ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၅


အပိုဒ်ငယ် ၃၅

၁၈၃၀ ခု၊ ဒီဇင်ဘာလ ၇ ရက်၊ ဖရေးတီး၊ နယူး​ယောက်၌ သို့မဟုတ် အနီး၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင်၊ ပရောဖက်သည် သမ္မာကျမ်း​ဘာသာပြန်ခြင်းကို ပြုရာ၌ နေ့စဉ်​နီးပါး အလုပ်များ​နေ၏။ ဘာသာပြန်ခြင်းကို ၁၈၃၀ ခု၊ ဇွန်လ​စောစောပိုင်းက အစပြုခဲ့ပြီး၊ အော်လီဗာ​ကောင်ဒရီနှင့် ဂျွန်​ဝှစ်တမာတို့​နှစ်ဦးစလုံးက စာရေးသူများ​အဖြစ် ထမ်းဆောင် ခဲ့ကြလေ၏။ ယခုတွင်၊ အခြားသော​တာဝန်များသို့ သူတို့​ခေါ်သွင်း​ခံရလေသဖြင့်၊ ဆစ်ဒနီ​ရစ်ဂဒွန်သည် ဤအမှုတော်၌ ပရောဖက်၏​စာရေးသူ​အဖြစ် မြင့်မြတ်သော ခန့်အပ်ခြင်း​အားဖြင့် ခေါ်သွင်း​ခံရ၏ (အခန်းငယ် ၂၀ ကို ကြည့်ပါ)။ ဤဗျာဒိတ်တော်​မှတ်တမ်းနှင့်​စပ်လျဉ်း၍၊ ကျမ်းဦးစကား​အဖြစ်၊ ဂျိုးဇက်​စမစ်၏​သမိုင်းက ဖော်ပြသည်မှာ ”ဒီဇင်ဘာလတွင် ဆစ်ဒနီ​ရစ်ဂဒွန်သည် ကိုယ်တော်ရှင်ထံ မေးလျှောက်ခြင်းငှာ [အိုဟိုင်းရိုမှ] လာခဲ့ပြီး၊ သူနှင့်အတူ အက်ဒဝါ့​ပါ့ထရစ်ဂ်ျ ပါလာ​ခဲ့၏…. ဤညီအစ်ကို​နှစ်ဦး​ရောက်၍ အချိန်​အနည်းငယ်​ကြာပြီးနောက်၊ ထိုကဲ့သို့​အားဖြင့် ကိုယ်တော်ရှင်​မိန့်တော်မူ၏”ဟု ဖြစ်၏။

၁–၂၊ လူသားတို့သည် အဘယ်သို့​အားဖြင့် ဘုရားသခင်၏​သားများ ဖြစ်လာနိုင်​မည်နည်း။ ၃–၇၊ ဆစ်ဒနီ​ရစ်ဂဒွန်သည် ဗတ္တိဇံ​ပေးဖို့နှင့် သန့်ရှင်းသော​ဝိညာဉ်တော်ကို အပ်နှင်းဖို့ ခေါ်သွင်းခံရ၏။ ၈–၁၂၊ နိမိတ်​လက္ခဏာများနှင့် အလွန်တရာ​အံ့ဩဖွယ်​အမှုများကို ယုံကြည်ခြင်း​အားဖြင့် ပြုပြင်​စီရင်​ထား၏။ ၁၃–၁၆၊ ကိုယ်တော်ရှင်၏​ကျွန်တို့သည် ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် လူမျိုးတို့ကို နင်းနယ်ကြ​လိမ့်မည်။ ၁၇–၁၉၊ ဂျိုးဇက်​စမစ်သည် နက်နဲခြင်း​သော့များကို ကိုင်ဆောင်၏။ ၂၀–၂၁၊ ရွေးကောက်​ထားသော​သူတို့သည် ကိုယ်တော်ရှင်​ကြွလာတော်မူရာ​နေ့၌ တည်တံ့​လိမ့်မည်။ ၂၂–၂၇၊ ဣသရေလ​အမျိုးသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၊ အာလဖနှင့် ဩမေဃပင်​ဖြစ်သည့်၊ အစနှင့်​အဆုံးဖြစ်သည့်၊ ထာဝရ​တည်မြဲသော​တရားစက်ဝန်း လမ်းတော်၏​အရှင်​တည်းဟူသော၊ ယနေ့၊ မနေ့နှင့် ကာလ​အစဉ်​အဆက် မပြောင်း​မလဲ​ရှိတော်မူသည့်​သူ၏​အသံကို နားထောင်​ကြလော့။

ငါသည် ဘုရားသခင်၏​သားတော်​၊ ယေရှုခရစ်တော် ဖြစ်၏။ ငါ၏​နာမတော်ကို ယုံကြည်မည့်သူ​မှန်သမျှ​တည်းဟူသော လောကီသားတို့၏​အပြစ်များ​အတွက် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်​ခံရလေသူ​ဖြစ်ရသည်မှာ၊ သူတို့အား ဘုရားသခင်၏​သားများ၊ အကယ်​စင်စစ်၊ ခမည်းတော်၌ ငါတစ်လုံး​တစ်ဝတည်း​ဖြစ်သကဲ့သို့ ငါ့၌ တစ်လုံး​တစ်ဝတည်း​ဖြစ်လာနိုင်ကြ​စေကြောင်း၊ ခမည်းတော်သည် ငါ့၌ တစ်လုံး​တစ်ဝတည်း​ဖြစ်သကဲ့သို့၊ ငါတို့​တစ်လုံး​တစ်ဝတည်း ဖြစ်နိုင်ကြ​စေကြောင်း​ပေတည်း။

ရှုလော့၊ ငါ့ကျွန်​ဆစ်ဒနီကို ငါအမှန်၊ အမှန်ဆို​သည်ကား၊ ငါသည် သင်နှင့် သင်၏​အမှုများကို ကြည့်ရှုတော်မူ​လေပြီ။ ငါသည် သင်၏​ဆုတောင်းခြင်းများကို ကြားတော်မူ၏၊ ထို့အတူ၊ သာ၍​ကြီးစွာသော​အမှု​အတွက် သင့်ကို ပြင်ဆင်တော်မူ၏။

သင်သည် ကောင်းချီး​ခံစားရ၏။ အကြောင်းမူကား၊ သင်သည် ကြီးမြတ်သော​အမှုများကို ဆောင်ရွက်​လိမ့်မည်။ သင်သည် ယောဟန်​ကဲ့သို့ပင်၊ ငါ့ရှေ့မှာ၊ ထို့အတူ၊ ရောက်လာမည့် ဧလိယ​ရှေ့မှာ လမ်းကို ပြင်ဆင်ဖို့ စေလွှတ်​ခံရ၏။ ထိုအမှုကို သင် သိခြင်း​မရှိ။

သင်သည် နောင်တရခြင်း​အလို့ငှာ ရေဖြင့် ဗတ္တိဇံ​ပေး၏။ သို့ရာတွင်၊ သူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိခြင်း​မရှိကြ။

သို့ရာတွင် သင်သည် ရေဖြင့် ဗတ္တိဇံပေးရမည့်အကြောင်း ပညတ်တော်ကို သင့်အား ငါယခုပေး၏။ ရှေးတမန်တော်များ​ကဲ့သို့ပင်၊ လက်တင်ခြင်း​အားဖြင့်၊ သူတို့သည်သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိကြ​လိမ့်မည်။

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ထိုပြည်၌၊ အကယ်​စင်စစ်၊ တပါး​အမျိုးသားတို့၌ ကြီးစွာသော​အမှု​ရှိလိမ့်မည်။ အကြောင်းမူကား၊ သူတို့၏​မိုက်မဲခြင်းနှင့် သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို လူတို့​၏မျက်လုံးများ၌ ထင်ရှားစွာ​ပြလိမ့်မည်။

အကြောင်းမူကား၊ ငါသည် ဘုရားသခင်​ဖြစ်တော်မူ၏။ ငါ့လက်သည် မတို။ ငါ၏​နာမတော်ကို ယုံကြည်သူ​မှန်သမျှတို့အား အလွန်တရာ​အံ့ဩဖွယ်​အမှုများ၊ နိမိတ်​လက္ခဏာများနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများကို ငါပြတော်မူမည်။

ငါ၏​နာမတော်​အားဖြင့် ယုံကြည်ခြင်းနှင့် တောင်းဆိုသူ​မှန်သမျှတို့သည် နတ်ဆိုးများကို နှင်ထုတ်ကြ​လိမ့်မည်။ ဖျားနာ​သူများကို အနာကင်းစေကြ​လိမ့်မည်။ မျက်စိ​ကန်းသော​သူတို့ကို မျက်စိ​အမြင်​ရရှိစေ၊ နားပင်းသော​သူတို့ကို နားကြားရစေ၊ ဆွံ့အသော​သူများကို စကားပြောစေ၊ ခြေ​မစွမ်းသော​သူတို့ကို လှမ်းသွားစေကြ​လိမ့်မည်။

၁၀ ကြီးစွာသော​အမှုများကို လူသားတို့ထံ ပြရမည့်​အချိန်သည်လည်း အလျင်​အမြန် ကျရောက်​လာ၏။

၁၁ သို့ရာတွင်၊ ယုံကြည်ခြင်း​မရှိလျှင်၊ မိမိမတရားသော​မေထုန်ကြောင့် ရောက်စေသည့် အမျက်တော်​တည်းဟူသော​စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား​သောက်စေသည့် ဗာဗုလုန်​အပေါ် လူဆိတ်ညံခြင်း​မှတစ်ပါး၊ အဘယ်​အရာကိုမျှ ပြလိမ့်မည်​မဟုတ်။

၁၂ ဤမျိုးဆက်သို့ ငါစေလွှတ်​လေသည့် ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်အစုံကို လက်ခံ​ရရှိဖို့ အဆင်သင့်​ဖြစ်ကြသော​သူများ​မှတစ်ပါး၊ ကောင်းမြတ်သည်ကို ပြုသောသူ​တစ်ဦးမျှ​မရှိ။

၁၃ သို့ဖြစ်၍၊ ငါ့ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် လူမျိုးတို့ကို နင်းနယ်စေဖို့၊ မတတ်သောသူများ၊ မထီမဲ့မြင်​အပြုခံရသော​သူများဖြစ်သည့် လောကီ​အရာ၌ အားနည်းသော​သူများကို ငါခေါ်သွင်း​တော်မူမည်။

၁၄ သူတို့၏​လက်ရုံးသည် ငါ့လက်ရုံး​ဖြစ်လိမ့်မည်။ ငါသည် သူတို့၏​ဒိုင်းနှင့် သူတို့၏​အကွယ်အကာ​ဖြစ်တော်မူမည်။ ငါသည် သူတို့၏​ခါးကို စည်းတော်မူမည်။ သူတို့သည်လည်း ငါ့အတွက် ရဲရဲရင့်ရင့်​တိုက်ခိုက်ကြ​လိမ့်မည်။ သူတို့၏​ရန်သူများသည် သူတို့​ခြေအောက်မှာ​ရှိလိမ့်မည်။ သူတို့ကိုယ်စား ဓားကို ကျရောက်​စေတော်မူမည်။ ငါ၏​ဒေါသမီးဖြင့် ငါသည် သူတို့ကို ကာကွယ်​စောင့်မတော်မူမည်။

၁၅ ဆင်းရဲသားများနှင့် သိမ်မွေ့​အောက်ကျို့သော​သူတို့သည် သူ့တို့ထံ​ဟောပြောသည့် ငါ၏​ဧဝံဂေလိ​တရားတော်ကို ရရှိကြ​လိမ့်မည်။ ငါကြွလာတော်မူသည့်​အချိန်ကို မျှော်လင့်​နေကြ​လိမ့်မည်။ အကြောင်းမူကား၊ နီးကပ်​လာပေပြီ—

၁၆ သင်္ဘောသဖန်းပင်အကြောင်း ပုံဆောင်စကားကို သိရှိကြ​လိမ့်မည်။ အကြောင်းမူကား၊ ယခုမှာပင် နွေကာလ​နီးကပ်လျက်​ရှိပေပြီ။

၁၇ ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်အစုံကို ငါ့ကျွန်​ဂျိုးဇက်၏​လက်​အားဖြင့် ငါစေလွှတ်​လေပြီ။ အားနည်းခြင်း​ရှိစဉ် သူ့ကို ငါကောင်းချီး​ပေးတော်မူ​လေပြီ။

၁၈ သူသည် ငါ၌​တည်လျှင်၊ တံဆိပ်ခတ်​ထားသော​အရာတို့၏၊ အကယ်​စင်စစ်၊ ကမ္ဘာတည်​ကတည်းက​ရှိလေသော​အရာတို့၏၊ ယခု​အချိန်မှ​စ၍ ငါကြွလာတော်မူသည့်​အချိန်​အထိ ဖြစ်လာမည့်​အရာတို့၏ နက်နဲခြင်း​သော့များကို သူ့အား ငါပေးတော်မူ​လေပြီ။ ထိုသို့​မဟုတ်လျှင်၊ တခြား​သူကို သူ၏​နေရာ၌ ငါထားတော်မူမည်။

၁၉ သို့ဖြစ်၍၊ သူ၏​ယုံကြည်ခြင်း​မပျက်​စေခြင်းငှာ သူ့ကို ကြည့်ရှု​စောင့်ရှောက်လော့၊ ခပ်သိမ်းသော​အရာတို့ကို သိတော်မူသည့် သန့်ရှင်းသော​ဝိညာဉ်တော်​တည်းဟူသော နှစ်သိမ့်စေသော​သူအားဖြင့် ထိုအရာတို့ကို ပေးတော်မူ​လိမ့်မည်။

၂၀ ပညတ်တော်ကို သင့်အား ငါပေး၏—​သင်သည် သူ့အတွက်​ရေးရမည်။ ငါ၏​ရွေးကောက်​ထားသော​သူတို့ကို ကယ်တင်ခြင်း​အတွက် ငါကိုယ်တိုင်၏​ရင်မှာ​ရှိသကဲ့သို့ပင်​ဖြစ်သည့်​ကျမ်းစာများကို ဖော်ပြတော်မူမည်။

၂၁ အကြောင်းမူကား၊ သူတို့သည် ငါ့အသံကို ကြားနာကြ​လိမ့်မည်။ ငါ၏​ကြွလာတော်မူရာနေ့၌ တည်တံ့ကြ​လိမ့်မည်။ ငါ့ကို မြင်ကြ​လိမ့်မည်။ အိပ်ပျော်လျက်​မရှိကြ။ သူတို့သည် ငါစင်ကြယ်​သကဲ့သို့ပင် စင်ကြယ်ကြ​လိမ့်မည်။

၂၂ ယခုမူကား၊ သင့်ကို ငါဆိုသည်မှာ၊ သူနှင့်​အတူ နေလော့။ သူသည်လည်း သင်နှင့်​အတူ ခရီးသွား​လိမ့်မည်။ သူ့ကို စွန့်ပစ်ခြင်း​မပြုနှင့်။ ဤအရာတို့ကိုလည်း ဧကန်​အမှန်​ပြီးပြည့်စုံစေ​လိမ့်မည်။

၂၃ သင်တို့​မရေးကြသမျှ၊ ရှုလော့၊ ပရောဖက်ပြု​ဟောချက်​အတွက် သူ့ကို ဖော်ပြတော်မူ​လိမ့်မည်။ သင်သည် ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြော​ရမည်။ သူ့ကို ဖော်ပြတော်မူမည့် သူ၏​စကားများကို သက်သေပြဖို့ သန့်ရှင်းသော​ပရောဖက်များကို ရည်ဆောင်​ရမည်။

၂၄ သင်တို့ကို ထိန်းသိမ်းသည့် ခပ်သိမ်းသော ပညတ်တော်များနှင့် ပဋိညာဉ်များကို စောင့်ထိန်း​ကြလော့။ ငါသည် သင်တို့​ကောင်းကျိုး​အတွက် ကောင်းကင်ကို လှုပ်စေတော်မူမည်။ စာတန်သည်လည်း တုန်​လိမ့်မည်။ ဇိအုန်သည် တောင်ကုန်း​ပေါ်မှာ ရွှင်လန်း​ဝမ်းမြောက်ပြီး ဖွံ့ဖြိုးတိုးတက်​လိမ့်မည်။

၂၅ ဣသရေလ​အမျိုးသည် ငါ၏​ကာလ​အချိန်​တန်သော​အခါ ကယ်တင်ခြင်းသို့ ရောက်​လိမ့်မည်။ သူတို့သည် ငါပေးတော်မူ​လေသည့် သော့များ​အားဖြင့် ပို့ဆောင်ခံရ​လိမ့်မည်။ အဘယ်​နည်းနှင့်မျှ၊ ရှုပ်ထွေးမခံကြရတော့။

၂၆ စိတ်နှလုံး​ရွှင်လန်း​အားရလျက် ဝမ်းသာကြလော့။ သင်တို့၏ ရွေးနုတ်ခြင်းသည် ရောက်လု​နီးပေပြီ။

၂၇ ကြောက်ခြင်း​မရှိနှင့် သိုးစုငယ်။ ငါကြွလာတော်မူသည့်​တိုင်အောင် နိုင်ငံတော်သည် သင်တို့​အရာ​ဖြစ်၏။ ရှုလော့၊ ငါသည် အလျင်​အမြန်​လာမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။