အပိုဒ်ငယ် ၃၈
၁၈၃၀ ခု၊ ဇန္နဝါရီလ ၂ ရက်၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ထိုအချိန်မှာ အသင်းတော်၏ညီလာခံအချိန်ဖြစ်၏။
၁–၆၊ ခရစ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ၇–၈၊ မကြာမြင့်မီ သူ့ကို မြင်ကြမည့်သူတည်းဟူသော သူ၏သန့်ရှင်းသူတို့အလယ်၌ သူရှိ၏။ ၉–၁၂၊ ခပ်သိမ်းသော လူတို့သည် သူ့ရှေ့၌ ဖောက်ပြန်ကြ၏။ ၁၃–၂၂၊ သူသည် ကတိတော်မြေကို ယခုကာလနှင့် ထာဝရကာလ၌ သူ၏သန့်ရှင်းသူများအတွက် သိမ်းထားတော်မူ၏။ ၂၃–၂၇၊ သန့်ရှင်းသူတို့သည် တစ်လုံးတစ်ဝတည်းရှိဖို့နှင့် တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုအဖြစ်မှတ်ယူဖို့ မိန့်တော်မူခြင်းခံရ၏။ ၂၈–၂၉၊ စစ်ပွဲများကို ကြိုတင်၍ ဟောကိန်းထုတ်၏။ ၃၀–၃၃၊ သန့်ရှင်းသူတို့ကို အထက်မှ တန်ခိုးပေးလိမ့်မည်။ လူမျိုးအပေါင်းတို့၌ သွားကြရမည်။ ၃၄–၄၂၊ ဆင်းရဲသားများနှင့် ချို့တဲ့သောသူများကို ဂရုစိုက်ဖို့နှင့် ထာဝရကာလစည်းစိမ်ကို ရှာကြဖို့ အသင်းတော်ကို မိန့်မှာ၏။
၁ သင်၏ဘုရားသခင်ကိုယ်တော်ရှင်၊ မိန့်တော်မူသည်မှာ၊ ယေရှုခရစ်တော်ပင်ဖြစ်သည့်၊ ငါဖြစ်သည်ဟူသည့် ကြီးစွာသောသူ၊ အာလဖနှင့် ဩမေဃ၊ အစနှင့်အဆုံးဖြစ်သူ၊ ကျယ်ပြောသည့်ထာဝရကာလတစ်လျှောက် ကမ္ဘာကို မဖန်ဆင်းမီက တမန်သရပ်ကဲ့သို့သောကောင်းကင်ဗိုလ်ခြေအပေါင်းတို့ကို ကြည့်ရှုသည့်သူသည်ကား၊
၂ ခပ်သိမ်းသောအရာတို့ကို သိတော်မူသည့်သူလည်းဖြစ်၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအရာတို့သည် ငါ့မျက်မှောက်၌ ရှိ၏။
၃ ငါသည်ကား၊ မိန့်တော်မူသည့်သူလည်းဖြစ်၍၊ ကမ္ဘာကို ဖန်ဆင်းလေပြီး၊ ခပ်သိမ်းသောအရာတို့သည် ငါအားဖြင့် ဖြစ်လာခဲ့၏။
၄ ငါသည်ကား၊ ဧနောက်၏ဇိအုန်ကို၊ ငါအမှန်ဆိုသည်ကား၊ အကယ်စင်စစ်၊ ငါ၏နာမတော်၌ ယုံကြည်သူမှန်သမျှကို ငါကိုယ်တိုင်၏ရင်သို့ ဆောင်ယူသူလည်းဖြစ်၏။ အကြောင်းမူကား၊ ငါသည် ခရစ်တော်ဖြစ်၏။ ငါကိုယ်တိုင်၏နာမတော်အားဖြင့်၊ ငါသွန်းလောင်းလေသည့် အသွေးတော် အားဖြင့်၊ ခမည်းတော်ရှေ့၌ သူတို့အတွက် ငါတောင်းပန်လေပြီ။
၅ သို့ရာတွင်၊ ရှုလော့၊ ဆိုးညစ်သောသူတို့၏ ကြွင်းသောသူများကို ကမ္ဘာကုန်ဆုံးချိန်၌ ကျရောက်လာမည့် တရားစီရင်တော်မူရာကြီးစွာသောနေ့အထိ မှောင်မိုက်ခြင်းသံကြိုးတို့၌ ငါချုပ်ထားလေပြီ။
၆ ငါ၏အသံကို မကြားနာလိုဘဲ မိမိတို့စိတ်နှလုံးကို မာကျောစေသည့်သူများကို ထိုကဲ့သို့ပင် ငါချုပ်ထားစေမည်။ သူတို့၏ကြမ္မာဆိုးသည်လည်း အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ၏။
၇ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ၏မျက်စိတို့သည် သင်တို့အပေါ်မှာ ရှိတော်မူ၏။ ငါသည် သင်တို့အလယ်၌ ရှိသော်လည်း သင်တို့သည် ငါ့ကို မမြင်နိုင်ကြ။
၈ သို့ရာတွင်၊ ငါ့ကို သင်တို့မြင်ရမည့်၊ ငါရှိကြောင်းသိရမည့် နေ့သည် မကြာမြင့်မီ ကျရောက်လာ၏။ အကြောင်းမူကား၊ မှောင်မိုက်ခြင်းကန့်လန့်ကာသည် မကြာမြင့်မီ ကွဲလိမ့်မည်။ မစင်ကြယ်စေသောသူသည် ထိုနေ့၌ မတည်တံ့ရ။
၉ သို့ဖြစ်၍၊ သင်တို့၏ခါးကို စည်း၍ ပြင်ဆင်ထားလော့။ ရှုလော့၊ နိုင်ငံတော်သည် သင်တို့အရာဖြစ်၏။ ရန်သူသည် နိုင်လိမ့်မည်မဟုတ်။
၁၀ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့သည် သန့်ရှင်းကြ၏။ သို့ရာတွင် အလုံးစုံမဟုတ်။ ငါအလွန်နှစ်သက်ရာ အခြားသောသူလည်းမရှိ။
၁၁ အကြောင်းမူကား၊ လူအပေါင်းတို့သည် ငါ့ရှေ့၌ ဖောက်ပြန်ကြ၏။ မှောင်မိုက်ခြင်းတန်ခိုးသည် မြေကြီးပေါ်မှာ၊ လူသားတို့၌၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၏မျက်မှောက်တွင် ပျံ့နှံ့၏—
၁၂ ထိုအဖြစ်က တိတ်ဆိတ်ခြင်းကို အုပ်စိုးစေ၏။ ခပ်သိမ်းသော ထာဝရကာလ တစ်ခုလုံး သည်လည်း နာကျင်၏။ ကောင်းကင်တမန်တို့သည် မြေကြီးကို ရိတ်ချရန်၊ ပေါင်းပင်တို့ကို စု၍မီးရှို့ရန် ကြီးစွာသောအမိန့်ကို စောင့်နေကြ၏။ ထို့အတူ၊ ရှုလော့၊ ရန်သူသည် ပူးပေါင်း၏။
၁၃ ယခုမူကား၊ အချိန်စေ့သောအခါ သင်တို့၏ပျက်စီးခြင်းကိုပင် ဖြစ်စေဖို့ လျှို့ဝှက်ခန်းမှာရှိသည့် နက်နဲသောအရာတစ်ခုကို သင်တို့အား ငါပြမည်။ သင်တို့သည် ထိုအရာကို သိခြင်းမရှိကြ။
၁၄ သို့ရာတွင်၊ ယခုမူကား၊ သင်တို့ကို ငါပြောပြ၏။ သင်တို့သည် ကောင်းချီးခံစားကြရ၏။ သင်တို့၏ဒုစရိုက်ကြောင့်မဟုတ်၊ သင်တို့၏ မယုံကြည်ခြင်းစိတ်နှလုံးကြောင့်လည်းမဟုတ်။ အကြောင်းမူကား၊ သင်တို့အထဲမှ အချို့သည် ငါ့ရှေ့မှာ အမှန်ပင်အပြစ်ရောက်ကြ၏။ သို့ရာတွင်၊ ငါသည် သင်တို့၏အားနည်းချက်အပေါ် ကရုဏာကြီးတော်မူမည်။
၁၅ သို့ဖြစ်၍၊ သင်တို့သည် ယခုမှစ၍ အားကြီးကြလော့။ ကြောက်ခြင်းမရှိနှင့်၊ အကြောင်းမူကား၊ နိုင်ငံတော်သည် သင်တို့အရာဖြစ်၏။
၁၆ သင်တို့၏ကယ်တင်ခြင်းအတွက် ငါသည် သင်တို့အား ပညတ်တော်ကို ပေး၏။ အကြောင်းမူကား၊ ငါသည် သင်တို့၏ဆုတောင်းခြင်းများကို ကြားတော်မူလေပြီ။ ဆင်းရဲသားတို့သည် ငါ့ရှေ့မှာ အပြစ်တင်မြည်တမ်းကြ၏။ ကြွယ်ဝသောသူတို့ကိုလည်း ငါဖန်ဆင်းတော်မူလေပြီ။ ခပ်သိမ်းသော လူတို့ သည် ငါ့အရာများဖြစ်၏။ ငါသည် လူကို မျက်နှာလိုက်သောသူမဟုတ်။
၁၇ ငါသည် မြေကြီးကို ကြွယ်ဝစေလေပြီ။ ရှုဦးလော့၊ ၎င်းသည် ငါ၏ခြေတင်ရာခုံဖြစ်၏။ သို့ဖြစ်၍၊ ငါသည် ၎င်းအပေါ်မှာ တစ်ဖန်ရပ်ဦးမည်။
၁၈ သာ၍ကြီးစွာသောစည်းစိမ်ဥစ္စာများ၊ ကိုယ်တော်ရှင်ကြွလာတော်မူချိန်၌ ကျိန်ခြင်းမရှိရာပြည်တည်းဟူသော နို့နှင့် ပျားရည်စီးတတ်သောပြည်၊ ကတိတော်မြေကိုပင် သင်တို့ထံ ငါတွန်းပို့၍ ချီးမြှင့်လိုတော်မူ၏။
၁၉ သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာကြလျှင်၊ ၎င်းကို သင်တို့၏အမွေခံရာမြေအဖြစ် သင်တို့အား ငါပေးတော်မူမည်။
၂၀ ဤအရာသည် သင်တို့နှင့်ပြုသည့် ငါ၏ပဋိညာဉ်ဖြစ်၏။ သင်တို့သည် ၎င်းကို သင်တို့၏အမွေခံရာမြေအဖြစ်၊ ထို့အတူ သင်တို့သားမြေးတို့၏အမွေခံရာမြေအဖြစ် မြေကြီးတည်ရှိသမျှ၊ ကာလအစဉ်အဆက် ရရှိကြလိမ့်မည်။ သင်တို့သည် ၎င်းကို ထာဝရကာလ၌ တစ်ဖန်ပိုင်ဆိုင်ရကြလိမ့်မည်။ ကွယ်ပျောက်မသွားတော့။
၂၁ သို့ရာတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ နောင်ကာလ၌ သင်တို့တွင် ရှင်ဘုရင်သော်လည်းကောင်း၊ အုပ်စိုးသူသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ငါသည် သင်တို့၏ရှင်ဘုရင်ဖြစ်လိမ့်မည်။ သင်တို့ကို ကြည့်ရှုစောင့်ရှောက်တော်မူမည်။
၂၂ သို့ဖြစ်၍၊ ငါ၏အသံကို ကြားနာပြီး၊ ငါ့နောက်သို့ လိုက်လျှောက်ကြလော့။ သင်တို့သည် လွတ်လပ်သောလူမျိုးဖြစ်လိမ့်မည်။ ငါကြွလာတော်မူသောအခါ၊ သင်တို့၌ ငါ၏ပညတ်တရားမှတစ်ပါး၊ ပညတ်တရားရှိလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ငါသည် ပညတ်တရားအရှင်ဖြစ်၏။ အဘယ်အရာသည် ငါ့လက်တော်ကို ရုပ်သိမ်းနိုင်မည်နည်း။
၂၃ သို့ရာတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါခန့်အပ်ထားသည့် အမှုအရာအတိုင်း တစ်ယောက်ကိုတစ်ယောက် သွန်သင်ကြလော့။
၂၄ ငါ့ရှေ့၌၊ လူတိုင်း မိမိညီအစ်ကိုကို မိမိကိုယ်ကဲ့သို့ မှတ်ယူစေလော့၊ ကိုယ်ကျင့်သီလနှင့် သန့်ရှင်းခြင်းကိုလည်း ကျင့်သုံးစေလော့။
၂၅ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ လူတိုင်းအား မိမိညီအစ်ကိုကို မိမိကိုယ်ကဲ့သို့ မှတ်ယူစေလော့။
၂၆ အကြောင်းမူကား၊ သင်တို့၌ အကြင်သူသည် သားတစ်ဆယ့်နှစ်ယောက်ရှိ၍၊ သူတို့ကို မျက်နှာမလိုက်၊ သူတို့ကလည်း နာခံခြင်းဖြင့် အစေခံကြလျှင်၊ ထိုသူက တစ်ယောက်ကို သင်သည် ဝတ်ရုံကိုဝတ်ပြီး၊ ဒီမှာထိုင်လော့၊ အခြားတစ်ယောက်ကိုမူကား၊ သင်သည် အဝတ်စုတ်ကိုဝတ်ပြီး ဟိုမှာထိုင်လော့ဟု ဆို၍—မိမိသားများကိုကြည့်လျက် ငါသည်တရားမျှတ၏ဟု ဆိုသောသူသည်ကား အဘယ်သို့သောသူနည်း။
၂၇ ရှုလော့၊ ဤအရာကို ပုံဆောင်စကားအဖြစ် သင်တို့အား ငါပေးလေပြီ။ ထိုပုံဆောင်စကားသည် ငါကဲ့သို့ပင်တည်း။ သင်တို့ကို ငါဆိုသည်ကား၊ တစ်လုံးတစ်ဝတည်းရှိကြလော့။ သင်တို့သည် တစ်လုံးတစ်ဝတည်း မရှိကြလျှင်၊ ငါ၏လူများမဟုတ်။
၂၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ လျှို့ဝှက်ခန်းမှာရှိသည့်ရန်သူသည် သင်တို့အသက်ကို ရှာ၏။
၂၉ သင်တို့သည် ဝေးသောပြည်များမှ စစ်တိုက်ခြင်းများအကြောင်းကို ကြားကြ၏၊ ဝေးသောပြည်များ၌ မကြာမြင့်မီ ကြီးစွာသောစစ်တိုက်ခြင်းများ ရှိလိမ့်မည်ဟုလည်း သင်တို့ဆိုကြ၏။ သို့ရာတွင်၊ သင်တို့သည် နေရင်းပြည်ရှိလူတို့၏စိတ်နှလုံးကို သိခြင်းမရှိကြ။
၃၀ ငါသည် ဤအရာများကို သင်တို့အား ပြောပြသည်မှာ သင်တို့၏ဆုတောင်းခြင်းများကြောင့်ဖြစ်၏။ သို့ဖြစ်၍၊ ဆိုးညစ်သောသူများက၊ သူတို့၏ဆိုးညစ်ခြင်းဖြင့်၊ မြေကြီးကိုလှုပ်စေသည့်အသံထက် ပို၍ကျယ်သောအသံဖြင့် သင်တို့၏နားထဲသို့ ဆိုကြမည့်နည်းမျိုးနှင့် ဤအရာတို့ကို သင်တို့ထံ မဖော်ပြနိုင်ကြစေခြင်းငှာ ဉာဏ်ပညာကို သင်တို့ရင်၌ အမြတ်တနိုးသိမ်းဆည်းထားကြလော့။ သို့ရာတွင်၊ သင်တို့သည် ပြင်ဆင်ထားလျှင်၊ မကြောက်ရ။
၃၁ ရန်သူ၏တန်ခိုးမှ သင်တို့လွတ်မြောက်နိုင်ကြစေခြင်းငှာ၊ ထို့အတူ၊ အစွန်းအထင်းမရှိဘဲနှင့် အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ဖြောင့်မတ်သောလူများအဖြစ် ငါ့ဆီသို့ စုဝေးကြစေခြင်းငှာဖြစ်၏—
၃၂ သို့ဖြစ်၍၊ ဤအကြောင်းကြောင့်၊ ငါသည် သင်တို့အား ပညတ်တော်ကို ပေးသည်မှာ၊ အိုဟိုင်းရိုသို့ သင်တို့သွားရမည့်အကြောင်းပေတည်း။ ထိုအရပ်တွင်၊ ငါသည် သင်တို့အား ငါ၏ပညတ်တရားကို ပေးမည်။ ထိုအရပ်တွင်၊ သင်တို့သည် အထက်မှ တန်ခိုးနှင့် အပ်နှင်းခံရလိမ့်မည်။
၃၃ ထိုအရပ်မှနေ၍၊ လူမျိုးအပေါင်းတို့၌ ငါသွားစေလိုသည့်သူမှန်သမျှသည် အဘယ်သို့ဆောင်ရွက်ရကြမည်ကို မိန့်တော်မူခံရလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ကြီးစွာသောအမှုကို သိုလှောင်ထားလေပြီ၊ ဣသရေလအမျိုးသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ငါသည် သူတို့ကို ပို့ဆောင်လိုသည့် အရပ်မှန်သမျှသို့ ပို့ဆောင်တော်မူမည်။ အဘယ်တန်ခိုးကမျှ ငါ့လက်ကို မရုပ်သိမ်းရ။
၃၄ ယခုမူကား၊ သူတို့၌ လူအချို့ကို ခန့်အပ်ရမည့်အကြောင်း၊ ပညတ်တော်တစ်ခုကို ဤအရပ်ရှိ အသင်းတော်သို့ ငါပေး၏။ ထိုသူတို့သည်လည်း အသင်းတော်၏မဲဆန္ဒဖြင့် ခန့်အပ်ခံရလိမ့်မည်။
၃၅ သူတို့သည် ဆင်းရဲသားများနှင့် ချို့တဲ့သောသူများကို ဂရုစိုက်ရမည်၊ သက်သာခြင်းအတွက် ကူညီထောက်မကြသဖြင့် ထိုသူတို့ ဒုက္ခဝေဒနာမခံစားကြရ။ ငါမိန့်တော်မူလေသည့်နေရာသို့ ထိုသူတို့ကို ပို့ရလိမ့်မည်။
၃၆ ဤအရာသည်ကား၊ အသင်းတော်၏ဥစ္စာပစ္စည်းများနှင့် စပ်လျဉ်းသည့် အမှုအမျိုးမျိုးကို စီမံခန့်ခွဲဖို့ရာ သူတို့၏အမှုဖြစ်လိမ့်မည်။
၃၇ ရောင်း၍မရနိုင်သော လယ်ယာရှိသူများအား၊ ၎င်းတို့ကို ချန်ထားစေကြ၊ သို့မဟုတ် သူတို့အဖို့ ကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း ငှားရမ်းစေကြလော့။
၃၈ ခပ်သိမ်းသောအရာများကို ထိန်းသိမ်းစောင့်ရှောက်ထားစေကြောင်း သတိပြုကြလော့။ လူတို့ကို အထက်မှတန်ခိုးနှင့် အပ်နှင်းခံရပြီး စေလွှတ်ခံရသောအခါ၊ ခပ်သိမ်းသောဤအရာတို့ကို အသင်းတော်၏ရင်သို့ စုဝေးစေလိမ့်မည်။
၃၉ သင်တို့ထံသို့ ပေးဖို့ ခမည်းတော်၏အလိုတော်ဖြစ်သည့် စည်းစိမ်များကို သင်တို့ရှာကြလျှင်၊ သင်တို့သည် လူအပေါင်းတို့ထက် အကြွယ်ဝဆုံးဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ထာဝရကာလစည်းစိမ်ကို ရကြလိမ့်မည်။ မြေကြီး၏စည်းစိမ်ဥစ္စာများသည်ကား၊ ငါပေးနိုင်သောအရာများဖြစ်၏။ သို့ရာတွင်၊ သင်တို့သည် ရှေးနီဖိုင်းအမျိုးသားများကဲ့သို့ ဖြစ်မလာကြစေခြင်းငှာ၊ မာနကို သတိပြုကြလော့။
၄၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် လူတိုင်း၊ အသင်းလူကြီး၊ ယဇ်ပုရောဟိတ်၊ ဆရာနှင့် အသင်းသားတို့သည် မိမိအစွမ်းသတ္တိရှိသမျှနှင့်၊ မိမိလက်၏လုပ်အားဖြင့် ပြင်ဆင်၍၊ ငါမိန့်တော်မူလေသည့်အရာများကို ပြီးမြောက်စေကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။
၄၁ လူတိုင်းသည် ကိုယ်နှင့်စပ်ဆိုင်သောသူအတွက်၊ ညင်သာခြင်းဖြင့်၊ သိမ်မွေ့အောက်ကျို့ခြင်းဖြင့် သင်တို့၏ဟောပြောခြင်းသည် သတိပေးသောအသံဖြစ်စေလော့။
၄၂ သင်တို့သည် ဆိုးညစ်သောသူများကြားမှ ခွဲထွက်ကြလော့။ သင်တို့ကိုယ်သင်တို့ ကယ်တင်ကြလော့။ ကိုယ်တော်ရှင်၏တန်ဆာတို့ကို သယ်ဆောင်သောသင်တို့ သန့်ရှင်းခြင်းရှိကြလော့။ ထိုကဲ့သို့ပင်တည်း။ အာမင်။