အပိုဒ်ငယ် ၃၆
၁၈၃၀ ခု၊ ဒီဇင်ဘာလ ၉ ရက်၊ ဖရေးတီး၊ နယူးယောက်အနီး၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အက်ဒဝါ့ပါ့ထရစ်ဂ်ျသို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော် (အပိုဒ်ငယ် ၃၅ ၏ခေါင်းစဉ်တွင်ကြည့်ပါ)။ အက်ဒဝါ့ပါ့ထရစ်ဂ်ျသည် “ဘာသာတရားကိုင်းရှိုင်းမှုစံနမူနာတစ်ခု၊ ကိုယ်တော်ရှင်၏ကြီးမြတ်သူများထဲမှတစ်ဦး” ဖြစ်သည်ဟု ဂျိုးဇက်စမစ်၏သမိုင်းက ဖော်ပြ၏။
၁–၃၊ ကိုယ်တော်ရှင်သည် ဆစ်ဒနီရစ်ဂဒွန်၏လက်အားဖြင့် သူ့လက်တော်ကို အက်ဒဝါ့ပါ့ထရစ်ဂ်ျအပေါ်မှာတင်၏။ ၄–၈၊ ဧဝံဂေလိတရားတော်နှင့် ယဇ်ပုရောဟိတ်အခွင့်ကိုရရှိသည့် ယောက်ျားတိုင်းသည် သွား၍ဟောပြောဖို့ ခေါ်သွင်းခံရမည်။
၁ ကိုယ်တော်ရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏တန်ခိုးကြီးသောဘုရား မိန့်တော်မူသည်ကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ငါ့ကျွန်အက်ဒဝါ့၊ သင်သည် ကောင်းချီးခံစားရ၏။ သင်၏အပြစ်များကို ခွင့်လွှတ်၏။ သင်သည် ငါ၏ဧဝံဂေလိတရားတော်ကို တံပိုးသံကဲ့သို့ ဟောပြောစေရန်ခေါ်သွင်းခံရ၏။
၂ ငါ့ကျွန်ဆစ်ဒနီရစ်ဂဒွန်၏လက်အားဖြင့် သင့်အပေါ်မှာ ငါ၏လက်တော်ကို တင်တော်မူမည်။ သင့်အား နိုင်ငံတော်၏ငြိမ်းချမ်းသောအရာများကို သွန်သင်တော်မူမည့် ငါ၏ဝိညာဉ်တော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော နှစ်သိမ့်စေသောသူကိုပင် သင်လက်ခံရရှိလိမ့်မည်။
၃ ဟောရှဏ္ဏဖြစ်စေသတည်း၊ အမြင့်ဆုံးသောဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟုဆိုလျက် ကျယ်သောအသံနှင့် သင်ဟောကြားရမည်။
၄ ယခုမူကား၊ လူသားအပေါင်းတို့နှင့်စပ်လျဉ်း၍၊ ဤအမှုတော်ဆောင်တာဝန်နှင့် ပညတ်တော်ကို သင့်အား ငါပေးသည်မှာ—
၅ ဤအမှုတော်ဆောင်တာဝန်နှင့် ပညတ်တော်ကို လက်ခံလျက်၊ ငါ့ကျွန်ဆစ်ဒနီရစ်ဂဒွန်နှင့် ဂျိုးဇက်စမစ်အငယ်ရှေ့သို့ လာမည့်သူမှန်သမျှ၊ ခန့်ထားခံရပြီး၊ ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်ကို လူမျိုးတို့၌ ဟောပြောစေဖို့ စေလွှတ်ခံရမည့်အကြောင်း—
၆ သဘောမဖြောင့်သောဤမျိုးဆက်ထံမှ သင်တို့ကိုယ်သင်တို့ ကယ်တင်ခြင်းသို့ ရောက်စေကြလော့၊ ကိုယ်ခန္ဓာနှင့်ထိ၍ စွန်းထင်းသော အဝတ်တန်ဆာများကို စက်ဆုပ်လျက် မီးထဲမှ ထွက်လာကြလော့ဟု ဆို၍ နောင်တရခြင်းကို ဟစ်ကြော်လျက်ရှိရမည့်အကြောင်းပေတည်း။
၇ စိတ်နှလုံးတစ်ခုတည်းဖြင့် လှိုက်လှိုက်လှဲလှဲလက်ခံမည့်သူတိုင်း ငါမိန့်တော်မူလေသည့်အတိုင်းပင် ခန့်ထားခံရပြီး၊ စေလွှတ်ခံရနိုင်စေခြင်းငှာ၊ ငါ့အသင်းတော်၏အသင်းလူကြီးများသို့ ဤပညတ်တော်ကို ပေးလိမ့်မည်။
၈ ငါသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော် ဖြစ်၏။ သို့ဖြစ်၍၊ သင်တို့၏ခါးကို စည်းလော့။ ငါသည် ငါ့ဗိမာန်တော်သို့ ရုတ်တရက်ကြွလာတော်မူလိမ့်မည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။