အပိုဒ်ငယ် ၃၄
၁၈၃၀ ခု၊ နိုဝင်ဘာလ ၄ ရက်၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အော်ဆန်ပရတ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ညီအစ်ကိုပရတ်သည် ထိုအချိန်၌ အသက် ဆယ့်ကိုးနှစ်ရှိ၏။ ပြန်လည်ဆောင်ယူထားသည့် ဧဝံဂေလိတရားတော်အကြောင်း ဟောပြောခြင်းကို သူ၏အစ်ကို ပါလီ ပီ ပရတ်အားဖြင့် သူပထမဆုံးကြားနာရချိန် ဤဗျာဒိတ်တော်မတိုင်မီ သီတင်းပတ်ခြောက်ပတ်၌ ပြောင်းလဲပြီး ဗတ္တိဇံခံ၏။ ဤဗျာဒိတ်တော်ကို ပီတာဝှစ်တမာအကြီး၏နေအိမ်၌ လက်ခံရရှိခဲ့၏။
၁–၄၊ သစ္စာရှိသောသူတို့သည် အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ဘုရားသခင်၏သားများဖြစ်လာကြ၏။ ၅–၉၊ ဧဝံဂေလိတရားတော်ကို ဟောပြောခြင်းသည် ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် လမ်းကို ပြင်ဆင်၏။ ၁၀–၁၂၊ ပရောဖက်ပြုဟောချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဖြစ်လာ၏။
၁ ငါ့သားအော်ဆန်၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်၊ အကယ်စင်စစ်၊ သင်၏ရွေးနုတ်ရှင်ယေရှုခရစ်တော် မိန့်တော်မူမည့်အရာကို စေ့စေ့နားထောင်၍၊ ကြားနာလျက်၊ သတိပြုလော့။
၂ လောက၏အလင်းနှင့် အသက်ဖြစ်၏။ မှောင်မိုက်၌ တောက်ပသော အလင်းဖြစ်၍ မှောင်မိုက်သည် နားလည်ခြင်းမရှိ။
၃ လောကကို အလွန်ချစ်တော်မူသောသူဖြစ်၍ သူ့အသက်ကို ပေးတော်မူသည်မှာ၊ ယုံကြည်မည့်သူမှန်သမျှအား ဘုရားသခင်၏သားများဖြစ်လာကြစေခြင်းငှာပေတည်း။ သို့ဖြစ်၍၊ သင်သည် ငါ့သားဖြစ်၏။
၄ သင်သည် ယုံကြည်လေသောကြောင့် မင်္ဂလာရှိ၏။
၅ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောစေဖို့ ငါအားဖြင့် ခေါ်သွင်းခံရသောကြောင့်၊ သင်သည် သာ၍မင်္ဂလာရှိ၏—
၆ တံပိုးသံကဲ့သို့ ကြာကြာနှင့် ကျယ်ကျယ်ကြွေးကြော်စေရန်၊ ထို့အတူ၊ သဘောကောက်၍ ဖောက်ပြန်သောအမျိုးသို့ နောင်တရခြင်းကို ဟစ်ကြော်စေရန်၊ ကိုယ်တော်ရှင်၏ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် သူ့လမ်းကို ပြင်ဆင်စေရန်လည်းဖြစ်၏။
၇ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် တန်ခိုးတော်အရှိန်နှင့် ကြီးစွာသောဘုန်းတော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာတော်မူမည့် အချိန်ကာလသည် မကြာမြင့်မီရောက်လုနီးပေပြီ။
၈ ငါကြွလာတော်မူသည့်အချိန်သည် ကြီးစွာသောနေ့ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ခပ်သိမ်းသောလူမျိုးတို့ တုန်ကြလိမ့်မည်။
၉ သို့ရာတွင်၊ ထိုကြီးစွာသောနေ့ ကျရောက်မလာမီ၊ နေသည် မှောင်မိုက်လာလိမ့်မည်။ လသည်လည်း သွေးအဖြစ်သို့ ပြောင်းလိမ့်မည်။ ကြယ်တို့သည်လည်း မိမိတို့တောက်ပခြင်းကို ငြင်းပယ်လိမ့်မည်။ အချို့ ကျဆင်းလိမ့်မည်။ ကြီးစွာသောဖျက်ဆီးခြင်းသည်လည်း ဆိုးညစ်သောသူများကို စောင့်နေလိမ့်မည်။
၁၀ သို့ဖြစ်၍၊ ကြွေးကြော်လော့၊ လျော့ခြင်းမရှိနှင့်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။ ထို့ကြောင့်၊ ပရောဖက်ပြု၍ဟောလော့။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဖော်ပြတော်မူလိမ့်မည်။
၁၁ သင်သည် သစ္စာရှိလျှင်၊ ရှုလော့၊ ငါသည် ကြွလာတော်မူသည်အထိ သင်နှင့်အတူရှိတော်မူ၏—
၁၂ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် အလျင်အမြန်လာမည်။ ငါသည် သင်၏ကိုယ်တော်ရှင်နှင့် သင်၏ရွေးနုတ်ရှင်ဖြစ်၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။