ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၂၁


အပိုဒ်ငယ် ၂၁

၁၈၃၀ ခု၊ ဧပြီလ ၆ ရက်၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဖော်ပြပါ နေ့စွဲတွင်၊ ပီတာ​ဝှစ်တမာ​အကြီး၏​အိမ်၌ အသင်းတော်ကို​ဖွဲ့စည်း​စဉ်က ဤဗျာဒိတ်တော်ကို ပေးတော်မူခဲ့၏။ ယခင်က ဗတ္တိဇံ​ခံထားလေသောသူ ခြောက်ဦး​ပါဝင်ခဲ့၏။ ဤလူများသည် သူတို့၏ အလိုဆန္ဒကို​လည်းကောင်း၊ ဘုရားသခင်၏​ပညတ်တော်​အတိုင်း ဖွဲ့စည်းဖို့​သန္နိဋ္ဌာန်ကို​လည်းကောင်း တစ်စိတ်​တစ်ဝမ်းတည်း​ဖြစ်သော ဆန္ဒမဲဖြင့် ဖော်ပြ​ခဲ့ကြ၏ (အပိုဒ်ငယ် ၂၀ တွင် ကြည့်ပါ)။ သူတို့သည် ဂျိုးဇက်​စမစ်​အငယ်နှင့် အော်လီဗာ​ကောင်ဒရီတို့ကို အသင်းတော်၏​ဦးစီး​အရာရှိများ​အဖြစ် လက်ခံပြီး၊ ထောက်မကြ၏။ ထို့နောက်တွင်၊ လက်တင်ခြင်း​အားဖြင့်၊ ဂျိုးဇက်သည် အော်လီဗာကို အသင်းတော်၏​အသင်း​လူကြီး​အဖြစ်​ခန့်ထား၏၊ အော်လီဗာသည်လည်း ဂျိုးဇက်ကို အလားတူ ခန့်ထား၏။ ပွဲတော်ကို စီမံဆောင်ရွက်ပြီး​နောက်တွင်၊ သန့်ရှင်းသော​ဝိညာဉ်တော်​အပ်နှင်းခြင်းနှင့် တစ်ဦးချင်းစီကို အသင်းတော်၏​အသင်းသား​အဖြစ် အတည်ပြုခြင်း​အတွက် ဂျိုးဇက်နှင့် အော်လီဗာသည် ပါဝင်သူများ​အပေါ် တစ်ဦးချင်း​အလိုက် လက်တင်၏။

၁–၃၊ ဂျိုးဇက်​စမစ်သည် မြင်သောသူ၊ ဘာသာပြန်သူ၊ ပရောဖက်၊ တမန်တော်နှင့် အသင်းလူကြီး​အဖြစ် ခေါ်သွင်းခံရ၏။ ၄–၈၊ သူ၏​စကားသည် ဇိအုန်၏​အကျိုးကို လမ်းညွှန်​လိမ့်မည်။ ၉–၁၂၊ သူသည် နှစ်သိမ့်စေသောသူ​အားဖြင့် ဟောပြောသဖြင့် သန့်ရှင်းသူတို့သည် သူ၏​စကားများကို ယုံကြည်ကြ​လိမ့်မည်။

ရှုလော့၊ သင်တို့ ၌ ရေးထားသော​မှတ်တမ်းတစ်ခု ရှိလိမ့်မည်။ ထိုမှတ်တမ်း၌ သင့်ကို ခမည်းတော်​ဘုရားသခင်၏​အလိုတော်၊ ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်၏​ကျေးဇူးတော်​အားဖြင့် မြင်သောသူ၊ ဘာသာပြန်သူ၊ ပရောဖက်၊ ယေရှု​ခရစ်တော်၏​တမန်တော်၊ အသင်းတော်၏​အသင်း​လူကြီးဟု ခေါ်ကြ​လိမ့်မည်။

သန့်ရှင်းသော​ဝိညာဉ်တော်၏ လမ်းပြ​လှုံ့ဆော်ခြင်းကို​ခံလျက်၊ အုတ်မြစ်ကို​တည်ပြီး၊ အသန့်ရှင်းဆုံး​ယုံကြည်ခြင်းအဖို့ တည်ဆောက်၏။

ထိုအသင်းတော်ကို သင်တို့​ကိုယ်တော်ရှင်၏ တစ်ထောင့်​ရှစ်ရာ​သုံးဆယ်ခုနှစ်၊ ဧပြီလဟု​ခေါ်သည့် စတုတ္ထလ၊ ဆဋ္ဌမနေ့တွင် ဖွဲ့စည်းတည်ထောင်ထား​လေ၏။

သို့ဖြစ်၍၊ အသင်းတော်ကို ဖွင့်ဆိုရာတွင်၊ သင်တို့သည် ငါ့​ရှေ့၌ သန့်ရှင်းခြင်းသို့ လိုက်လျက် သူလက်ခံ​ရရှိသောအခါ သင်တို့ကိုပေးမည့် သူ၏ခပ်သိမ်းသော စကားများနှင့် မိန့်မှာချက်များကို ပမာဏပြုကြရ​မည်။

အကြောင်းမူကား၊ ငါကိုယ်တိုင်၏​နှုတ်မှ ထွက်သကဲ့သို့ပင်၊ သူ၏​စကားကို သင်တို့သည် အလုံးစုံသော​သည်းခံခြင်းနှင့် ယုံကြည်ခြင်းဖြင့် လက်ခံ​ရရှိကြ​လိမ့်မည်။

အကြောင်းမူကား၊ ဤအရာတို့ကို​ပြုခြင်း​အားဖြင့်၊ ငရဲ၏​တံခါးတို့သည် သင်တို့ကို မနိုင်ရာ။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် မှောင်မိုက်ခြင်း​တန်ခိုးတို့ကို သင်တို့ရှေ့မှ ပြန့်လွင့်​စေတော်မူ​လိမ့်မည်၊ သင်တို့​ကောင်းကျိုး​အတွက်၊ ထို့အတူ သူ့နာမ၏​ဘုန်းတော်​အတွက် ကောင်းကင်ကိုလည်း လှုပ်စေတော်မူ​လိမ့်မည်။

အကြောင်းမူကား၊ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူသည်မှာ၊ ဇိအုန်​အကျိုးကို ကြီးစွာသော​တန်ခိုးဖြင့် ကောင်းကျိုး​အတွက် တိုးပွားစေခြင်းငှာ သူ့ကို ငါလမ်းပြ​လှုံ့ဆော်တော်မူပြီ။ သူ၏​လုံ့လဝီရိယကိုလည်း ငါသိ၏။ သူ၏​ဆုတောင်းခြင်းများကိုလည်း ငါကြားတော်မူပြီ။

ထိုမှတစ်ပါး၊ ဇိအုန်​အတွက် သူ၏​ငိုကြွေးခြင်းကို ငါမြင်တော်မူ​လေပြီ။ သူမ​အတွက် ငါသည် သူ့ကို ငိုကြွေး​မြည်တမ်းခြင်း မရှိစေရတော့။ အကြောင်းမူကား၊ သူ၏​ရွှင်လန်း​ဝမ်းမြောက်ရာ​နေ့များသည် သူ၏​အပြစ်များမှ လွှတ်ခြင်းသို့​ရောက်ပေပြီ။ သူ၏​အမှုများ​အပေါ် ငါ၏​ကောင်းချီးမင်္ဂလာများသည်လည်း ထင်ရှားစွာ​ပြခြင်းသို့ ရောက်ပေပြီ။

အကြောင်းမူကား၊ ရှုလော့၊ ငါ၏​စပျစ်ဥယျာဉ်ထဲ၌ အလုပ်​လုပ်ကြသောသူ​အပေါင်းကို ငါသည် ကြီးစွာသော​ကောင်းချီးမင်္ဂလာဖြင့် ကောင်းချီး​ပေးတော်မူမည်။ ယေရှုသည် လောကီသားတို့၏​အပြစ်များ​အတွက်၊ ထိုမှတစ်ပါး၊ ကျိုးပဲ့သော​စိတ်နှလုံးအဖို့ အပြစ်များမှ လွှတ်ခြင်း​အတွက်၊ အပြစ်များသော​သူတို့အားဖြင့် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်​ခံရကြောင်းကို ထင်ရှားစွာ​ပြသည့်သူ​တည်းဟူသော နှစ်သိမ့်စေသော​သူမှတစ်ဆင့် ငါအားဖြင့် သူ့ကို ပေးထားသည့် သူ့စကားများကိုလည်း သူတို့​ယုံကြည်ကြ​လိမ့်မည်။

၁၀ သို့ဖြစ်၍၊ ငါ၏​တမန်တော်၊ အသင်​အော်လီဗာ​ကောင်ဒရီ​အားဖြင့် သူခန့်ထားခံရစေရန် ငါ့၌​အကြောင်းရှိ၏။

၁၁ ဤအရာသည် သင့်အဖို့ ဘိသိက်မင်္ဂလာ​ဖြစ်၍၊ သင်သည် သူ့လက်အောက်မှ အသင်း​လူကြီး​ဖြစ်၏။ သူသည် သင့်အဖို့ ပထမဦးဆုံး​ဖြစ်၍၊ သင်သည် ငါ၏​နာမကို​ခံယူသည့် ခရစ်တော်၏​ဤအသင်းတော်၌ အသင်း​လူကြီး​တစ်ဦး​ဖြစ်နိုင်စေကြောင်း—

၁၂ အသင်းတော်သို့၊ လောက​ရှေ့မှာ၊ ထိုမှတစ်ပါး၊ တပါးအမျိုးသားတို့​ရှေ့မှာ ဤအသင်းတော်၏ ပထမဦးဆုံး​ဟောပြောသူ​ဖြစ်နိုင်စေကြောင်း​ပေတည်း။ ထိုမှတစ်ပါး၊ ကြည့်ပါ၊ ကြည့်ပါ၊ ယုဒလူမျိုးတို့​အတွက်လည်း ဖြစ်၏ဟု ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူ​သတည်း။ အာမင်။