ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၂၄


အပိုဒ်ငယ် ၂၄

၁၈၃၀ ခု၊ ဇူလိုင်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် အော်လီဗာ​ကောင်ဒရီသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အသင်းတော်​ဖွဲ့စည်း​ကတည်းက လေးလပင်​မကုန်လွန်သေး​သော်လည်း၊ ညှဉ်းဆဲခြင်းသည် ပြင်းထန်လာခဲ့​လေပြီး၊ ခေါင်းဆောင်တို့သည် ဘေးလွတ်ရာသို့ သီးသန့်​ပုံးကွယ်​နေခဲ့ကြရ၏။ သူတို့ကို ခွန်အား​ဖြည့်ပေးရန်၊ အားပေးရန်နှင့် သွန်သင်ရန် အောက်ပါ​ဗျာဒိတ်တော်​သုံးခုကို ပေးတော်မူ​ခဲ့၏။

၁–၉၊ ဂျိုးဇက်​စမစ်သည် ကျမ်းစာများကို ဘာသာပြန်ဖို့၊ ဟောပြောဖို့နှင့် ရှင်းပြဖို့ ခေါ်သွင်းခံရ၏။ ၁၀–၁၂၊ အော်လီဗာ​ကောင်ဒရီသည် ဧဝံဂေလိ​တရားတော်ကို ဟောပြောဖို့ ခေါ်သွင်း​ခံရ၏။ ၁၃–၁၉၊ အလွန်တရာ​အံ့ဩဖွယ်​အမှုများ၊ ကျိန်ခြင်း​အမင်္ဂလာများ၊ ခြေမှ​မြေမှုန့်ကို​ခါခြင်း၊ ထို့အတူ၊ ငွေအိတ် သို့မဟုတ် လွယ်အိတ်​မပါဘဲ​သွားခြင်းတို့နှင့်​စပ်လျဉ်းသည့် ဥပဒေကို​ဖော်ပြ၏။

ရှုလော့၊ သင်သည် မော်မုန်ကျမ်းကို ရေးရန်နှင့် ငါ၏​အမှုတော်ဆောင်ခြင်းသို့ ခေါ်သွင်းပြီး ရွေးကောက်ခံရ၏။ ငါသည် သင့်ကို ဆင်းရဲဒုက္ခများထဲမှ ကယ်မ၍၊ သွန်သင်တော်မူ​လေသဖြင့်၊ သင်သည် သင့်ရန်သူ​အပေါင်းတို့​လက်မှ ကယ်လွှတ်​ခံရလေပြီ။ စာတန်၏​တန်ခိုးနှင့် မှောင်မိုက်မှလည်း ကယ်လွှတ်​ခံရလေပြီ။

သို့သော်လည်း၊ သင်၏​လွန်ကျူးခြင်းများ၌ အပြစ်​တင်ခြင်းမှ သင်မကင်းလွတ်နိုင်။ သို့သော်လည်း၊ သင့်လမ်း​သင်သွားလော့၊ အပြစ်​လည်းမပြုတော့နှင့်။

သင်၏​အမှုအရာကို တိုးမြှင့်​ဆောင်ရွက်လော့။ သင်သည် လယ်ကို စိုက်၍၊ ကာကွယ်​စောင့်ရှောက်လေပြီးနောက်၊ ကိုးလ်စဗီလ်၊ ဖရေးတီးနှင့် မန်ချက်စတာရှိ အသင်းတော်သို့ အလျင်​အမြန်​သွားလော့၊ ၎င်းတို့သည်လည်း သင့်ကို ထောက်မ​လိမ့်မည်။ ငါသည်လည်း သူတို့ကို ဝိညာဉ်​ပကတိနှင့် ဇာတိ​ပကတိ​နှစ်ခုစလုံး၌ ကောင်းချီးပေးတော်မူမည်။

သို့ရာတွင်၊ သူတို့သည် သင့်ကို လက်ခံခြင်း​မရှိလျှင်၊ ငါသည် သူတို့အပေါ် ကောင်းချီးမင်္ဂလာ​အစား ကျိန်ခြင်း​အမင်္ဂလာကို စေလွှတ်တော်မူမည်။

သင်သည်လည်း ငါ၏​နာမတော်​အားဖြင့်၊ ဘုရားသခင်ကို ဆက်၍​ပတ္ထနာပြုလျက်၊ ထို့အတူ နှစ်သိမ့်စေသော​သူအားဖြင့် သင့်ကို​ဖော်ပြမည့်​အရာတို့ကို ရေးလျက်၊ အသင်းတော်သို့ ခပ်သိမ်းသော​ကျမ်းစာများကို ရှင်းပြလျက်​နေရမည်။

သင်ပြောရ၊ ရေးရမည့်​အရာကို ထိုတစ်ခဏ၌ ဖော်ပြတော်မူ​လိမ့်မည်။ သူတို့သည်လည်း ကြားနာကြ​လိမ့်မည်။ သို့မဟုတ်လျှင်၊ ငါသည် သူတို့အပေါ် ကောင်းချီးမင်္ဂလာ​အစား ကျိန်ခြင်း​အမင်္ဂလာကို စေလွှတ်တော်မူမည်။

အကြောင်းမူကား၊ သင်၏​အလုံးစုံသော​အစေခံခြင်းကို ဇိအုန်၌ ဆက်ကပ်​ရမည်။ ဤအမှု၌ သင်သည် ခွန်အားကို ရလိမ့်မည်။

ဆင်းရဲ​ဒုက္ခများ၌ သည်းခံလော့၊ အကြောင်းမူကား၊ သင့်မှာ များစွာ​ရှိလိမ့်မည်။ သို့ရာတွင်၊ ထိုအရာတို့ကို ကြံ့ကြံ့ခံလော့။ အကြောင်းမူကား၊ ကြည့်ပါ၊ ငါသည် သင့်အသက်တာ၏​အဆုံး​တိုင်အောင်ပင် သင်နှင့်​အတူ ရှိတော်မူ၏။

ဇာတိ​ပကတိ​အလုပ်များ၌ သင်သည် ခွန်အား​ရှိလိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ ဤအရာသည် သင်၏​အမှုတော်ဆောင်​တာဝန်​မဟုတ်။ သင်၏​အမှုအရာကို တိုးမြှင့်​ဆောင်ရွက်ခြင်းငှာ၊ ထို့အတူ ခပ်သိမ်းသော​ကျမ်းစာများကို ရှင်းပြခြင်းငှာ သင်၏​အမှုတော်ဆောင်​တာဝန်ကို ဆောင်ရွက်လော့၊ ထို့အတူ၊ လက်တင်ခြင်းနှင့် အသင်းတော်များကို အတည်ပြုခြင်း၌ ဆက်၍​ရှိနေလော့။

၁၀ သင်၏​ညီအစ်ကို အော်လီဗာသည်လည်း လောကရှေ့၊ ထို့အတူ အသင်းတော်ရှေ့မှာ ငါ၏​နာမတော်ကို​ခံယူခြင်း၌ ဆက်၍​ရှိနေရမည်။ သူသည် ငါ၏​အမှုတော်၌ လုံလောက်ပါပြီဟု မထင်မှတ်ရ။ ကြည့်ဦးလော့၊ ငါသည် အဆုံး​တိုင်အောင် သူနှင့်အတူ​ရှိတော်မူမည်။

၁၁ အားနည်းခြင်း​အရာ၌​ဖြစ်စေ၊ ခွန်အား​အရာ၌​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လူလွတ်​ဖြစ်စေ ငါအားဖြင့် သူသည် ချီးမွမ်းခံရ​လိမ့်မည်၊ သူကိုယ်တိုင်​အားဖြင့်​မဟုတ်။

၁၂ ခပ်သိမ်းသော​ကာလများ၌​လည်းကောင်း၊ ခပ်သိမ်းသော​အရပ်တို့၌​လည်းကောင်း၊ သူသည် မိမိ နှုတ်ကို​ဖွင့်၍၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို တံပိုးသံ​ကဲ့သို့ နေ့ရော​ညပါ ဟောကြား​လိမ့်မည်။ ငါသည်လည်း သူ့အား လူသားတို့၌ မသိရသော ခွန်အားကို ပေးတော်မူမည်။

၁၃ သင်တို့ကို ငါမိန့်တော်မူသည်​မှတစ်ပါး၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း​၊ ဖျားနာသော​သူများကို အနာကင်းစေခြင်း​၊ ထို့အတူ၊ အဆိပ်ရှိသော​မြွေတို့တစ်ဖက်၊ ထို့အတူ သေစေတတ်သော​အဆိပ်များ​တစ်ဖက်၌ မှတစ်ပါး အလွန်တရာ​အံ့ဩဖွယ်​အမှုများကို မတောင်းဆိုကြနှင့်။

၁၄ သင်တို့ထံမှ အလိုရှိ၍ တောင်းဆိုသူများ​မရှိလျှင်၊ ဤအရာများကို သင်တို့​မပြုရ။ ကျမ်းစာများ ပြီးပြည့်စုံ​နိုင်စေခြင်းငှာ​ပေတည်း။ အကြောင်းမူကား၊ သင်တို့သည် ရေးထားသည့်​အတိုင်း ပြုရမည်။

၁၅ သင်တို့​ဝင်သည့် အဘယ်​အရပ်၌​ဖြစ်စေ၊ သင်တို့ကို ငါ၏​နာမတော်​အားဖြင့် လက်ခံခြင်း​မရှိလျှင်၊ သင်တို့သည် သူတို့​တစ်ဖက်၌ သက်သေခံချက်​အဖြစ် သင်တို့ခြေမှ မြေမှုန့်ကို ခါခြင်း၊ ထို့အတူ သင်တို့ခြေကို လမ်းဘေး၌ ဆေးခြင်း အားဖြင့် ကောင်းချီးမင်္ဂလာ​အစား ကျိန်ခြင်း​အမင်္ဂလာကို ပေးရမည်။

၁၆ ဤသို့အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ သင်တို့ကို အနိုင်အထက်​ဖမ်းဆီးသူ​မှန်သမျှ ဒဏ်ခတ်​ခံရစေဖို့ သင်တို့သည် ငါ၏​နာမတော်​အားဖြင့် အမိန့်ပေး​ရမည်။ ထို့အတူ၊ ရှုလော့၊ ငါ၏​ကာလ​အချိန်တန်​သောအခါ၊ သင်တို့၏​စကားများ​အတိုင်း၊ ငါသည် သူတို့ကို ဒဏ်ခတ်တော်မူမည်။

၁၇ သင့်ကို တရားတွေ့သောသူ​မှန်သမျှသည် ဥပဒေအားဖြင့် အကျိန်ခံရ​လိမ့်မည်။

၁၈ သင်သည် ငွေအိတ်၊ လွယ်အိတ်၊ တောင်ဝှေး၊ အင်္ကျီ​နှစ်ထည်ကို မယူရ။ အကြောင်းမူကား၊ စားစရာ​အဖို့နှင့် အဝတ်​အဖို့၊ ထို့အတူ ခြေနင်း​အဖို့နှင့် ငွေအဖို့၊ ထို့အတူ လွယ်အိတ်​အဖို့ သင်တို့​လိုအပ်သည့်​တခဏ၌ သင်တို့ကို အသင်းတော်က ပေးလိမ့်မည်။

၁၉ အကြောင်းမူကား၊ သင်သည် ငါ၏​စပျစ်ဥယျာဉ်ကို ကြီးစွာသော​သုတ်သင်ခြင်းဖြင့် သုတ်သင်​စေဖို့၊ ထိုမှတစ်ပါး၊ နောက်ဆုံး​အကြိမ်​အဖြစ်​ဖြင့်ပင် ခေါ်သွင်းခံရ၏။ ထိုမှတစ်ပါး၊ သင်ခန့်ထား​လေသည့်သူ​အပေါင်းတို့သည်လည်း ဤပုံစံအတိုင်းပင် ပြုကြ​ရမည်။ အာမင်။