ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၂၇


အပိုဒ်ငယ် ၂၇

၁၈၃၀ ခု၊ ဩဂုတ်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပွဲတော်မုန့်နှင့် စပျစ်ရည်ကို စီမံ​ဆောင်ရွက်ရာ ဘာသာရေး​အစည်းအဝေးတွက် ပြင်ဆင်စဉ်တွင်၊ ဂျိုးဇက်​စမစ်သည် စပျစ်ရည်​ရရှိဖို့ သွား၏။ သူသည် ကောင်းကင်ဘုံရှင်​တမန်တော်နှင့်​တွေ့ ၍၊ ဤဗျာဒိတ်တော်ကို လက်ခံ​ရရှိ၏။ ထိုဗျာဒိတ်တော်၏ တစ်စိတ်​တစ်ပိုင်းကို ထိုအချိန်၌​ရေးလေပြီး၊ ကျန်ကြွင်းသည့်​အရာကို နောက်လ စက်တင်ဘာလတွင် ရေး၏။ အသင်းတော်၏​ပွဲတော်အစည်းအဝေးများ၌၊ ယခုတွင် စပျစ်ရည်​အစား၊ ရေကို အသုံးပြုကြ၏။

၁–၄၊ ပွဲတော်ကို စားသုံးရာ၌ အသုံးပြုရမည့် အထိမ်း​အမှတ်များကို ဖော်ပြ၏။ ၅–၁၄၊ ခရစ်တော်နှင့် သာသနာ​အားလုံးမှ သူ၏​ကျွန်တို့သည် ပွဲတော်ကို သုံးဆောင်ကြ​လိမ့်မည်။ ၁၅–၁၈၊ ဘုရားသခင်၏ ချပ်ဝတ်တန်ဆာ​အစုံကို ဝတ်ဆင်​ကြလော့။

သင်တို့၏​ကိုယ်တော်ရှင်၊ သင်တို့၏​ဘုရားသခင်၊ ထို့အတူ သင်တို့၏​ရွေးနုတ်ရှင်၊ ယေရှု​ခရစ်တော်၏ အသံကို နားထောင်လော့။ သူ၏​စကားသည် ရှင်သန်၍ တန်ခိုးကြီး၏။

အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ပွဲတော်ကို စားသုံးသော​အခါ၊ ငါ၏​ဘုန်းတော်​ထင်ရှားဖို့ကိုသာ မျက်စိစူးစိုက်မှုဖြင့် ခမည်းတော်​ရှေ့၌ သင်တို့၏​အပြစ်များမှ လွှတ်ခြင်း​အတွက်၊ သင်တို့​အဖို့ စွန့်ခဲ့သည့် ငါ့ကိုယ်ခန္ဓာ၊ သွန်းခဲ့သည့်​ငါ့အသွေးကို အောက်မေ့လျက်၊ ထိုအမှုကို ဆောင်ရွက်လျှင်—​သင်တို့​အဘယ်သို့​စားရမည် သို့မဟုတ် သင်တို့​အဘယ်သို့​သောက်ရမည်​ဟူသည်မှာ အရေးမကြီး။

သို့ဖြစ်၍၊ ပညတ်တော်​တစ်ခုကို သင်တို့အား ငါပေး၏။ သင်တို့၏​ရန်သူများ​ထံမှ စပျစ်ရည်ကို​သော်လည်းကောင်း၊ သေရည်​သေရက်ကို​သော်လည်းကောင်း သင်တို့​မဝယ်ကြ​စေကြောင်း​ပေတည်း။

သို့ဖြစ်၍၊ သင်တို့၌၊ ထိုမှတစ်ပါး၊ မြေကြီး​ပေါ်မှာ​တည်ဆောက်မည့် ငါ့ခမည်းတော်၏​ဤနိုင်ငံတော်၌ အသစ်​ပြုလုပ်ထားသော​အရာ​မဟုတ်လျှင်၊ အဘယ်​အရာကိုမျှ​သင်တို့​မသုံးဆောင်ရ။

ရှုလော့၊ ဤအရာသည် ငါ့အထဲ၌​ရှိသည့် ဉာဏ်ပညာတော်​ဖြစ်၏။ သို့ဖြစ်၍၊ အံ့ဩခြင်း​မရှိနှင့်၊ အကြောင်းမူကား၊ ငါသည် မြေကြီး​ပေါ်၌ စပျစ်ရည်ကို သင်နှင့်အတူ၊ ထာဝရ​တည်မြဲသော​ဧဝံဂေလိ​တရားတော်​အပြည့်အစုံ ပါဝင်သည့် မော်မုန်ကျမ်းကို ဖော်ပြစေဖို့ သင့်ထံသို့ ငါစေလွှတ်တော်မူ​လေသည့်သူ​တည်းဟူသော ဧဖရိမ်​တုတ်​မှတ်တမ်း​သော့များကို ငါအပ်နှံ​လေသူ မော်ရော်နိုင်းနှင့်​အတူ​သောက်မည့် အချိန်​နာရီသည် ကျရောက်​လာ၏။

နောက်ဆုံးသော​ကာလနှင့်​စပ်လျဉ်း၍၊ ကမ္ဘာဦး​ကတည်းက သန့်ရှင်းသော​ပရောဖက်​အပေါင်းတို့၏​နှုတ်အားဖြင့် ဟောပြော​ထားသည့် ခပ်သိမ်းသော​အရာတို့အား ပြန်လည်​ဆောင်ယူခြင်းကို ဖြစ်ပေါ်စေသည့်​သော့များကို ငါအပ်နှံ​လေသူ ဧလိုင်ယနှင့်လည်း​အတူ​သောက်မည်။

ဇာခရိ၏​သား ယောဟန်နှင့်လည်း အတူ​သောက်မည်။ ထိုဇာခရိကို သူ (ဧလိုင်ယ) အကြည့်​အရှု​ကြွရောက်ပြီး၊ သားတစ်ယောက်​ရမည်ဟု ကတိပေး၍၊ အမည်မှာ ယောဟန်​ဖြစ်ရမည်။ သူသည်လည်း ဧလိုင်ယ၏​ဝိညာဉ်နှင့် ပြည့်စုံ​လိမ့်မည်။

ငါ့ကျွန်များ၊ ဂျိုးဇက်​စမစ်​အငယ်နှင့် အော်လီဗာ​ကောင်ဒရီ၊ သင်တို့သည် အာရုန်​ကဲ့သို့ပင် ခေါ်သွင်း၍​ခန့်ထား​ခံရနိုင်​စေကြောင်း၊ သင်တို့​လက်ခံ​ရရှိလေသည့် ပထမဦးဆုံး ယဇ်ပုရောဟိတ်​အခွင့်သို့ သင်တို့ကို ခန့်ထားခြင်းငှာ၊ ထိုယောဟန်ကို ငါသည် သင်တို့ထံ​စေလွှတ်တော်မူ၏။

မြေကြီး​တစ်ခုလုံး ကျိန်ခြင်းနှင့် ဒဏ်ခတ်​မခံရစေမည့်​အကြောင်း၊ ဘိုးဘေးတို့၏​စိတ်နှလုံးကို သားသမီးများ​ဆီသို့​လည်းကောင်း၊ သားသမီးတို့၏​စိတ်နှလုံးကို ဘိုးဘေးတို့​ဆီသို့​လည်းကောင်း လှည့်စေသည့်​တန်ခိုး၏​သော့များကို ငါအပ်နှင်း​လေသူ ဧလိယနှင့်လည်း အတူ​သောက်မည်။

၁၀ ယောသပ်နှင့် ယာကုပ်၊ ထို့အတူ ဣဇာက်၊ ထို့အတူ အာဗြဟံ၊ ကတိတော်များကို ဆက်၍​တည်စေသူများ​ဖြစ်သည့် သင်တို့​ဘိုးဘေးတို့နှင့်လည်း အတူ​သောက်မည်။

၁၁ မိက္ခေလ၊ သို့မဟုတ် အာဒံ၊ ခပ်သိမ်းသော​သူတို့၏​အဘ၊ ခပ်သိမ်းသော​သူတို့၏​အုပ်စိုးသူ၊ ရှေးကျသူနှင့်လည်း အတူ​သောက်မည်။

၁၂ သင်တို့ထံ ငါစေလွှတ်​လေသူ ပေတရု၊ ထို့အတူ ယာကုပ်၊ ထို့အတူ ယောဟန်တို့နှင့်လည်း အတူ​သောက်မည်။ ထိုသူတို့​အားဖြင့်၊ ငါသည် သင်တို့ကို တမန်တော်များ​အဖြစ်၊ ထို့အတူ ငါ့နာမတော်​အဖို့ အထူး​သက်သေများ​အဖြစ် ငါခန့်ထား၍ အတည်ပြု​လေလျက်၊ သင်တို့၏​အမှုတော်ဆောင်ခြင်းနှင့် သူတို့ကို ငါဖော်ပြ​လေသည့် ထပ်တူ​ထပ်မျှ​ဖြစ်သော​အရာတို့၏ သော့များကို ကိုင်ဆောင်​စေ၏။

၁၃ နောက်ဆုံးသော​ကာလများ​အတွက်၊ အချိန်​ကာလ​ပြည့်စုံခြင်း​အတွက်၊ ငါ့နိုင်ငံတော်၏​သော့များကို​လည်းကောင်း၊ ဧဝံဂေလိ​တရားတော်​သာသနာကို​လည်းကောင်း ငါအပ်နှံ​လေပြီ။ ထိုကာလ၌၊ ငါသည် ကောင်းကင်၌​ရှိသော​အရာ၊ ထို့အတူ မြေကြီးပေါ်မှာ​ရှိသော​အရာ နှစ်မျိုးစလုံး​ဖြစ်သည့် ခပ်သိမ်းသော​အရာတို့ကို တစ်ခုတည်း​အဖြစ် အတူတကွ​စုဝေးစေတော်မူမည်။

၁၄ ငါ့ခမည်းတော် လောကထဲမှ​ယူ၍၊ ငါ့အား ပေးတော်မူသည့်သူ​အပေါင်းတို့နှင့်လည်း အတူ​သောက်မည်။

၁၅ သို့ဖြစ်၍၊ စိတ်နှလုံး​ရွှင်လန်း​အားရလျက် ရွှင်လန်း​ဝမ်းမြောက်​ကြလော့၊ ထို့အတူ သင်တို့၏​ခါးကို စည်းလော့၊ ငါ၏​ချပ်ဝတ်တန်ဆာ​အစုံကိုလည်း သင်တို့​အပေါ်မှာ ဝတ်ဆင်​ကြလော့။ သင်တို့သည် မကောင်းသော​ကာလကို ခံနိုင်ရည်​ရှိနိုင်စေမည့်​အကြောင်း၊ အလုံးစုံတို့ကို ဆောင်ရွက်လျက် သင်တို့ ခံရပ်နိုင်မည့်​အကြောင်း​ပေတည်း။

၁၆ ထို့ကြောင့်၊ ခံရပ်ကြလော့၊ သင်တို့၏​ခါးကို သစ္စာတရားနှင့်​စည်းကြလော့၊ ဖြောင့်မတ်ခြင်း​ရင်အုပ်​တန်ဆာကို ဝတ်ဆင်လျက်​ရှိကြလော့၊ သင်တို့ထံ​အပ်နှင်းစေဖို့ ငါ၏​ကောင်းကင်တမန်များကို စေလွှတ်တော်မူ​လေသည့် ငြိမ်းချမ်းခြင်း​ဧဝံဂေလိ​တရားတော်နှင့်​ပြင်ဆင်ခြင်း​တည်းဟူသော ခြေစွပ်ကို​စွပ်ကြလော့။

၁၇ ဆိုးညစ်သော​သူတို့၏ မီးစက်လက်နက်​အပေါင်းကို ငြိမ်းစေသည့် ယုံကြည်ခြင်း​တည်းဟူသော ဒိုင်းကိုလည်း ယူဆောင်လျက်​ရှိကြလော့။

၁၈ ကယ်တင်ခြင်း​တည်းဟူသော သံခမောက်လုံးကို​လည်းကောင်း၊ သင်တို့အပေါ် ငါသွန်းလောင်းတော်မူမည့် ငါ၏​ဝိညာဉ်တော်​ဓားကို​လည်းကောင်း၊ သင်တို့ထံ ငါဖော်ပြတော်မူသည့် ငါ၏​နှုတ်ကပတ်တော်ကို​လည်းကောင်း ယူဆောင်ကြလော့။ ငါ့ထံမှ သင်တို့​တောင်းဆို​သမျှသော​အရာ​အားလုံးတို့၌ သဘောတူလျက်၊ ငါကြွလာတော်မူသည့်​တိုင်အောင် သစ္စာရှိကြလော့။ သင်တို့သည် ချီဆောင်ခံရသဖြင့်၊ ငါရှိရာ​အရပ်၌ သင်တို့သည်လည်း ရှိကြ​လိမ့်မည်။ အာမင်။