အပိုဒ်ငယ် ၂၈
၁၈၃၀ ခု၊ စက်တင်ဘာလ၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ အော်လီဗာကောင်ဒရီသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ အသင်းတော်၏အသင်းသားတစ်ဦးဖြစ်သူ ဟိုင်ရမ်ပေ့ဂ်ျ၌ တစ်စုံတစ်ခုသောကျောက်တစ်လုံးရှိ၍၊ ဇိအုန်ကို တည်ဆောက်ခြင်းနှင့် အသင်းတော်အစီအစဉ်တို့နှင့်စပ်လျဉ်းသည့် ဗျာဒိတ်တော်များကို ၎င်း၏အကူအညီဖြင့် လက်ခံရရှိသည်ဟု ဆို၏။ အသင်းသားအသီးသီးတို့သည် ဤအဆိုတို့အားဖြင့် လှည့်စားခံရလျက်၊ အော်လီဗာကောင်ဒရီသည်ပင် ၎င်းတို့အားဖြင့် မှားယွင်းစွာလွှမ်းမိုးခံရ၏။ စီရင်ထားနှင့်သောညီလာခံမတိုင်မီကလေးတွင်၊ ပရောဖက်သည် ထိုအမှုနှင့်စပ်လျဉ်း၍၊ ကိုယ်တော်ရှင်ထံ အလေးအနက် မေးလျှောက်သဖြင့်၊ ဤဗျာဒိတ်တော်ရောက်လာ၏။
၁–၇၊ ဂျိုးဇက်စမစ်သည် နက်နဲခြင်းသော့များကို ကိုင်ဆောင်ပြီး၊ သူသည်သာလျှင် အသင်းတော်အတွက် ဗျာဒိတ်တော်များကို လက်ခံရရှိ၏။ ၈–၁၀၊ အော်လီဗာကောင်ဒရီသည် လာမန်အမျိုးသားတို့ကို ဟောပြောရမည်။ ၁၁–၁၆၊ စာတန်သည် ဟိုင်ရမ်ပေ့ဂ်ျကို လှည့်စားပြီး၊ မှားယွင်းသောဗျာဒိတ်များပေး၏။
၁ ရှုလော့၊ အော်လီဗာ၊ သင့်ကို ငါဆိုသည်ကား၊ ငါပေးတော်မူလေသည့် ဗျာဒိတ်တော်များ၊ ပညတ်တော်များနှင့်စပ်လျဉ်း၍၊ နှစ်သိမ့်စေသောသူအားဖြင့် သင်သွန်သင်သမျှသောအရာရာကို အသင်းတော်ကြားနာလိမ့်မည့်အကြောင်း သင့်ကို ငါအခွင့်ပေးတော်မူမည်။
၂ သို့ရာတွင်၊ ရှုလော့၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို လက်ခံရရှိစေခြင်းငှာ၊ ဤအသင်းတော်၌ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်မှတစ်ပါး အဘယ်သူမျှ ခန့်အပ်မခံရ။ အကြောင်းမူကား၊ သူသည် မောရှေကဲ့သို့ပင် ထိုအရာတို့ကို လက်ခံရရှိ၏။
၃ သင်သည်လည်း ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို အသင်းတော်သို့ တန်ခိုးနှင့် အခွင့်အာဏာတို့ဖြင့် သစ္စာရှိစွာဟောကြားခြင်းငှာ သူ့အား ငါပေးတော်မူမည့် အရာများအပေါ် အာရုန်ကဲ့သို့ပင် နာခံရမည်။
၄ သင်သည် အဘယ်အချိန်မှာမဆို နှစ်သိမ့်စေသောသူအားဖြင့်၊ သို့မဟုတ် အချိန်တိုင်း၌ ပညတ်တော်အတိုင်း အသင်းတော်သို့ ဟောပြောဖို့ သို့မဟုတ် သွန်သင်ဖို့ ပို့ဆောင်ခံရလျှင်၊ ထိုအမှုကို ပြုနိုင်ပေ၏။
၅ သို့ရာတွင်၊ သင်သည် ပညတ်တော်အတိုင်းမရေးရ၊ ဉာဏ်ပညာအတိုင်းသာ ရေးရမည်။
၆ သင်၏ဦးခေါင်း၊ ထို့အတူ အသင်းတော်၏ဦးခေါင်းဖြစ်သည့် သူ့ကို သင်အမိန့်မပေးရ။
၇ အကြောင်းမူကား၊ နက်နဲခြင်း၊ ထို့အတူ သူတို့အဖို့ သူ၏နေရာ၌ အခြားသူကို ငါခန့်အပ်မည့်အချိန်အထိ တံဆိပ်ခတ်ထားသည့် ဗျာဒိတ်တော်တို့၏ သော့များကို သူ့အား ငါပေးတော်မူလေပြီ။
၈ ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်မှာ၊ သင်သည် လာမန်အမျိုးသားများထံသို့သွားပြီး၊ သူတို့အား ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောရမည်။ သူတို့သည် သင်၏သွန်သင်ချက်များကို လက်ခံကြသမျှ၊ သင်သည် သူတို့ ၌ ငါ၏အသင်းတော်ကို တည်ထောင်စေရမည်။ သင်သည် ဗျာဒိတ်တော်များကိုလည်း ရရှိလိမ့်မည်၊ သို့ရာတွင် ထိုအရာတို့ကို ပညတ်တော်အတိုင်းမရေးရ။
၉ ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်မှာ၊ မဖော်ပြသဖြင့်၊ ဇိအုန်မြို့တည်ဆောက်မည့်နေရာကို အဘယ်သူမျှမသိ၊ သို့ရာတွင် နောင်ကာလမှဖော်ပြဦးမည်။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ထိုနေရာသည် လာမန်အမျိုးသားတို့အနီး နယ်နမိတ်အရပ်၌ရှိလိမ့်မည်။
၁၀ သင်သည် ဤနေရာကို ညီလာခံမပြီးမီအထိ မစွန့်ခွာရ။ ငါ့ကျွန်ဂျိုးဇက်သည် ညီလာခံကို ဦးစီးရန် ထိုဆန္ဒမဲအားဖြင့်၊ ခန့်အပ်ခံရလိမ့်မည်။ သူသင့်ကို ပြောသည့်အရာကို သင်ပြောပြရမည်။
၁၁ ထိုမှတစ်ဖန်၊ သင်သည် သင့်ညီအစ်ကို ဟိုင်ရမ်ပေ့ဂ်ျကို ခေါ်ဆောင်ရမည်။ ထိုကျောက်အားဖြင့် သူရေးလေသည့် ထိုအရာများသည် ငါ့ထံမှမဟုတ်ကြောင်းနှင့် စာတန် သူ့ကို လှည့်စားကြောင်းကို သူနှင့်သင် နှစ်ယောက်တည်းချင်း ပြောပြရမည်။
၁၂ အကြောင်းမူကား၊ ရှုလော့၊ ဤအရာတို့ကို သူထံသို့ ခန့်အပ်မထားလေပေ။ အသင်းတော်ပဋိညာဉ်များနှင့် ဆန့်ကျင်လျက် အဘယ်အရာကိုမျှ ဤအသင်းတော်မှ အဘယ်သူ့ကိုမျှ ခန့်အပ်လိမ့်မည်မဟုတ်။
၁၃ အကြောင်းမူကား၊ ခပ်သိမ်းသောအရာတို့ကို အစီအစဉ်တကျ၊ ထို့အတူ အသင်းတော်၌ အများသဘောတူခြင်းအားဖြင့်၊ ယုံကြည်ခြင်းရှိသောဆုတောင်းခြင်းဖြင့် ပြုရပေမည်။
၁၄ သင်သည် လာမန်အမျိုးသားများ၌ ခရီးမထွက်မီ၊ အသင်းတော်၏ပဋိညာဉ်များအတိုင်း၊ ခပ်သိမ်းသောဤအရာတို့ကို ဖြေရှင်းဖို့ ကူညီရမည်။
၁၅ သင်သွားသည့်အချိန်မှစ၍၊ ပြန်လာမည့်အချိန်အထိ၊ သင်ပြုရမည့်အရာကို သင့်အားဖော်ပြလိမ့်မည်။
၁၆ သင်သည် သင်၏နှုတ်ကိုလည်း ခပ်သိမ်းသောကာလတို့၌ဖွင့်၍၊ ငါ၏ဧဝံဂေလိတရားတော်ကို ရွှင်လန်းဝမ်းမြောက်ခြင်းအသံဖြင့် ဟောကြားနေရမည်။ အာမင်။