အပိုဒ်ငယ် ၂၁
၁၈၃၀ ခု၊ ဧပြီလ ၆ ရက်၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဖော်ပြပါ နေ့စွဲတွင်၊ ပီတာဝှစ်တမာအကြီး၏အိမ်၌ အသင်းတော်ကိုဖွဲ့စည်းစဉ်က ဤဗျာဒိတ်တော်ကို ပေးတော်မူခဲ့၏။ ယခင်က ဗတ္တိဇံခံထားလေသောသူ ခြောက်ဦးပါဝင်ခဲ့၏။ ဤလူများသည် သူတို့၏ အလိုဆန္ဒကိုလည်းကောင်း၊ ဘုရားသခင်၏ပညတ်တော်အတိုင်း ဖွဲ့စည်းဖို့သန္နိဋ္ဌာန်ကိုလည်းကောင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော ဆန္ဒမဲဖြင့် ဖော်ပြခဲ့ကြ၏ (အပိုဒ်ငယ် ၂၀ တွင် ကြည့်ပါ)။ သူတို့သည် ဂျိုးဇက်စမစ်အငယ်နှင့် အော်လီဗာကောင်ဒရီတို့ကို အသင်းတော်၏ဦးစီးအရာရှိများအဖြစ် လက်ခံပြီး၊ ထောက်မကြ၏။ ထို့နောက်တွင်၊ လက်တင်ခြင်းအားဖြင့်၊ ဂျိုးဇက်သည် အော်လီဗာကို အသင်းတော်၏အသင်းလူကြီးအဖြစ်ခန့်ထား၏၊ အော်လီဗာသည်လည်း ဂျိုးဇက်ကို အလားတူ ခန့်ထား၏။ ပွဲတော်ကို စီမံဆောင်ရွက်ပြီးနောက်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်အပ်နှင်းခြင်းနှင့် တစ်ဦးချင်းစီကို အသင်းတော်၏အသင်းသားအဖြစ် အတည်ပြုခြင်းအတွက် ဂျိုးဇက်နှင့် အော်လီဗာသည် ပါဝင်သူများအပေါ် တစ်ဦးချင်းအလိုက် လက်တင်၏။
၁–၃၊ ဂျိုးဇက်စမစ်သည် မြင်သောသူ၊ ဘာသာပြန်သူ၊ ပရောဖက်၊ တမန်တော်နှင့် အသင်းလူကြီးအဖြစ် ခေါ်သွင်းခံရ၏။ ၄–၈၊ သူ၏စကားသည် ဇိအုန်၏အကျိုးကို လမ်းညွှန်လိမ့်မည်။ ၉–၁၂၊ သူသည် နှစ်သိမ့်စေသောသူအားဖြင့် ဟောပြောသဖြင့် သန့်ရှင်းသူတို့သည် သူ၏စကားများကို ယုံကြည်ကြလိမ့်မည်။
၁ ရှုလော့၊ သင်တို့ ၌ ရေးထားသောမှတ်တမ်းတစ်ခု ရှိလိမ့်မည်။ ထိုမှတ်တမ်း၌ သင့်ကို ခမည်းတော်ဘုရားသခင်၏အလိုတော်၊ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် မြင်သောသူ၊ ဘာသာပြန်သူ၊ ပရောဖက်၊ ယေရှုခရစ်တော်၏တမန်တော်၊ အသင်းတော်၏အသင်းလူကြီးဟု ခေါ်ကြလိမ့်မည်။
၂ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြလှုံ့ဆော်ခြင်းကိုခံလျက်၊ အုတ်မြစ်ကိုတည်ပြီး၊ အသန့်ရှင်းဆုံးယုံကြည်ခြင်းအဖို့ တည်ဆောက်၏။
၃ ထိုအသင်းတော်ကို သင်တို့ကိုယ်တော်ရှင်၏ တစ်ထောင့်ရှစ်ရာသုံးဆယ်ခုနှစ်၊ ဧပြီလဟုခေါ်သည့် စတုတ္ထလ၊ ဆဋ္ဌမနေ့တွင် ဖွဲ့စည်းတည်ထောင်ထားလေ၏။
၄ သို့ဖြစ်၍၊ အသင်းတော်ကို ဖွင့်ဆိုရာတွင်၊ သင်တို့သည် ငါ့ရှေ့၌ သန့်ရှင်းခြင်းသို့ လိုက်လျက် သူလက်ခံရရှိသောအခါ သင်တို့ကိုပေးမည့် သူ၏ခပ်သိမ်းသော စကားများနှင့် မိန့်မှာချက်များကို ပမာဏပြုကြရမည်။
၅ အကြောင်းမူကား၊ ငါကိုယ်တိုင်၏နှုတ်မှ ထွက်သကဲ့သို့ပင်၊ သူ၏စကားကို သင်တို့သည် အလုံးစုံသောသည်းခံခြင်းနှင့် ယုံကြည်ခြင်းဖြင့် လက်ခံရရှိကြလိမ့်မည်။
၆ အကြောင်းမူကား၊ ဤအရာတို့ကိုပြုခြင်းအားဖြင့်၊ ငရဲ၏တံခါးတို့သည် သင်တို့ကို မနိုင်ရာ။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်ဘုရားသခင်သည် မှောင်မိုက်ခြင်းတန်ခိုးတို့ကို သင်တို့ရှေ့မှ ပြန့်လွင့်စေတော်မူလိမ့်မည်၊ သင်တို့ကောင်းကျိုးအတွက်၊ ထို့အတူ သူ့နာမ၏ဘုန်းတော်အတွက် ကောင်းကင်ကိုလည်း လှုပ်စေတော်မူလိမ့်မည်။
၇ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူသည်မှာ၊ ဇိအုန်အကျိုးကို ကြီးစွာသောတန်ခိုးဖြင့် ကောင်းကျိုးအတွက် တိုးပွားစေခြင်းငှာ သူ့ကို ငါလမ်းပြလှုံ့ဆော်တော်မူပြီ။ သူ၏လုံ့လဝီရိယကိုလည်း ငါသိ၏။ သူ၏ဆုတောင်းခြင်းများကိုလည်း ငါကြားတော်မူပြီ။
၈ ထိုမှတစ်ပါး၊ ဇိအုန်အတွက် သူ၏ငိုကြွေးခြင်းကို ငါမြင်တော်မူလေပြီ။ သူမအတွက် ငါသည် သူ့ကို ငိုကြွေးမြည်တမ်းခြင်း မရှိစေရတော့။ အကြောင်းမူကား၊ သူ၏ရွှင်လန်းဝမ်းမြောက်ရာနေ့များသည် သူ၏အပြစ်များမှ လွှတ်ခြင်းသို့ရောက်ပေပြီ။ သူ၏အမှုများအပေါ် ငါ၏ကောင်းချီးမင်္ဂလာများသည်လည်း ထင်ရှားစွာပြခြင်းသို့ ရောက်ပေပြီ။
၉ အကြောင်းမူကား၊ ရှုလော့၊ ငါ၏စပျစ်ဥယျာဉ်ထဲ၌ အလုပ်လုပ်ကြသောသူအပေါင်းကို ငါသည် ကြီးစွာသောကောင်းချီးမင်္ဂလာဖြင့် ကောင်းချီးပေးတော်မူမည်။ ယေရှုသည် လောကီသားတို့၏အပြစ်များအတွက်၊ ထိုမှတစ်ပါး၊ ကျိုးပဲ့သောစိတ်နှလုံးအဖို့ အပြစ်များမှ လွှတ်ခြင်းအတွက်၊ အပြစ်များသောသူတို့အားဖြင့် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရကြောင်းကို ထင်ရှားစွာပြသည့်သူတည်းဟူသော နှစ်သိမ့်စေသောသူမှတစ်ဆင့် ငါအားဖြင့် သူ့ကို ပေးထားသည့် သူ့စကားများကိုလည်း သူတို့ယုံကြည်ကြလိမ့်မည်။
၁၀ သို့ဖြစ်၍၊ ငါ၏တမန်တော်၊ အသင်အော်လီဗာကောင်ဒရီအားဖြင့် သူခန့်ထားခံရစေရန် ငါ့၌အကြောင်းရှိ၏။
၁၁ ဤအရာသည် သင့်အဖို့ ဘိသိက်မင်္ဂလာဖြစ်၍၊ သင်သည် သူ့လက်အောက်မှ အသင်းလူကြီးဖြစ်၏။ သူသည် သင့်အဖို့ ပထမဦးဆုံးဖြစ်၍၊ သင်သည် ငါ၏နာမကိုခံယူသည့် ခရစ်တော်၏ဤအသင်းတော်၌ အသင်းလူကြီးတစ်ဦးဖြစ်နိုင်စေကြောင်း—
၁၂ အသင်းတော်သို့၊ လောကရှေ့မှာ၊ ထိုမှတစ်ပါး၊ တပါးအမျိုးသားတို့ရှေ့မှာ ဤအသင်းတော်၏ ပထမဦးဆုံးဟောပြောသူဖြစ်နိုင်စေကြောင်းပေတည်း။ ထိုမှတစ်ပါး၊ ကြည့်ပါ၊ ကြည့်ပါ၊ ယုဒလူမျိုးတို့အတွက်လည်း ဖြစ်၏ဟု ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူသတည်း။ အာမင်။