ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၂


အပိုဒ်ငယ် ၃၂

၁၈၃၀ ခု၊ အောက်တိုဘာလ​အစောပိုင်း၊ မန်ချက်စတာ၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပါလီ ပီ ပရတ်နှင့် ဇိဘ​ပီတာဆင်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ လာမန်​အမျိုးသားတို့နှင့် စပ်လျဉ်း၍၊ အသင်း​လူကြီးများ ကြီးစွာ​စိတ်ဝင်စားခြင်းနှင့် အလိုရှိခြင်းကို ခံစားကြရ၏။ ကြိုတင်၍​ဟောကိန်းထုတ်​ထားသော သူတို့၏​ကောင်းချီး​မင်္ဂလာများကို အသင်းတော်သည် မော်မုန်ကျမ်းမှ သိခဲ့ရ၏။ အကျိုးဆက်အားဖြင့်၊ ထိုအချိန်၌ အသင်း​လူကြီးများကို အနောက်​အရပ်ရှိ အင်ဒီယန်​မျိုးနွယ်စုများဆီသို့ စေလွှတ်သင့်​မသင့်နှင့် စပ်လျဉ်း၍၊ အလိုတော်ကို ကိုယ်တော်ရှင်​ညွှန်ပြတော်မူမည့်​အကြောင်း ပတ္ထနာပြု​ခဲ့ကြ၏။ ဗျာဒိတ်တော်​ရောက်လာ၏။

၁–၃၊ ပါလီ ပီ ပရတ်နှင့် ဇိဘ​ပီတာဆင်တို့သည် လာမန်​အမျိုးသားတို့ကို ဟောပြောဖို့၊ အော်လီဗာ​ကောင်ဒရီ၊ ပီတာ​ဝှစ်တမာ​အငယ်တို့နှင့် အတူ​လိုက်ပါဖို့ ခေါ်သွင်း​ခံရ၏။ ၄–၅၊ သူတို့သည် ကျမ်းစာများကို နားလည်ဖို့​အတွက် ဆုတောင်း​ရမည်။

ယခုမူကား၊ ငါ့ကျွန် ပါလီ ပီ ပရတ်နှင့်​စပ်လျဉ်း၍၊ ရှုလော့၊ သူ့ကို ငါဆိုသည်ကား၊ ငါအသက်ရှင်တော်မူသည့်​အတိုင်း၊ သူသည် ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောကြားလျက်၊ ငါ့ထံမှ သင်ယူ​လျက်၊ သိမ်မွေ့​အောက်ကျို့၍၊ စိတ်နှလုံး​နှိမ့်ချရမည်။

ငါ့ကျွန်များ​တည်းဟူသော အော်လီဗာ​ကောင်ဒရီနှင့် ပီတာ​ဝှစ်တမာ​အငယ်တို့နှင့်​အတူ လာမန်​အမျိုးသားတို့၌ တောရိုင်း​ထဲသို့ သွားရမည့်​အကြောင်း သူ့ကို ငါခန့်အပ်​လေ၏။

ဇိဘ​ပီတာဆင်သည်လည်း သူတို့နှင့်​အတူ သွားရမည်။ ငါကိုယ်တိုင်သည်လည်း သူတို့နှင့်​အတူသွား၍၊ သူတို့​အလယ်မှာ ရှိတော်မူမည်။ ငါသည် ခမည်းတော်ထံ၌ သူတို့၏​လျှောက်လဲသူလည်း​ဖြစ်၏။ အဘယ်​အရာမျှ သူတို့ကို မနိုင်ရာ။

သူတို့သည် ရေးထားသော​အရာကို ပမာဏပြု​ရမည်။ အခြားသော​ဗျာဒိတ်တော်ကို မတောင်းဆိုရ။ ထိုအရာကို သူတို့​နားလည်သည့်​တိုင်အောင် ငါဖွင့်ပြတော်မူမည့်​အကြောင်း အစဉ်​အမြဲ​ဆုတောင်းကြ​ရမည်။

သူတို့သည် ဤစကားများကို ပမာဏပြုရကြမည်။ မထီမဲ့မြင်​ပြုခြင်း​မရှိရ။ ငါသည်လည်း သူတို့ကို ကောင်းချီး​ပေးတော်မူမည်။ အာမင်။