အပိုဒ်ငယ် ၃၅
၁၈၃၀ ခု၊ ဒီဇင်ဘာလ ၇ ရက်၊ ဖရေးတီး၊ နယူးယောက်၌ သို့မဟုတ် အနီး၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင်၊ ပရောဖက်သည် သမ္မာကျမ်းဘာသာပြန်ခြင်းကို ပြုရာ၌ နေ့စဉ်နီးပါး အလုပ်များနေ၏။ ဘာသာပြန်ခြင်းကို ၁၈၃၀ ခု၊ ဇွန်လစောစောပိုင်းက အစပြုခဲ့ပြီး၊ အော်လီဗာကောင်ဒရီနှင့် ဂျွန်ဝှစ်တမာတို့နှစ်ဦးစလုံးက စာရေးသူများအဖြစ် ထမ်းဆောင် ခဲ့ကြလေ၏။ ယခုတွင်၊ အခြားသောတာဝန်များသို့ သူတို့ခေါ်သွင်းခံရလေသဖြင့်၊ ဆစ်ဒနီရစ်ဂဒွန်သည် ဤအမှုတော်၌ ပရောဖက်၏စာရေးသူအဖြစ် မြင့်မြတ်သော ခန့်အပ်ခြင်းအားဖြင့် ခေါ်သွင်းခံရ၏ (အခန်းငယ် ၂၀ ကို ကြည့်ပါ)။ ဤဗျာဒိတ်တော်မှတ်တမ်းနှင့်စပ်လျဉ်း၍၊ ကျမ်းဦးစကားအဖြစ်၊ ဂျိုးဇက်စမစ်၏သမိုင်းက ဖော်ပြသည်မှာ ”ဒီဇင်ဘာလတွင် ဆစ်ဒနီရစ်ဂဒွန်သည် ကိုယ်တော်ရှင်ထံ မေးလျှောက်ခြင်းငှာ [အိုဟိုင်းရိုမှ] လာခဲ့ပြီး၊ သူနှင့်အတူ အက်ဒဝါ့ပါ့ထရစ်ဂ်ျ ပါလာခဲ့၏…. ဤညီအစ်ကိုနှစ်ဦးရောက်၍ အချိန်အနည်းငယ်ကြာပြီးနောက်၊ ထိုကဲ့သို့အားဖြင့် ကိုယ်တော်ရှင်မိန့်တော်မူ၏”ဟု ဖြစ်၏။
၁–၂၊ လူသားတို့သည် အဘယ်သို့အားဖြင့် ဘုရားသခင်၏သားများ ဖြစ်လာနိုင်မည်နည်း။ ၃–၇၊ ဆစ်ဒနီရစ်ဂဒွန်သည် ဗတ္တိဇံပေးဖို့နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို အပ်နှင်းဖို့ ခေါ်သွင်းခံရ၏။ ၈–၁၂၊ နိမိတ်လက္ခဏာများနှင့် အလွန်တရာအံ့ဩဖွယ်အမှုများကို ယုံကြည်ခြင်းအားဖြင့် ပြုပြင်စီရင်ထား၏။ ၁၃–၁၆၊ ကိုယ်တော်ရှင်၏ကျွန်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် လူမျိုးတို့ကို နင်းနယ်ကြလိမ့်မည်။ ၁၇–၁၉၊ ဂျိုးဇက်စမစ်သည် နက်နဲခြင်းသော့များကို ကိုင်ဆောင်၏။ ၂၀–၂၁၊ ရွေးကောက်ထားသောသူတို့သည် ကိုယ်တော်ရှင်ကြွလာတော်မူရာနေ့၌ တည်တံ့လိမ့်မည်။ ၂၂–၂၇၊ ဣသရေလအမျိုးသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၁ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်၊ အာလဖနှင့် ဩမေဃပင်ဖြစ်သည့်၊ အစနှင့်အဆုံးဖြစ်သည့်၊ ထာဝရတည်မြဲသောတရားစက်ဝန်း လမ်းတော်၏အရှင်တည်းဟူသော၊ ယနေ့၊ မနေ့နှင့် ကာလအစဉ်အဆက် မပြောင်းမလဲရှိတော်မူသည့်သူ၏အသံကို နားထောင်ကြလော့။
၂ ငါသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော် ဖြစ်၏။ ငါ၏နာမတော်ကို ယုံကြည်မည့်သူမှန်သမျှတည်းဟူသော လောကီသားတို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရလေသူဖြစ်ရသည်မှာ၊ သူတို့အား ဘုရားသခင်၏သားများ၊ အကယ်စင်စစ်၊ ခမည်းတော်၌ ငါတစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ ငါ့၌ တစ်လုံးတစ်ဝတည်းဖြစ်လာနိုင်ကြစေကြောင်း၊ ခမည်းတော်သည် ငါ့၌ တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ ငါတို့တစ်လုံးတစ်ဝတည်း ဖြစ်နိုင်ကြစေကြောင်းပေတည်း။
၃ ရှုလော့၊ ငါ့ကျွန်ဆစ်ဒနီကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် သင်နှင့် သင်၏အမှုများကို ကြည့်ရှုတော်မူလေပြီ။ ငါသည် သင်၏ဆုတောင်းခြင်းများကို ကြားတော်မူ၏၊ ထို့အတူ၊ သာ၍ကြီးစွာသောအမှုအတွက် သင့်ကို ပြင်ဆင်တော်မူ၏။
၄ သင်သည် ကောင်းချီးခံစားရ၏။ အကြောင်းမူကား၊ သင်သည် ကြီးမြတ်သောအမှုများကို ဆောင်ရွက်လိမ့်မည်။ သင်သည် ယောဟန်ကဲ့သို့ပင်၊ ငါ့ရှေ့မှာ၊ ထို့အတူ၊ ရောက်လာမည့် ဧလိယရှေ့မှာ လမ်းကို ပြင်ဆင်ဖို့ စေလွှတ်ခံရ၏။ ထိုအမှုကို သင် သိခြင်းမရှိ။
၅ သင်သည် နောင်တရခြင်းအလို့ငှာ ရေဖြင့် ဗတ္တိဇံပေး၏။ သို့ရာတွင်၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းမရှိကြ။
၆ သို့ရာတွင် သင်သည် ရေဖြင့် ဗတ္တိဇံပေးရမည့်အကြောင်း ပညတ်တော်ကို သင့်အား ငါယခုပေး၏။ ရှေးတမန်တော်များကဲ့သို့ပင်၊ လက်တင်ခြင်းအားဖြင့်၊ သူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြလိမ့်မည်။
၇ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုပြည်၌၊ အကယ်စင်စစ်၊ တပါးအမျိုးသားတို့၌ ကြီးစွာသောအမှုရှိလိမ့်မည်။ အကြောင်းမူကား၊ သူတို့၏မိုက်မဲခြင်းနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုများကို လူတို့၏မျက်လုံးများ၌ ထင်ရှားစွာပြလိမ့်မည်။
၈ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါ့လက်သည် မတို။ ငါ၏နာမတော်ကို ယုံကြည်သူမှန်သမျှတို့အား အလွန်တရာအံ့ဩဖွယ်အမှုများ၊ နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများကို ငါပြတော်မူမည်။
၉ ငါ၏နာမတော်အားဖြင့် ယုံကြည်ခြင်းနှင့် တောင်းဆိုသူမှန်သမျှတို့သည် နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ ဖျားနာသူများကို အနာကင်းစေကြလိမ့်မည်။ မျက်စိကန်းသောသူတို့ကို မျက်စိအမြင်ရရှိစေ၊ နားပင်းသောသူတို့ကို နားကြားရစေ၊ ဆွံ့အသောသူများကို စကားပြောစေ၊ ခြေမစွမ်းသောသူတို့ကို လှမ်းသွားစေကြလိမ့်မည်။
၁၀ ကြီးစွာသောအမှုများကို လူသားတို့ထံ ပြရမည့်အချိန်သည်လည်း အလျင်အမြန် ကျရောက်လာ၏။
၁၁ သို့ရာတွင်၊ ယုံကြည်ခြင်းမရှိလျှင်၊ မိမိမတရားသောမေထုန်ကြောင့် ရောက်စေသည့် အမျက်တော်တည်းဟူသောစပျစ်ရည်ကို လူမျိုးအပေါင်းတို့အားသောက်စေသည့် ဗာဗုလုန်အပေါ် လူဆိတ်ညံခြင်းမှတစ်ပါး၊ အဘယ်အရာကိုမျှ ပြလိမ့်မည်မဟုတ်။
၁၂ ဤမျိုးဆက်သို့ ငါစေလွှတ်လေသည့် ငါ၏ဧဝံဂေလိတရားတော်အပြည့်အစုံကို လက်ခံရရှိဖို့ အဆင်သင့်ဖြစ်ကြသောသူများမှတစ်ပါး၊ ကောင်းမြတ်သည်ကို ပြုသောသူတစ်ဦးမျှမရှိ။
၁၃ သို့ဖြစ်၍၊ ငါ့ဝိညာဉ်တော်၏တန်ခိုးအားဖြင့် လူမျိုးတို့ကို နင်းနယ်စေဖို့၊ မတတ်သောသူများ၊ မထီမဲ့မြင်အပြုခံရသောသူများဖြစ်သည့် လောကီအရာ၌ အားနည်းသောသူများကို ငါခေါ်သွင်းတော်မူမည်။
၁၄ သူတို့၏လက်ရုံးသည် ငါ့လက်ရုံးဖြစ်လိမ့်မည်။ ငါသည် သူတို့၏ဒိုင်းနှင့် သူတို့၏အကွယ်အကာဖြစ်တော်မူမည်။ ငါသည် သူတို့၏ခါးကို စည်းတော်မူမည်။ သူတို့သည်လည်း ငါ့အတွက် ရဲရဲရင့်ရင့်တိုက်ခိုက်ကြလိမ့်မည်။ သူတို့၏ရန်သူများသည် သူတို့ခြေအောက်မှာရှိလိမ့်မည်။ သူတို့ကိုယ်စား ဓားကို ကျရောက်စေတော်မူမည်။ ငါ၏ဒေါသမီးဖြင့် ငါသည် သူတို့ကို ကာကွယ်စောင့်မတော်မူမည်။
၁၅ ဆင်းရဲသားများနှင့် သိမ်မွေ့အောက်ကျို့သောသူတို့သည် သူ့တို့ထံဟောပြောသည့် ငါ၏ဧဝံဂေလိတရားတော်ကို ရရှိကြလိမ့်မည်။ ငါကြွလာတော်မူသည့်အချိန်ကို မျှော်လင့်နေကြလိမ့်မည်။ အကြောင်းမူကား၊ နီးကပ်လာပေပြီ—
၁၆ သင်္ဘောသဖန်းပင်အကြောင်း ပုံဆောင်စကားကို သိရှိကြလိမ့်မည်။ အကြောင်းမူကား၊ ယခုမှာပင် နွေကာလနီးကပ်လျက်ရှိပေပြီ။
၁၇ ငါ၏ဧဝံဂေလိတရားတော်အပြည့်အစုံကို ငါ့ကျွန်ဂျိုးဇက်၏လက်အားဖြင့် ငါစေလွှတ်လေပြီ။ အားနည်းခြင်းရှိစဉ် သူ့ကို ငါကောင်းချီးပေးတော်မူလေပြီ။
၁၈ သူသည် ငါ၌တည်လျှင်၊ တံဆိပ်ခတ်ထားသောအရာတို့၏၊ အကယ်စင်စစ်၊ ကမ္ဘာတည်ကတည်းကရှိလေသောအရာတို့၏၊ ယခုအချိန်မှစ၍ ငါကြွလာတော်မူသည့်အချိန်အထိ ဖြစ်လာမည့်အရာတို့၏ နက်နဲခြင်းသော့များကို သူ့အား ငါပေးတော်မူလေပြီ။ ထိုသို့မဟုတ်လျှင်၊ တခြားသူကို သူ၏နေရာ၌ ငါထားတော်မူမည်။
၁၉ သို့ဖြစ်၍၊ သူ၏ယုံကြည်ခြင်းမပျက်စေခြင်းငှာ သူ့ကို ကြည့်ရှုစောင့်ရှောက်လော့၊ ခပ်သိမ်းသောအရာတို့ကို သိတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော နှစ်သိမ့်စေသောသူအားဖြင့် ထိုအရာတို့ကို ပေးတော်မူလိမ့်မည်။
၂၀ ပညတ်တော်ကို သင့်အား ငါပေး၏—သင်သည် သူ့အတွက်ရေးရမည်။ ငါ၏ရွေးကောက်ထားသောသူတို့ကို ကယ်တင်ခြင်းအတွက် ငါကိုယ်တိုင်၏ရင်မှာရှိသကဲ့သို့ပင်ဖြစ်သည့်ကျမ်းစာများကို ဖော်ပြတော်မူမည်။
၂၁ အကြောင်းမူကား၊ သူတို့သည် ငါ့အသံကို ကြားနာကြလိမ့်မည်။ ငါ၏ကြွလာတော်မူရာနေ့၌ တည်တံ့ကြလိမ့်မည်။ ငါ့ကို မြင်ကြလိမ့်မည်။ အိပ်ပျော်လျက်မရှိကြ။ သူတို့သည် ငါစင်ကြယ်သကဲ့သို့ပင် စင်ကြယ်ကြလိမ့်မည်။
၂၂ ယခုမူကား၊ သင့်ကို ငါဆိုသည်မှာ၊ သူနှင့်အတူ နေလော့။ သူသည်လည်း သင်နှင့်အတူ ခရီးသွားလိမ့်မည်။ သူ့ကို စွန့်ပစ်ခြင်းမပြုနှင့်။ ဤအရာတို့ကိုလည်း ဧကန်အမှန်ပြီးပြည့်စုံစေလိမ့်မည်။
၂၃ သင်တို့မရေးကြသမျှ၊ ရှုလော့၊ ပရောဖက်ပြုဟောချက်အတွက် သူ့ကို ဖော်ပြတော်မူလိမ့်မည်။ သင်သည် ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောရမည်။ သူ့ကို ဖော်ပြတော်မူမည့် သူ၏စကားများကို သက်သေပြဖို့ သန့်ရှင်းသောပရောဖက်များကို ရည်ဆောင်ရမည်။
၂၄ သင်တို့ကို ထိန်းသိမ်းသည့် ခပ်သိမ်းသော ပညတ်တော်များနှင့် ပဋိညာဉ်များကို စောင့်ထိန်းကြလော့။ ငါသည် သင်တို့ကောင်းကျိုးအတွက် ကောင်းကင်ကို လှုပ်စေတော်မူမည်။ စာတန်သည်လည်း တုန်လိမ့်မည်။ ဇိအုန်သည် တောင်ကုန်းပေါ်မှာ ရွှင်လန်းဝမ်းမြောက်ပြီး ဖွံ့ဖြိုးတိုးတက်လိမ့်မည်။
၂၅ ဣသရေလအမျိုးသည် ငါ၏ကာလအချိန်တန်သောအခါ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ သူတို့သည် ငါပေးတော်မူလေသည့် သော့များအားဖြင့် ပို့ဆောင်ခံရလိမ့်မည်။ အဘယ်နည်းနှင့်မျှ၊ ရှုပ်ထွေးမခံကြရတော့။
၂၆ စိတ်နှလုံးရွှင်လန်းအားရလျက် ဝမ်းသာကြလော့။ သင်တို့၏ ရွေးနုတ်ခြင်းသည် ရောက်လုနီးပေပြီ။
၂၇ ကြောက်ခြင်းမရှိနှင့် သိုးစုငယ်။ ငါကြွလာတော်မူသည့်တိုင်အောင် နိုင်ငံတော်သည် သင်တို့အရာဖြစ်၏။ ရှုလော့၊ ငါသည် အလျင်အမြန်လာမည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။