အပိုဒ်ငယ် ၃၁
၁၈၃၀ ခု၊ စက်တင်ဘာလတွင် ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် သောမတ်စ်ဘီမာ့ရှ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ထိုအချိန်မှာ အသင်းတော်၏ညီလာခံပြီးလျှင်ပြီးချင်း၌ ဖြစ်လေ၏ (အပိုဒ်ငယ် ၃၀ ၏ခေါင်းစဉ်တွင် ကြည့်ပါ)။ သောမတ်စ်ဘီမာ့ရှ်သည် ထိုလအစောပိုင်းက ဗတ္တိဇံခံထားလျက်၊ ဤဗျာဒိတ်တော် မပေးမီတွင် အသင်းတော်၌ အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရ၏။
၁–၆၊ သောမတ်စ်ဘီမာ့ရှ်သည် ဧဝံဂေလိတရားတော်ကို ဟောပြောဖို့ ခေါ်သွင်းခံရပြီး၊ သူ့မိသားစု၏လူမှုဖူလုံရေးကို စိတ်ချစေ၏။ ၇–၁၃၊ သူသည် သည်းခံဖို့၊ အစဉ်အမြဲဆုတောင်းဖို့၊ ထို့အတူ၊ နှစ်သိမ့်စေသောသူနောက်သို့လိုက်ဖို့ အကြံပေးခံရ၏။
၁ သောမတ်စ်၊ ငါ့သား၊ သင်သည် ငါ၏အမှုတော်ကို သင်၏ယုံကြည်ခြင်းကြောင့် မင်္ဂလာရှိ၏။
၂ ရှုလော့၊ သင်သည် သင့်မိသားစုကြောင့်၊ ဆင်းရဲဒုက္ခများစွာရှိလေပြီ။ သို့သော်လည်း၊ ငါသည် သင်နှင့် သင့်မိသားစု၊ အထူးသဖြင့်၊ သင်၏ကလေးသူငယ်တို့ကို ကောင်းချီးပေးတော်မူမည်။ သူတို့ယုံကြည်၍၊ သမ္မာတရားကို သိလျက်၊ ငါ၏အသင်းတော်၌ သင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်မည့်နေ့သည် ကျရောက်လာ၏။
၃ စိတ်နှလုံးရွှင်လန်းအားရလျက် ရွှင်လန်းဝမ်းမြောက်လော့။ အကြောင်းမူကား၊ သင်၏သာသနာပြုအချိန်နာရီသည် ကျရောက်လာ၏။ သင်၏လျှာကို လွတ်စေလိမ့်မည်။ သင်သည် ကြီးစွာသောဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာသတင်းကို ဤမျိုးဆက်အား ဟောကြားရမည်။
၄ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်သို့ ဖော်ပြထားပြီးလေသောအရာတို့ကို သင်ဟောပြောရမည်။ သင်သည် ယခုအချိန်မှစ၍ဟောပြုဖို့၊ ထိုမှတစ်ပါး၊ လောင်မြိုက်ဖို့ အဆင်သင့်ဝင်းလျက်ရှိနှင့်လေသည့် လယ်ကွင်းထဲမှာ ရိတ်သိမ်းဖို့ အစပြုရမည်။
၅ ထို့ကြောင့်၊ သင်၏အလုံးစုံသောစိတ်ဝိညာဉ်နှင့် သင်၏တံစဉ်ကို ရမ်းလော့။ သင်၏အပြစ်များကို ခွင့်လွှတ်၏။ သင်၏ကျောပေါ်မှာ ကောက်လှိုင်းများကို ထမ်းရွက်ရလိမ့်မည်။ အကြောင်းမူကား၊ အလုပ်လုပ်သောသူသည် အခကို ခံထိုက်ပေ၏။ သို့ဖြစ်၍၊ သင်၏မိသားစုသည် အသက်ရှင်ရလိမ့်မည်။
၆ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သူတို့ထံမှ ခဏသာသွားလော့။ ငါ၏နှုတ်ကပတ်တော်ကို ဟောကြားလော့။ သူတို့အတွက် နေစရာအရပ်ကို ပြင်ဆင်တော်မူမည်။
၇ ထိုမှတစ်ပါး၊ ငါသည် လူတို့၏စိတ်နှလုံးကို ဖွင့်တော်မူမည်။ သူတို့သည်လည်း သင့်ကို လက်ခံလိမ့်မည်။ ငါသည် သင်၏လက်အားဖြင့် အသင်းတော်ကို တည်ထောင်တော်မူမည်။
၈ သင်သည် သူတို့ကို ခွန်အားဖြည့်ပေး၍၊ သူတို့စုဝေးမည့်အချိန်အတွက် ပြင်ဆင်ရမည်။
၉ ဆင်းရဲဒုက္ခများ၌ သည်းခံလော့၊ ကဲ့ရဲ့ပြောဆိုသောသူများကို ဆန့်ကျင်၍ကဲ့ရဲ့ပြောဆိုခြင်း မပြုနှင့်။ သင်၏အိမ်ကို သိမ်မွေ့အောက်ကျို့ခြင်းဖြင့် အုပ်ချုပ်လော့။ မြဲမြံခြင်းရှိလော့။
၁၀ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သင်သည် အသင်းတော်အတွက် ဆေးသမားဖြစ်ရလိမ့်မည်။ သို့ရာတွင်၊ လောကအတွက်မဟုတ်။ အကြောင်းမူကား၊ သူတို့သည် သင့်ကို လက်ခံကြလိမ့်မည်မဟုတ်။
၁၁ ငါအလိုရှိတော်မူသည့်အရပ်မှန်သမျှသို့ ကိုယ့်လမ်းကို သွားလော့။ အဘယ်အရာကို သင်ပြုရမည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သင်သွားရမည်ကို လည်းကောင်း နှစ်သိမ့်စေသောသူအားဖြင့် သင့်ကို ဖော်ပြတော်မူလိမ့်မည်။
၁၂ သင်သည် သွေးဆောင်ဖြားယောင်းခြင်းထဲသို့ မဝင်ရစေခြင်းငှာလည်းကောင်း၊ သင်၏အကျိုးကျေးဇူးကို မဆုံးရှုံးရစေခြင်းငှာလည်းကောင်း အစဉ်အမြဲဆုတောင်းလော့။
၁၃ အဆုံးတိုင်အောင် သစ္စာရှိလော့၊ ကြည့်ဦးလော့၊ ငါသည် သင်နှင့်အတူ ရှိတော်မူ၏။ ဤစကားများသည် လူသားထံမှမဟုတ်၊ လူသားတို့ထံမှလည်းမဟုတ်၊ သို့ရာတွင် ခမည်းတော်၏အလိုတော်အားဖြင့် ယေရှုခရစ်တော်တည်းဟူသော သင်၏ရွေးနုတ်ရှင်၊ ငါ့ထံမှ ဖြစ်၏။ အာမင်။