အပိုဒ်ငယ် ၃၂
၁၈၃၀ ခု၊ အောက်တိုဘာလအစောပိုင်း၊ မန်ချက်စတာ၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပါလီ ပီ ပရတ်နှင့် ဇိဘပီတာဆင်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ လာမန်အမျိုးသားတို့နှင့် စပ်လျဉ်း၍၊ အသင်းလူကြီးများ ကြီးစွာစိတ်ဝင်စားခြင်းနှင့် အလိုရှိခြင်းကို ခံစားကြရ၏။ ကြိုတင်၍ဟောကိန်းထုတ်ထားသော သူတို့၏ကောင်းချီးမင်္ဂလာများကို အသင်းတော်သည် မော်မုန်ကျမ်းမှ သိခဲ့ရ၏။ အကျိုးဆက်အားဖြင့်၊ ထိုအချိန်၌ အသင်းလူကြီးများကို အနောက်အရပ်ရှိ အင်ဒီယန်မျိုးနွယ်စုများဆီသို့ စေလွှတ်သင့်မသင့်နှင့် စပ်လျဉ်း၍၊ အလိုတော်ကို ကိုယ်တော်ရှင်ညွှန်ပြတော်မူမည့်အကြောင်း ပတ္ထနာပြုခဲ့ကြ၏။ ဗျာဒိတ်တော်ရောက်လာ၏။
၁–၃၊ ပါလီ ပီ ပရတ်နှင့် ဇိဘပီတာဆင်တို့သည် လာမန်အမျိုးသားတို့ကို ဟောပြောဖို့၊ အော်လီဗာကောင်ဒရီ၊ ပီတာဝှစ်တမာအငယ်တို့နှင့် အတူလိုက်ပါဖို့ ခေါ်သွင်းခံရ၏။ ၄–၅၊ သူတို့သည် ကျမ်းစာများကို နားလည်ဖို့အတွက် ဆုတောင်းရမည်။
၁ ယခုမူကား၊ ငါ့ကျွန် ပါလီ ပီ ပရတ်နှင့်စပ်လျဉ်း၍၊ ရှုလော့၊ သူ့ကို ငါဆိုသည်ကား၊ ငါအသက်ရှင်တော်မူသည့်အတိုင်း၊ သူသည် ငါ၏ဧဝံဂေလိတရားတော်ကို ဟောကြားလျက်၊ ငါ့ထံမှ သင်ယူလျက်၊ သိမ်မွေ့အောက်ကျို့၍၊ စိတ်နှလုံးနှိမ့်ချရမည်။
၂ ငါ့ကျွန်များတည်းဟူသော အော်လီဗာကောင်ဒရီနှင့် ပီတာဝှစ်တမာအငယ်တို့နှင့်အတူ လာမန်အမျိုးသားတို့၌ တောရိုင်းထဲသို့ သွားရမည့်အကြောင်း သူ့ကို ငါခန့်အပ်လေ၏။
၃ ဇိဘပီတာဆင်သည်လည်း သူတို့နှင့်အတူ သွားရမည်။ ငါကိုယ်တိုင်သည်လည်း သူတို့နှင့်အတူသွား၍၊ သူတို့အလယ်မှာ ရှိတော်မူမည်။ ငါသည် ခမည်းတော်ထံ၌ သူတို့၏လျှောက်လဲသူလည်းဖြစ်၏။ အဘယ်အရာမျှ သူတို့ကို မနိုင်ရာ။
၄ သူတို့သည် ရေးထားသောအရာကို ပမာဏပြုရမည်။ အခြားသောဗျာဒိတ်တော်ကို မတောင်းဆိုရ။ ထိုအရာကို သူတို့နားလည်သည့်တိုင်အောင် ငါဖွင့်ပြတော်မူမည့်အကြောင်း အစဉ်အမြဲဆုတောင်းကြရမည်။
၅ သူတို့သည် ဤစကားများကို ပမာဏပြုရကြမည်။ မထီမဲ့မြင်ပြုခြင်းမရှိရ။ ငါသည်လည်း သူတို့ကို ကောင်းချီးပေးတော်မူမည်။ အာမင်။