဲသို့ လက်ခံ​လိမ့်မည်။

၃၈ ခရစ်တော်၏​အသင်းတော်မှ အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများ၊ သင်းထောက်များနှင့် အသင်းသားများ၏ တာဝန်သည်ကား—​တမန်တော်​တစ်ဦးသည် အသင်းလူကြီး​တစ်ဦး​ဖြစ်ပြီး၊ ဗတ္တိဇံပေးဖို့မှာ သူ၏​အမှုတော်ဆောင်တာဝန်​ဖြစ်၏။

၃၉ အခြားသော အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများနှင့် သင်းထောက်များကို ခန့်ထားဖို့လည်း​ဖြစ်၏။

၄၀ မုန့်နှင့် စပျစ်ရည်တည်းဟူသော—​ခရစ်တော်၏​အသွေးတော်နှင့် အသားတော်​အထိမ်းအမှတ်ကို—​စီမံဆောင်ရွက်ဖို့လည်း​ဖြစ်၏။

၄၁ အသင်းတော်​ထဲသို့ ဗတ္တိဇံ ခံထားသောသူများကို ကျမ်းစာများ​အတိုင်း မီးဖြင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့်​လည်းကောင်း ဗတ္တိဇံ​ပေးခြင်း​အတွက် လက်တင်ခြင်း​အားဖြင့် အတည်ပြုဖို့လည်း​ဖြစ်၏။

၄၂ သွန်သင်ဖို့၊ ရှင်းပြဖို့၊ တိုက်တွန်းဖို့၊ ဗတ္တိဇံပေးဖို့နှင့် အသင်းတော်ကို ကြည့်ရှု​စောင့်ရှောက်ဖို့လည်း​ဖြစ်၏။

၄၃ လက်တင်ခြင်း၊ ထို့အတူ၊ သန့်ရှင်းသော​ဝိညာဉ်တော်ကို ပေးခြင်း​အားဖြင့် အသင်းတော်ကို အတည်ပြုဖို့လည်း​ဖြစ်၏။

၄၄ ခပ်သိမ်းသော​အစည်းအဝေးများကို ဦးဆောင်ဖို့လည်း​ဖြစ်၏။

၄၅ အသင်း​လူကြီးများသည် သန့်ရှင်းသော​ဝိညာဉ်တော်၏ ပို့ဆောင်ခြင်းကို ခံကြရသည့်​နည်းတူ ဘုရားသခင်၏​ပညတ်တော်များနှင့် ဗျာဒိတ်တော်များ​အတိုင်း အစည်းအဝေးများကို စီမံရကြ​မည်။

၄၆ ယဇ်ပုရောဟိတ်၏​တာဝန်မှာ ဟောပြောဖို့၊ သွန်သင်ဖို့၊ ရှင်းပြဖို့၊ တိုက်တွန်းဖို့၊ ထို့အတူ ဗတ္တိဇံပေးဖို့နှင့် ပွဲတော်ကို စီမံ​ဆောင်ရွက်ဖို့​ဖြစ်၏။

၄၇ ထို့အတူ၊ အသင်းသား​တစ်ဦးချင်း၏​အိမ်သို့ အကြည့်​အရှု​သွား၍၊ သူတို့အား အသံထွက်၍​လည်းကောင်း၊ တိတ်ဆိတ်စွာဖြင့်​လည်းကောင်း ဆုတောင်းဖို့နှင့် မိသားစု၏​ခပ်သိမ်းသော​တာဝန်များကို ဆောင်ရွက်ဖို့ တိုက်တွန်း​ရမည်။

၄၈ သူသည် အခြားသော​ယဇ်ပုရောဟိတ်များ၊ ဆရာများနှင့် သင်းထောက်များကိုလည်း ခန့်ထားနိုင်​ပေ၏။

၄၉ အသင်း​လူကြီး​မရှိလျှင်၊ အစည်းအဝေးများကို သူဦးဆောင်ရမည်။

၅၀ သို့ရာတွင်၊ အသင်း​လူကြီး​ရှိလျှင်၊ သူသည် ဟောပြောဖို့၊ သွန်သင်ဖို့၊ ရှင်းပြဖို့၊ တိုက်တွန်းဖို့နှင့် ဗတ္တိဇံပေးဖို့​သာလျှင်​ဖြစ်၏။

၅၁ ထို့အတူ၊ အသင်းသား​တစ်ဦးချင်း၏​အိမ်သို့ အကြည့်​အရှု​သွား၍၊ သူတို့အား အသံထွက်၍​လည်းကောင်း၊ တိတ်ဆိတ်စွာဖြင့်​လည်းကောင်း ဆုတောင်းဖို့နှင့် မိသားစု၏​ခပ်သိမ်းသော​တာဝန်များကို ဆောင်ရွက်ဖို့ တိုက်တွန်းလျက်​ရှိရမည်။

၅၂ ဤခပ်သိမ်းသော​တာဝန်များတွင်၊ ယဇ်ပုရောဟိတ်သည် အခြေအနေအရ​လိုအပ်လျှင်၊ အသင်း​လူကြီးကို ကူညီရမည်။

၅၃ ဆရာ၏​တာဝန်မှာ အသင်းတော်ကို အမြဲ​ကြည့်ရှု​စောင့်ရှောက်ဖို့၊ ထို့အတူ၊ သူတို့နှင့်​အတူရှိပြီး ခွန်အားဖြည့်ပေးဖို့​ဖြစ်၏။

၅၄ အသင်းတော်၌ ဒုစရိုက်​မရှိစေကြောင်း၊ တစ်ယောက်ကို တစ်ယောက် မာကျောခြင်း​မရှိစေကြောင်း၊ မုသားပြောခြင်း၊ အတင်းပြောခြင်း​မရှိစေကြောင်း၊ အဆိုးပြောခြင်း​မရှိစေကြောင်း ဂရုစိုက်ဖို့လည်း​ဖြစ်၏။

၅၅ အသင်းတော် အကြိမ်ကြိမ်​အတူတကွ​တွေ့ဆုံစေကြောင်း ဂရုစိုက်ဖို့လည်း​ဖြစ်၏။ ထို့အတူ၊ အသင်းသား​အားလုံး သူတို့၏​တာဝန်ကို ဆောင်ရွက်စေကြောင်းကိုလည်း ဂရုစိုက်ဖို့​ဖြစ်၏။

၅၆ အသင်း​လူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်​မရှိသော​အချိန်တွင် အစည်းအဝေးများကို သူဦးဆောင်ရမည်—

၅၇ အသင်းတော်၌ သူ၏​ခပ်သိမ်းသော​တာဝန်များတွင်၊ အခြေအနေအရ​လိုအပ်လျှင်၊ သင်းထောက်တို့၏​ကူညီခြင်းကိုလည်း အမြဲ​ခံယူရမည်။

၅၈ သို့ရာတွင်၊ ဆရာများနှင့် သင်းထောက်များသည် ဗတ္တိဇံပေးဖို့၊ ပွဲတော်ကို​စီမံဆောင်ရွက်ဖို့၊ သို့မဟုတ် လက်တင်ဖို့ အခွင့်အာဏာ​မရှိကြ။

၅၉ သို့သော်လည်း၊ သူတို့သည် သတိပေးကြရ၊ ရှင်းပြကြရ၊ တိုက်တွန်းကြရ၊ ထို့အတူ၊ သွန်သင်ကြရပြီး၊ ခပ်သိမ်းသော​သူတို့ကို ခရစ်တော်ထံသို့ လာဖို့ ဖိတ်ခေါ်ကြရမည်။

၆၀ အသင်း​လူကြီး၊ ယဇ်ပုရောဟိတ်၊ ဆရာ၊ သို့မဟုတ် သင်းထောက်တိုင်းသည် မိမိထံသို့ ဘုရားသခင်၏ ဆုကျေးဇူးများနှင့် အမှုတော်ဆောင်တာဝန်များ​အတိုင်း ခန့်ထားသည်ကို ခံရမည်။ ထိုသူသည်လည်း မိမိကို ခန့်ထားသည့်​သူ၌ရှိသော သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုးအားဖြင့် ခန့်ထားသည်ကို ခံရမည်။

၆၁ ခရစ်တော်၏​ဤအသင်းတော်ကို ဖွဲ့စည်းသူ​အသင်း​လူကြီး​အသီးသီးတို့သည် ညီလာခံတွင် သုံးလတစ်ကြိမ် တွေ့ဆုံကြရမည်၊ သို့မဟုတ် ဖော်ပြပါ​ညီလာခံများ၌ လမ်းညွှန် သို့မဟုတ် သတ်မှတ်မည့်​အချိန်နှင့်အမျှ တွေ့ဆုံကြ​ရမည်။

၆၂ ညီလာခံအချိန်၌ ပြီးမြောက်ဖို့​လိုအပ်သည့် အသင်းတော်​အမှုအရေး​မှန်သမျှကို ဖော်ပြပါ​ညီလာခံများ၌ ဆောင်ရွက်ကြ​ရမည်။

၆၃ အသင်း​လူကြီးများသည် မိမိတို့၏​ခွင့်ပြုလိုင်စင်များကို မိမိတို့ပိုင်ရာ​အသင်းတော်၏ ဆန္ဒမဲ​အားဖြင့်၊ သို့မဟုတ် ညီလာခံများ၌ လက်ခံရရှိကြ​ရမည်။

၆၄ ယဇ်ပုရောဟိတ်​တစ်ဦး​အားဖြင့် ခန့်ထားခံရသည့် ယဇ်ပုရောဟိတ်၊ ဆရာ၊ သို့မဟုတ် သင်းထောက်တိုင်းသည် ခန့်ထားခံရသည့်​အချိန်တွင်၊ ထိုသူထံမှ လက်မှတ်ကို ရယူနိုင်ပေ၏။ ထိုလက်မှတ်ကို အသင်း​လူကြီး​တစ်ဦးအား ပြသောအခါ၊ မိမိအတွက် ခွင့်ပြုလိုင်စင်​ဖြစ်လိမ့်မည်။ ထိုခွင့်ပြုလိုင်စင်သည် သူ့အား မိမိခေါ်သွင်းခြင်း၏ တာဝန်များကို ဆောင်ရွက်ဖို့ အခွင့်အာဏာ​ပေးလိမ့်မည်။ သို့မဟုတ် သူသည် ထိုခွင့်ပြုလိုင်စင်ကို ညီလာခံတစ်ခု၌ ရရှိနိုင်ပေ၏။

၆၅ မှန်ကန်စွာ​ဖွဲ့စည်းထားသည့် အသင်းတော်ခွဲရှိရာ​အသင်းတော်၌၊ အသင်းတော်၏​ဆန္ဒမဲ​မပါဘဲ၊ အဘယ်သူ့ကိုမျှ၊ ဤအသင်းတော်ရှိ အမှုအရာ​တစ်စုံတစ်ခုသို့ မခန့်ထားရ။

၆၆ သို့ရာတွင်၊ ဆန္ဒမဲ​ခံယူနိုင်ဖို့ အသင်းတော်ခွဲ​မရှိသည့်​နေရာ၌၊ ဦးစီး​အသင်း​လူကြီးများ၊ ခရီးသွား​သင်းအုပ်များ၊ အတိုင်ပင်ခံမင်း​အဖွဲ့ဝင်များနှင့် အသင်း​လူကြီးများသည် ခန့်ထားခြင်း​အထူး​အခွင့်အရေးကို ရရှိနိုင်​ကြ၏။

၆၇ ယဇ်ပုရောဟိတ်မင်း​အခွင့်​ဥက္ကဋ္ဌ (သို့မဟုတ် ဦးစီး​အသင်း​လူကြီး)၊ သင်းအုပ်၊ အတိုင်ပင်ခံမင်း​အဖွဲ့ဝင်နှင့် ယဇ်ပုရောဟိတ်မင်းတိုင်းသည် အတိုင်ပင်ခံမင်းအဖွဲ့ သို့မဟုတ် အထွေထွေညီလာခံ၏​လမ်းညွှန်ချက်​အားဖြင့် ခန့်ထားခံရမည်။

၆၈ ဗတ္တိဇံ​အားဖြင့် လက်ခံပြီးနောက် အသင်းသားတို့၏​တာဝန်သည်ကား—​ခပ်သိမ်းသော​အရာများကို အစီအစဉ်တကျ ပြုနိုင်ကြစေခြင်းငှာ၊ အသင်းသားများ​ပွဲတော်စားသုံးခြင်း၊ အသင်း​လူကြီးများ၏​လက်တင်ခြင်းဖြင့် အတည်ပြုခြင်းတို့ မတိုင်မီ​အသင်းလူကြီးများ သို့မဟုတ် ယဇ်ပုရောဟိတ်များသည် ခရစ်တော်၏​အသင်းတော်နှင့်​စပ်လျဉ်းသည့် ခပ်သိမ်းသော​အရာများကို ရှင်းပြဖို့ လုံလောက်သော​အချိန်​ရှိကြရမည်။

၆၉ အသင်းသားများသည်လည်း၊ အသင်းတော်​ရှေ့မှာ၊ ထို့အတူ၊ အသင်း​လူကြီးများ​ရှေ့မှာ၊ ဘုရား​အလိုတော်နှင့်​ညီသော အကျင့်နှင့် အပြောအဆိုတို့​အားဖြင့်၊ ထိုက်တန်မှု​ရှိကြောင်း ထင်ရှားစွာ​ပြကြရမည်ကား—​ကိုယ်တော်ရှင်​ရှေ့၌ သန့်ရှင်းခြင်းသို့​လိုက်လျက်၊ သန့်ရှင်းသော​ကျမ်းစာလာသည့်​အတိုင်း အကျင့်နှင့် ယုံကြည်ခြင်း​ရှိကြစေကြောင်း​ပင်တည်း။

၇၀ ယေရှု​ခရစ်တော်၏​အသင်းတော်မှ ကလေး​ရှိသော အသင်းသားတိုင်းသည် ကလေးများကို အသင်းတော်ရှေ့၌ အသင်း​လူကြီးများထံ ဆောင်ယူလာကြ​ရမည်။ ထိုလူကြီးတို့သည် ကလေးများ​အပေါ်မှာ ယေရှု​ခရစ်တော်၏​နာမတော်​အားဖြင့် လက်ကို​တင်လျက်၊ သူ၏​နာမတော်​အားဖြင့် ကောင်းချီးပေး​ရမည်။

၇၁ တာဝန်ရှိသည့်​အသက်အရွယ်သို့​မရောက်၊ နောင်တရနိုင်စွမ်းလည်း​မရှိလျှင်၊ ထိုသို့သောသူ အဘယ်သူမျှ ခရစ်တော်၏​အသင်းတော်​ထဲသို့ လက်ခံခြင်းကို မရနိုင်ပေ။

၇၂ နောင်တရသောသူ​အပေါင်းတို့​အဖို့ ဗတ္တိဇံကို အောက်ပါ​နည်းလမ်းဖြင့် စီမံ​ဆောင်ရွက်​ရမည်—

၇၃ ဘုရားသခင်၏​ခေါ်သွင်းတော်မူခြင်းကို ခံရပြီး၊ ဗတ္တိဇံပေးဖို့ ယေရှု​ခရစ်တော်ထံမှ အခွင့်အာဏာကို​ရလေသော​သူသည် ဗတ္တိဇံခံဖို့​ရောက်လာသော သူ သို့မဟုတ် သူမနှင့်အတူ ရေထဲသို့​ဆင်းသွား​ရမည်။ ထို့နောက်၊ သူ သို့မဟုတ် သူမ၏​အမည်ကို ခေါ်ပြီး၊ ယေရှု​ခရစ်တော်​အားဖြင့် အခွင့်အာဏာပေး​ခန့်ထားတော်မူသည်ကို ခံရလျက်၊ ငါသည် သင့်ကို ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသော​ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံ​ပေး၏။ အာမင်ဟု ဆိုရမည်။

၇၄ ထို့နောက်တွင်၊ သူ သို့မဟုတ် သူမကို ရေထဲ၌ နှစ်ပြီး၊ ရေထဲမှ တစ်ဖန်​ထွက်ပေါ်လာရမည်။

၇၅ အသင်းတော်သည် ကိုယ်တော်ရှင်​ယေရှုကို အောက်မေ့ကြဖို့ရာ၊ မုန့်နှင့်​စပျစ်ရည်ကို စားသုံးကြခြင်းငှာ၊ အကြိမ်ကြိမ် အတူတကွ တွေ့ဆုံစုဝေးဖို့ လိုအပ်၏။

၇၆ အသင်း​လူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်သည် ထိုအမှုကို စီမံဆောင်ရွက်​ရမည်။ ဤနည်းလမ်း​အားဖြင့် စီမံဆောင်ရွက်​ရမည်—​ထိုသူသည် အသင်းတော်နှင့်​အတူ ဒူးထောက်လျက်၊ လေးနက်​တည်ကြည်သော​ဆုတောင်းခြင်းဖြင့် ခမည်းတော်ထံသို့ ပတ္ထနာပြု၍ ဆိုရမည်ကား၊

၇၇ အို ထာဝရ​အဘ​ဘုရားသခင်၊ ကိုယ်တော်အား ကိုယ်တော့​သားတော်၊ ယေရှု​ခရစ်တော်၏​နာမတော်၌ အကျွန်ုပ်တို့​ဆုတောင်းကြသည်မှာ၊ ဤမုန့်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူရန်နှင့်၊ ၎င်းကို သုံးဆောင်သောသူ​မှန်သမျှ၏​စိတ်ဝိညာဉ်တို့​အတွက် သူတို့သည် ကိုယ်တော့​သားတော်၏​ကိုယ်ခန္ဓာတော်ကို အောက်မေ့ခြင်းဖြင့် စားသုံးကြ​စေခြင်းငှာ​လည်းကောင်း၊ အို ထာဝရ​အဘ​ဘုရားသခင်၊ သူတို့သည် ကိုယ်တော့​သားတော်၏​နာမတော်ကို သူတို့​အပေါ်မှာ ခံယူရန်၊ သူ့အား အစဉ်​အမြဲ​အောက်မေ့ရန်နှင့် မိန့်တော်မူ​ခဲ့သော ပညတ်တော်တို့ကို စောင့်ထိန်းရန် လိုလိုလားလား​ရှိကြကြောင်း ကိုယ်တော်ထံသို့ သက်သေခံကြလျက်၊ သူတို့၌ သူ၏​ဝိညာဉ်တော်​အစဉ်​အမြဲ​တည်ရှိစေခြင်းငှာ ဆုတောင်းကြပါ၏။ အာမင်။

၇၈ စပျစ်ရည်ကို စီမံဆောင်ရွက်ရာနည်းလမ်းမှာ—ထိုသူသည် ဖလားကိုလည်းယူ၍ ဆိုရမည်ကား၊

၇၉ အို ထာဝရ​အဘ​ဘုရားသခင်၊ ကိုယ်တော်အား ကိုယ်တော့​သားတော်၊ ယေရှု​ခရစ်တော်၏​နာမတော်၌ အကျွန်ုပ်တို့​ဆုတောင်းကြသည်မှာ၊ ဤစပျစ်ရည်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူရန်နှင့်၊ ၎င်းကို သောက်သုံးသောသူ​မှန်သမျှ၏​စိတ်ဝိညာဉ်တို့အတွက်၊ သူတို့သည် မိမိတို့အဖို့ သွန်းတော်မူခဲ့သော ကိုယ်တော့​သားတော်၏​အသွေးတော်ကို အောက်မေ့ခြင်းဖြင့် သောက်သုံးကြ​စေခြင်းငှာ​လည်းကောင်း၊ အို ထာဝရ​အဘ​ဘုရားသခင်၊ သူတို့သည် သူ့အား အမှန်ပင်​အစဉ်​အမြဲ​အောက်မေ့ကြောင်း ကိုယ်တော်ထံသို့ သက်သေခံကြလျက်၊ သူတို့၌ သူ၏​ဝိညာဉ်တော်​တည်ရှိစေခြင်းငှာ ဆုတောင်းကြပါ၏။ အာမင်။

၈၀ ခရစ်တော်၏​အသင်းတော်မှ လွန်ကျူးသော သို့မဟုတ် အမှား​ပြုလျက်​တွေ့ရသော အသင်းသား​အဘယ်သူပင်ဖြစ်စေ၊ ကျမ်းစာ​လမ်းညွှန်သည့်​အတိုင်း အရေးယူ​ဆောင်ရွက်ခံ​ရမည်။

၈၁ ခရစ်တော်၏​အသင်းတော်ကို ဖွဲ့စည်းသည့် အသင်းတော်အသီးသီးတို့၏​တာဝန်သည်ကား၊ မိမိတို့၏ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ဆရာများကို အသင်းတော်၏ အသင်း​လူကြီးများ​ကျင်းပသည့် ညီလာခံအသီးသီးသို့ တက်ရောက်ဖို့ စေလွှတ်ရာတွင်၊

၈၂ လွန်ခဲ့သော​ညီလာခံ၌ အသင်းတော်နှင့် ပေါင်းစည်းခဲ့သည့် အသင်းသားအသီးသီးတို့၏ အမည်စာရင်းနှင့်​အတူ၊ သို့မဟုတ်၊ ယဇ်ပုရောဟိတ်​အချို့အားဖြင့် စေလွှတ်သည်မှာ၊ အချိန်နှင့်အမျှ၊ အခြား​အဘယ်​အသင်း​လူကြီးကို ခန့်အပ်သည်ဖြစ်စေ အသင်းတော်​တစ်ခုလုံးရှိ​အမည်​အားလုံး၏ ပုံမှန်​စာရင်းကို အသင်း​လူကြီးများထဲမှ တစ်ဦး​အားဖြင့်​ထိန်းသိမ်း​ထားနိုင်စေခြင်းငှာ​ပေတည်း။

၈၃ အသင်းတော်မှ ထုတ်ပစ်ခံရသူများ​ရှိလျှင်၊ ထိုသူတို့၏​အမည်များကို အသင်းတော်​အထွေထွေ​အမည်​မှတ်တမ်းမှ ပယ်ဖျောက်​နိုင်ခြင်းငှာလည်း​ဖြစ်၏။

၈၄ အမြဲ​နေထိုင်ရာ​အသင်းတော်မှ မိမိတို့ကို​မသိသည့် အသင်းတော်သို့ ရွှေ့ပြောင်းသော​အသင်းသား​အပေါင်းတို့သည် မိမိတို့​ပုံမှန်​အသင်းသားများ​ဖြစ်ပြီး၊ နာမည်​ကောင်းသူများ​ဖြစ်ကြောင်း အသိအမှတ်​ပြုသည့်စာကို ယူသွားနိုင်ပေ၏။ ထိုစာကို လက်ခံ​ရရှိသည့် အသင်းသားသည် အသင်း​လူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်နှင့် လူချင်း​အကျွမ်းဝင်လျှင်၊ ထိုလက်မှတ်ကို အသင်း​လူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်​တစ်စုံတစ်ဦး​အားဖြင့် လက်မှတ်ထိုး​နိုင်ပေ၏။ သို့မဟုတ် ထိုစာကို အသင်းတော်ရှိ ဆရာများ သို့မဟုတ် သင်းထောက်များ​အားဖြင့် လက်မှတ်ထိုး​နိုင်ပေ၏။