ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၂၈


အပိုဒ်ငယ် ၂၈

၁၈၃၀ ခု၊ စက်တင်ဘာလ၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ အော်လီဗာ​ကောင်ဒရီသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အသင်းတော်၏​အသင်းသား​တစ်ဦး​ဖြစ်သူ ဟိုင်ရမ်​ပေ့ဂ်ျ၌ တစ်စုံ​တစ်ခုသော​ကျောက်​တစ်လုံး​ရှိ၍၊ ဇိအုန်ကို တည်ဆောက်ခြင်းနှင့် အသင်းတော်​အစီအစဉ်တို့နှင့်​စပ်လျဉ်းသည့် ဗျာဒိတ်တော်များကို ၎င်း၏​အကူအညီဖြင့် လက်ခံ​ရရှိသည်ဟု ဆို၏။ အသင်းသားအသီးသီးတို့သည် ဤအဆိုတို့​အားဖြင့် လှည့်စား​ခံရလျက်၊ အော်လီဗာ​ကောင်ဒရီသည်ပင် ၎င်းတို့​အားဖြင့် မှားယွင်းစွာ​လွှမ်းမိုး​ခံရ၏။ စီရင်ထားနှင့်သော​ညီလာခံ​မတိုင်မီ​ကလေးတွင်၊ ပရောဖက်သည် ထိုအမှုနှင့်​စပ်လျဉ်း၍၊ ကိုယ်တော်ရှင်ထံ အလေးအနက် မေးလျှောက်သဖြင့်၊ ဤဗျာဒိတ်တော်​ရောက်လာ၏။

၁–၇၊ ဂျိုးဇက်​စမစ်သည် နက်နဲခြင်း​သော့များကို ကိုင်ဆောင်ပြီး၊ သူသည်သာလျှင် အသင်းတော်​အတွက် ဗျာဒိတ်တော်များကို လက်ခံ​ရရှိ၏။ ၈–၁၀၊ အော်လီဗာ​ကောင်ဒရီသည် လာမန်​အမျိုးသားတို့ကို ဟောပြောရမည်။ ၁၁–၁၆၊ စာတန်သည် ဟိုင်ရမ်​ပေ့ဂ်ျကို လှည့်စားပြီး၊ မှားယွင်းသော​ဗျာဒိတ်များ​ပေး၏။

ရှုလော့၊ အော်လီဗာ၊ သင့်ကို ငါဆိုသည်ကား၊ ငါပေးတော်မူ​လေသည့် ဗျာဒိတ်တော်များ၊ ပညတ်တော်များနှင့်​စပ်လျဉ်း၍၊ နှစ်သိမ့်စေသောသူ​အားဖြင့် သင်သွန်သင်​သမျှသော​အရာရာကို အသင်းတော်​ကြားနာ​လိမ့်မည့်​အကြောင်း သင့်ကို ငါအခွင့်ပေး​တော်မူမည်။

သို့ရာတွင်၊ ရှုလော့၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို လက်ခံ​ရရှိစေခြင်းငှာ၊ ဤအသင်းတော်၌ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်​မှတစ်ပါး အဘယ်​သူမျှ ခန့်အပ်​မခံရ။ အကြောင်းမူကား၊ သူသည် မောရှေ​ကဲ့သို့ပင် ထိုအရာတို့ကို လက်ခံ​ရရှိ၏။

သင်သည်လည်း ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို အသင်းတော်သို့ တန်ခိုးနှင့် အခွင့်​အာဏာတို့ဖြင့် သစ္စာရှိစွာ​ဟောကြားခြင်းငှာ သူ့အား ငါပေးတော်မူမည့် အရာများအပေါ် အာရုန်​ကဲ့သို့ပင် နာခံ​ရမည်။

သင်သည် အဘယ်​အချိန်မှာ​မဆို နှစ်သိမ့်စေသောသူ​အားဖြင့်၊ သို့မဟုတ် အချိန်တိုင်း၌ ပညတ်တော်​အတိုင်း အသင်းတော်သို့ ဟောပြောဖို့ သို့မဟုတ် သွန်သင်ဖို့ ပို့ဆောင်​ခံရလျှင်၊ ထိုအမှုကို ပြုနိုင်ပေ၏။

သို့ရာတွင်၊ သင်သည် ပညတ်တော်​အတိုင်းမရေးရ၊ ဉာဏ်ပညာ​အတိုင်းသာ ရေးရမည်။

သင်၏​ဦးခေါင်း၊ ထို့အတူ အသင်းတော်၏​ဦးခေါင်း​ဖြစ်သည့် သူ့ကို သင်အမိန့်​မပေးရ။

အကြောင်းမူကား၊ နက်နဲခြင်း၊ ထို့အတူ သူတို့​အဖို့ သူ၏​နေရာ၌ အခြားသူကို ငါခန့်အပ်မည့်​အချိန်​အထိ တံဆိပ်ခတ်ထားသည့် ဗျာဒိတ်တော်တို့၏ သော့များကို သူ့အား ငါပေးတော်မူ​လေပြီ။

ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်မှာ၊ သင်သည် လာမန်​အမျိုးသားများ​ထံသို့သွားပြီး၊ သူတို့အား ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြော​ရမည်။ သူတို့သည် သင်၏​သွန်သင်ချက်များကို လက်ခံကြ​သမျှ၊ သင်သည် သူတို့ ၌ ငါ၏​အသင်းတော်ကို တည်ထောင်​စေရမည်။ သင်သည် ဗျာဒိတ်တော်များကိုလည်း ရရှိ​လိမ့်မည်၊ သို့ရာတွင် ထိုအရာတို့ကို ပညတ်တော်​အတိုင်း​မရေးရ။

ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်မှာ၊ မဖော်ပြ​သဖြင့်၊ ဇိအုန်မြို့​တည်ဆောက်မည့်​နေရာကို အဘယ်​သူမျှ​မသိ၊ သို့ရာတွင် နောင်ကာလမှ​ဖော်ပြ​ဦးမည်။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ထိုနေရာသည် လာမန်​အမျိုးသားတို့​အနီး နယ်နမိတ်​အရပ်၌​ရှိလိမ့်မည်။

၁၀ သင်သည် ဤနေရာကို ညီလာခံ​မပြီးမီ​အထိ မစွန့်ခွာရ။ ငါ့ကျွန်​ဂျိုးဇက်သည် ညီလာခံကို ဦးစီးရန် ထိုဆန္ဒမဲ​အားဖြင့်၊ ခန့်အပ်​ခံရ​လိမ့်မည်။ သူသင့်ကို ပြောသည့်​အရာကို သင်ပြောပြ​ရမည်။

၁၁ ထိုမှတစ်ဖန်၊ သင်သည် သင့်ညီအစ်ကို ဟိုင်ရမ်​ပေ့ဂ်ျကို ခေါ်ဆောင်​ရမည်။ ထိုကျောက်​အားဖြင့် သူရေး​လေသည့် ထိုအရာများသည် ငါ့ထံမှ​မဟုတ်ကြောင်းနှင့် စာတန် သူ့ကို လှည့်စားကြောင်းကို သူနှင့်သင် နှစ်ယောက်တည်းချင်း ပြောပြ​ရမည်။

၁၂ အကြောင်းမူကား၊ ရှုလော့၊ ဤအရာတို့ကို သူထံသို့ ခန့်အပ်​မထား​လေပေ။ အသင်းတော်​ပဋိညာဉ်များနှင့် ဆန့်ကျင်လျက် အဘယ်​အရာကိုမျှ ဤအသင်းတော်မှ အဘယ်​သူ့ကိုမျှ ခန့်အပ်​လိမ့်မည်​မဟုတ်။

၁၃ အကြောင်းမူကား၊ ခပ်သိမ်းသော​အရာတို့ကို အစီအစဉ်တကျ၊ ထို့အတူ အသင်းတော်၌ အများ​သဘောတူခြင်း​အားဖြင့်၊ ယုံကြည်ခြင်းရှိသောဆုတောင်းခြင်းဖြင့် ပြုရပေမည်။

၁၄ သင်သည် လာမန်​အမျိုးသားများ၌ ခရီးမထွက်မီ၊ အသင်းတော်၏​ပဋိညာဉ်များ​အတိုင်း၊ ခပ်သိမ်းသော​ဤအရာတို့ကို ဖြေရှင်းဖို့ ကူညီ​ရမည်။

၁၅ သင်သွားသည့်​အချိန်မှ​စ၍၊ ပြန်လာမည့်​အချိန်​အထိ၊ သင်ပြုရမည့်​အရာကို သင့်အား​ဖော်ပြ​လိမ့်မည်။

၁၆ သင်သည် သင်၏​နှုတ်ကိုလည်း ခပ်သိမ်းသော​ကာလတို့၌​ဖွင့်၍၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို ရွှင်လန်း​ဝမ်းမြောက်ခြင်း​အသံဖြင့် ဟောကြား​နေရမည်။ အာမင်။