အပိုဒ်ငယ် ၃၃
၁၈၃၀ ခု၊ အောက်တိုဘာလ၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အယ်ဇရာသဲရာနှင့် နော့သရော့ဆွိသို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်ကို နိဒါန်းပျိုးရာတွင်၊ “ကိုယ်တော်ရှင်သည် ယုံကြည်ခြင်းဖြင့် လုံ့လဝီရိယထက်သန်စွာရှာကြသောသူများကို သွန်သင်ခြင်းငှာ အစဉ်အဆင်သင့် ဖြစ်တော်မူကြောင်း” ဂျိုးဇက်စမစ်၏သမိုင်းက အတည်ပြု၏။
၁–၄၊ အလုပ်လုပ်သောသူတို့သည် ဧဝံဂေလိတရားတော်ကို ဟောကြားစေဖို့ ဆယ့်တစ်နာရီအချိန်၌ ခေါ်သွင်းခံကြရ၏။ ၅–၆၊ အသင်းတော်ကို တည်ထောင်၏။ ရွေးကောက်ထားသောသူတို့သည် စုဝေးကြလိမ့်မည်။ ၇–၁၀၊ နောင်တရကြလော့၊ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။ ၁၁–၁၅၊ အသင်းတော်ကို ဧဝံဂေလိတရားတော်ကျောက်ပေါ်မှာ တည်ဆောက်၏။ ၁၆–၁၈၊ မင်္ဂလာဆောင်လုလင်ရောက်လာခြင်းအတွက် ပြင်ဆင်ကြလော့။
၁ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်များတည်းဟူသော အယ်ဇရာနှင့် နော့သရော့၊ သင်တို့၏နားကို ဖွင့်၍၊ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်၏အသံကို စေ့စေ့နားထောင်ကြလော့။ သူ၏နှုတ်ကပတ်တော်သည် ရှင်သန်၍ တန်ခိုးကြီး၏။ အရိုးအဆစ်နှင့်ခြင်ဆီ၊ အသက်နှင့် စိတ်ဝိညာဉ်တို့ကို အစိတ်စိတ်ကွဲစေသည့် နှစ်ဖက်သွားဓားထက် သာ၍ထက်၏။ စိတ်နှလုံး၏အတွေးများနှင့် အကြံအစည်များကို ပိုင်းခြား၍သိမြင်သောအရာလည်းဖြစ်၏။
၂ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်မှာ၊ သဘောကောက်၍ ဖောက်ပြန်သောအမျိုးသို့ ငါ၏ဧဝံဂေလိတရားတော်ကို ဟောကြားစေခြင်းငှာ သင်တို့အသံကို တံပိုးသံကဲ့သို့ မြှင့်ကြစေဖို့ သင်တို့ခေါ်သွင်းခံကြရ၏။
၃ အကြောင်းမူကား၊ ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်ရှိနှင့်လေပြီ။ ဆယ့်တစ်နာရီဖြစ်၏။ အလုပ်လုပ်သောသူများကို ငါ၏စပျစ်ဥယျာဉ်ထဲသို့ ငါခေါ်သွင်းရာ နောက်ဆုံးအကြိမ်ဖြစ်၏။
၄ ငါ၏စပျစ်ဥယျာဉ်သည် အလုံးစုံပုပ်ပျက်လာလေပြီ။ အနည်းငယ်သောသူမှတစ်ပါး၊ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ သူတို့သည် ဘာသာရေးဖြင့် ကိုယ်ကျိုးရှာခြင်းများကြောင့်၊ အားလုံးဖောက်ပြန်သောစိတ်ရှိလျက်၊ ကြိမ်ဖန်များစွာ တိမ်းမှားကြ၏။
၅ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအသင်းတော်ကို ငါတည်ထောင်ပြီး၊ တောရိုင်းထဲမှ ထွက်ပေါ်လာစေခဲ့ပြီ။
၆ ထိုနည်းတူစွာပင်၊ ငါသည် ငါ၏ရွေးကောက်ထားသောသူများတည်းဟူသော အကယ်စင်စစ်၊ ငါ့ကို ယုံကြည်ပြီး၊ ငါ၏အသံကို စေ့စေ့နားထောင်မည့်သူမှန်သမျှကို မြေကြီးလေးမျက်နှာမှ စုဝေးတော်မူမည်။
၇ ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်ရှိနှင့်လေပြီ။ သို့ဖြစ်၍၊ သင်တို့၏တံစဉ်များကို ရမ်းကြလော့။ သင်တို့၏အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ရိတ်သိမ်းကြလော့။
၈ သင်တို့၏နှုတ်ကို ဖွင့်ကြလော့၊ ပြည့်ကြစေလိမ့်မည်။ ယေရုရှလင်မှနေ၍ တောရိုင်းထဲသို့ ခရီးသွားခဲ့သည့် ရှေးကနီဖိုင်းကဲ့သို့ပင် သင်တို့ဖြစ်လာလိမ့်မည်။
၉ ထိုမှတစ်ပါး၊ သင်တို့၏နှုတ်ကို ဖွင့်ကြလော့၊ လျော့ခြင်းမရှိနှင့်။ သင်တို့ကျောပေါ်မှာ ကောက်လှိုင်းများကို ထမ်းရွက်ရလိမ့်မည်။ အကြောင်းမူကား၊ ကြည့်ပါ၊ ငါသည် သင်တို့နှင့် အတူရှိတော်မူ၏။
၁၀ ထိုမှတစ်ပါး၊ သင်တို့၏နှုတ်ကို ဖွင့်ကြလော့၊ ပြည့်ကြစေလိမ့်မည်။ ဆိုရမည်ကား၊ နောင်တရကြလော့၊ နောင်တရကြလော့၊ သင်တို့ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ကြလော့။ သူ၏လမ်းခရီးတော်တို့ကို ဖြောင့်စေကြလော့။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။
၁၁ ထိုမှတစ်ပါး၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းအတွက်၊ သင်တို့အယောက်တိုင်း နောင်တရပြီး၊ ဗတ္တိဇံခံကြလော့။ ထိုမှတစ်ပါး၊ ရေဖြင့်ပင် ဗတ္တိဇံခံကြလော့။ ထို့နောက်တွင်၊ မီးဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း ဗတ္တိဇံဖြစ်လာ၏။
၁၂ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအရာသည် ငါ၏ဧဝံဂေလိတရားတော်ဖြစ်၏။ သူတို့သည် ငါ့ကို ယုံကြည်ခြင်းရှိရမည့်အကြောင်း သတိရကြလော့။ သို့မဟုတ်လျှင်၊ ကယ်တင်ခြင်းသို့ အလျှင်းမရောက်နိုင်ကြ။
၁၃ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို တည်ဆောက်မည်။ အမှန်စင်စစ်၊ ဤကျောက်ပေါ်မှာ သင်တို့ကို တည်ဆောက်ထား၏။ သင်တို့ဆက်၍ပြုကြလျှင်၊ ငရဲ၏တံခါးတို့သည် သင်တို့ကို မနိုင်ရာ။
၁၄ သင်တို့သည် အသင်းတော်ခံယူချက်များနှင့် ပဋိညာဉ်များကို စောင့်ထိန်းဖို့ သတိရကြရမည်။
၁၅ ယုံကြည်ခြင်းရှိသူမှန်သမျှကို သင်တို့သည် လက်တင်ခြင်းအားဖြင့် ငါ၏အသင်းတော်၌ အတည်ပြုရမည်။ ငါသည် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို သူတို့အားပေးတော်မူမည်။
၁၆ သင်တို့ကို သွန်သင်ခြင်းအတွက် မော်မုန်ကျမ်းနှင့် သန့်ရှင်းသောကျမ်းစာများကို ငါပေးထား၏။ ငါ့ဝိညာဉ်တော်၏တန်ခိုးသည် ခပ်သိမ်းသောအရာတို့ကို ရှင်သန်စေ၏။
၁၇ သို့ဖြစ်၍၊ သစ္စာရှိလော့၊ အစဉ်အမြဲဆုတောင်းနေလော့၊ သင်တို့၏မီးခွက်ကို အသင့်ပြင်၍၊ မီးထွန်းလျက်၊ ဆီနှင့်ရှိစေလော့။ မင်္ဂလာဆောင်လုလင်ရောက်လာသောအခါ၌ သင်တို့အဆင်သင့်ဖြစ်နိုင်ကြစေကြောင်းပေတည်း—
၁၈ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် အလျင်အမြန်လာမည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။