ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၆


အပိုဒ်ငယ် ၃၆

၁၈၃၀ ခု၊ ဒီဇင်ဘာလ ၉ ရက်၊ ဖရေးတီး၊ နယူး​ယောက်​အနီး၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အက်ဒဝါ့​ပါ့ထရစ်ဂ်ျသို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော် (အပိုဒ်ငယ် ၃၅ ၏​ခေါင်းစဉ်တွင်​ကြည့်ပါ)။ အက်ဒဝါ့​ပါ့ထရစ်ဂ်ျသည် “ဘာသာတရား​ကိုင်းရှိုင်းမှု​စံနမူနာတစ်ခု၊ ကိုယ်တော်ရှင်၏​ကြီးမြတ်သူများ​ထဲမှ​တစ်ဦး” ဖြစ်သည်ဟု ဂျိုးဇက်​စမစ်၏​သမိုင်းက ဖော်ပြ၏။

၁–၃၊ ကိုယ်တော်ရှင်သည် ဆစ်ဒနီ​ရစ်ဂဒွန်၏​လက်အားဖြင့် သူ့လက်တော်ကို အက်ဒဝါ့​ပါ့ထရစ်ဂ်ျ​အပေါ်မှာ​တင်၏။ ၄–၈၊ ဧဝံဂေလိ​တရားတော်နှင့် ယဇ်ပုရောဟိတ်​အခွင့်ကို​ရရှိသည့် ယောက်ျားတိုင်းသည် သွား၍​ဟောပြောဖို့ ခေါ်သွင်း​ခံရမည်။

ကိုယ်တော်ရှင်​ဘုရားသခင်၊ ဣသရေလအမျိုး၏​တန်ခိုးကြီးသောဘုရား မိန့်တော်မူ​သည်ကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ငါ့ကျွန်​အက်ဒဝါ့၊ သင်သည် ကောင်းချီး​ခံစားရ၏။ သင်၏​အပြစ်များကို ခွင့်လွှတ်၏။ သင်သည် ငါ၏​ဧဝံဂေလိ​တရားတော်ကို တံပိုးသံ​ကဲ့သို့ ဟောပြော​စေရန်ခေါ်သွင်း​ခံရ၏။

ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်၏​လက်​အားဖြင့် သင့်အပေါ်မှာ ငါ၏​လက်တော်ကို တင်တော်မူမည်။ သင့်အား နိုင်ငံတော်၏​ငြိမ်းချမ်းသော​အရာများကို သွန်သင်တော်မူမည့် ငါ၏​ဝိညာဉ်တော်၊ သန့်ရှင်းသော​ဝိညာဉ်တော်​တည်းဟူသော နှစ်သိမ့်စေသော​သူကိုပင် သင်လက်ခံ​ရရှိ​လိမ့်မည်။

ဟောရှဏ္ဏ​ဖြစ်စေ​သတည်း၊ အမြင့်ဆုံးသော​ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါစေ​သတည်းဟု​ဆိုလျက် ကျယ်သော​အသံနှင့် သင်ဟောကြား​ရမည်။

ယခုမူကား၊ လူသား​အပေါင်းတို့နှင့်​စပ်လျဉ်း၍၊ ဤအမှုတော်ဆောင်​တာဝန်နှင့် ပညတ်တော်ကို သင့်အား ငါပေးသည်မှာ—

ဤအမှုတော်ဆောင်​တာဝန်နှင့် ပညတ်တော်ကို လက်ခံလျက်၊ ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်နှင့် ဂျိုးဇက်​စမစ်​အငယ်​ရှေ့သို့ လာမည့်သူ​မှန်သမျှ၊ ခန့်ထား​ခံရပြီး၊ ထာဝရ​တည်မြဲသော ဧဝံဂေ​လိတရားတော်ကို လူမျိုးတို့၌ ဟောပြောစေဖို့ စေလွှတ်​ခံရမည့်​အကြောင်း—

သဘော​မဖြောင့်သော​ဤမျိုးဆက်​ထံမှ သင်တို့ကိုယ်​သင်တို့ ကယ်တင်ခြင်းသို့ ရောက်စေ​ကြလော့၊ ကိုယ်ခန္ဓာနှင့်​ထိ၍ စွန်းထင်းသော အဝတ်တန်ဆာများကို စက်ဆုပ်လျက် မီးထဲမှ ထွက်လာ​ကြလော့ဟု ဆို၍ နောင်တရခြင်းကို ဟစ်ကြော်လျက်​ရှိရမည့်​အကြောင်း​ပေတည်း။

စိတ်နှလုံး​တစ်ခုတည်းဖြင့် လှိုက်လှိုက်​လှဲလှဲ​လက်ခံမည့်​သူတိုင်း ငါမိန့်တော်မူ​လေသည့်​အတိုင်းပင် ခန့်ထား​ခံရပြီး၊ စေလွှတ်​ခံရ​နိုင်စေခြင်းငှာ၊ ငါ့အသင်းတော်၏​အသင်း​လူကြီးများသို့ ဤပညတ်တော်ကို ပေးလိမ့်မည်။

ငါသည် ဘုရားသခင်၏​သားတော်​၊ ယေရှုခရစ်တော် ဖြစ်၏။ သို့ဖြစ်၍၊ သင်တို့၏​ခါးကို စည်းလော့။ ငါသည် ငါ့ဗိမာန်တော်သို့ ရုတ်တ​ရက်ကြွလာတော်မူလိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။