အပိုဒ်ငယ် ၂၃
၁၈၃၀ ခု၊ ဧပြီလ၊ မန်ချက်စတာ၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ အော်လီဗာကောင်ဒရီ၊ ဟီရမ်စမစ်၊ ဆင်မြူရယ်လ်အိပ်ခ်ျစမစ်၊ ဂျိုးဇက်စမစ်အကြီးနှင့် ဂျိုးဇက်နိုက်အကြီးသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်ငါးတွဲ။ ဖော်ပြပါလူငါးဦး၏အလွန်စိတ်ထက်သန်သော အလိုဆန္ဒ၏ရလဒ်အဖြစ်၊ သူတို့၏သက်ဆိုင်ရာတာဝန်များကိုသိခြင်းငှာ၊ ပရောဖက်သည် ကိုယ်တော်ရှင်ထံမေးလျှောက်၍ လူတစ်ယောက်ချင်းစီအတွက် ဗျာဒိတ်တော်ကို လက်ခံရရှိ၏။
၁–၇၊ ဤရှေ့ပိုင်းတပည့်တော်တို့သည် အသင်းတော်ကို ဟောပြောဖို့၊ တိုက်တွန်းဖို့နှင့် ခွန်အားဖြည့်ပေးဖို့ ခေါ်သွင်းခံကြရ၏။
၁ ရှုလော့၊ အော်လီဗာကောင်ဒရီ၊ ငါသည် သင့်ကို စကားအနည်းငယ်ဆို၏။ ရှုလော့၊ သင်သည် ကောင်းချီးမင်္ဂလာကို ခံရ၏။ ပြစ်ဒဏ်ချမှတ်ခြင်းအောက်၌လည်းမရှိ။ သို့ရာတွင်၊ သင်သည် သွေးဆောင်ဖြားယောင်းခြင်းထဲသို့ မဝင်ရစေခြင်းငှာ မာနကို သတိပြုလော့။
၂ သင်၏အမှုတော်ဆောင်တာဝန်ကို အသင်းတော်သို့၊ ထို့အတူ လောကရှေ့မှာလည်း ဖော်ပြလော့။ သမ္မာတရားကို ယခုမှစ၍၊ ကာလအစဉ်အဆက်ဟောပြောဖို့ သင်၏စိတ်နှလုံးသည်လည်း ပွင့်လိမ့်မည်။ အာမင်။
၃ ရှုလော့၊ ဟီရမ်၊ ငါသည် သင့်ကို စကားအနည်းငယ်ဆို၏။ အကြောင်းမူကား၊ သင်သည်လည်း ပြစ်ဒဏ်ချမှတ်ခြင်းအောက်၌မရှိ။ သင်၏စိတ်နှလုံးသည်လည်း ပွင့်၍၊ သင်၏လျှာသည်လည်း လွတ်၏။ သင်၏အမှုတော်ဆောင်တာဝန်မှာ၊ အသင်းတော်ကို အစဉ်မပြတ်တိုက်တွန်းဖို့၊ ထို့အတူ ခွန်အားဖြည့်ပေးဖို့ ဖြစ်၏။ သို့ဖြစ်၍၊ သင်၏တာဝန်မှာ အသင်းတော်အတွက် ကာလအစဉ်အဆက်ဖြစ်လျက်၊ ဤအရာမှာ သင်၏မိသားစုကြောင့်ဖြစ်၏။ အာမင်။
၄ ရှုလော့၊ ဆင်မြူရယ်လ်၊ ငါသည် သင့်ကို စကားအနည်းငယ်ဆို၏။ အကြောင်းမူကား၊ သင်သည်လည်း ပြစ်ဒဏ်ချမှတ်ခြင်းအောက်၌မရှိ။ သင်၏အမှုတော်ဆောင်တာဝန်မှာ အသင်းတော်ကို တိုက်တွန်းဖို့နှင့် ခွန်အားဖြည့်ပေးဖို့ဖြစ်၏။ သင်သည် လောကရှေ့မှာ ဟောပြောစေဖို့ ခေါ်သွင်းမခံရသေး။ အာမင်။
၅ ရှုလော့၊ ဂျိုးဇက်၊ ငါသည် သင့်ကို စကားအနည်းငယ်ဆို၏။ အကြောင်းမူကား၊ သင်သည်လည်း ပြစ်ဒဏ်ချမှတ်ခြင်းအောက်၌မရှိ။ သင်၏အမှုတော်ဆောင်တာဝန်မှာလည်း အသင်းတော်ကို တိုက်တွန်းဖို့နှင့် ခွန်အားဖြည့်ပေးဖို့ဖြစ်၏။ ဤအရာမှာ ယခုမှစ၍၊ ကာလအစဉ်အဆက် သင်၏တာဝန်ဖြစ်၏။ အာမင်။
၆ ရှုလော့၊ ဂျိုးဇက်နိုက်၊ ငါသည် ဤစကားများဖြင့်၊ သင့်ကို ထင်ရှားစွာပြသည်ကား၊ သင်သည် သင်၏လက်ဝါးကပ်တိုင်ကို ထမ်းရမည်။ ထိုအမှုတွင်၊ သင်သည် မထင်ရှားသောအရပ်မှာ ကဲ့သို့၊ လောကရှေ့၌၊ ထို့အတူ သင်၏မိသားစု၌၊ ထို့အတူ သင်၏အဆွေခင်ပွန်းတို့၌၊ ထို့အတူ ခပ်သိမ်းသောအရပ်တို့၌ အသံထွက်၍ ဆုတောင်းရမည်။
၇ ထို့အတူ၊ ရှုလော့၊ မှန်သောအသင်းတော်နှင့် ပေါင်းစည်းဖို့မှာ သင်၏တာဝန်ဖြစ်၏။ တိုက်တွန်းခြင်းဖြင့် အစဉ်မပြတ်ဟောပြောလော့၊ အလုပ်လုပ်သောသူ၏ အကျိုးကျေးဇူးကို သင်လက်ခံရရှိနိုင်စေကြောင်းပေတည်း။ အာမင်။