အပိုဒ်ငယ် ၃
လေဟိကျမ်းဟုခေါ်သည့် မော်မုန်ကျမ်းပထမပိုင်းမှ ဘာသာပြန်ထားသော ပုံနှိပ်စာမူ ၁၁၆ မျက်နှာ ပျောက်ဆုံးခြင်းနှင့်စပ်လျဉ်း၍ ၁၈၂၈ ခု၊ ဇူလိုင်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်သို့ ပေးတော်မူသည့် ဗျာဒိတ်တော်။ ပရောဖက်သည် ဤစာမျက်နှာများကို သူ့အုပ်ထိန်းခွင့်မှနေ၍ မော်မုန်ကျမ်းဘာသာပြန်ခြင်းတွင်၊ တိုတောင်းသောကာလအတွင်း စာရေးသူအဖြစ်ထမ်းဆောင်သည့် မာတင်ဟဲရစ်၏အုပ်ထိန်းခွင့်သို့ စိတ်မပါဘဲ အခွင့်ပေးခဲ့၏။ ထိုဗျာဒိတ်တော်ကို ဥရိမ်နှင့် သုမိမ်တို့အားဖြင့် ပေးတော်မူခဲ့၏။ (အပိုဒ်ငယ် ၁၀ တွင် ကြည့်ပါ။)
၁–၄၊ ကိုယ်တော်ရှင်၏လမ်းတော်သည် ထာဝရတည်မြဲသော တရားစက်ဝန်းတစ်ခုဖြစ်၏။ ၅–၁၅၊ ဂျိုးဇက်စမစ်သည် နောင်တရရမည်၊ သို့မဟုတ်လျှင်၊ ဘာသာပြန်ခြင်းဆုကျေးဇူးကို ဆုံးရှုံးလိမ့်မည်။ ၁၆–၂၀၊ မော်မုန်ကျမ်းသည် လေဟိ၏အမျိုးအနွယ်တို့ကို ကယ်တင်ဖို့ ထွက်ပေါ်လာ၏။
၁ ဘုရားသခင်၏အမှုတော်များ၊ အကြံအစည်များနှင့် ရည်ရွယ်ချက်များသည် အထမမြောက်ဘဲမရှိနိုင်၊ အကျိုးမဲ့လည်းမဖြစ်နိုင်။
၂ အကြောင်းမူကား၊ ဘုရားသခင်သည် ကောက်သောလမ်းတို့၌ မလျှောက်၊ သူသည် လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ သူမိန့်တော်မူလေသည့်အရာမှလည်း မသွေဖည်၊ ထို့ကြောင့် သူ၏လမ်းခရီးတော်တို့သည် ဖြောင့်၍၊ သူ၏လမ်းတော်သည် ထာဝရတည်မြဲသော တရားစက်ဝန်းတစ်ခုဖြစ်၏။
၃ အထမမြောက်သည်မှာ ဘုရားသခင်၏အမှုတော်မဟုတ်ဘဲ၊ လူသားတို့၏အမှုဖြစ်ကြောင်း အောက်မေ့လော့၊ အောက်မေ့လော့။
၄ အကြောင်းမူကား၊ လူသား၌ များစွာသောဗျာဒိတ်တော်များရှိနိုင်ပြီး၊ ကြီးစွာသောအမှုများစွာကို ပြုဖို့ တန်ခိုးရှိနိုင်သော်လည်း၊ သူသည် မိမိကိုယ်ပိုင်ခွန်အား၌ ဝါကြွားပြီး၊ ဘုရားသခင်၏ သွန်သင် တော်မူခြင်းများကို အလေးမထားဘဲလစ်လျူရှု၍၊ မိမိအလိုဆန္ဒနှင့် ကာမဂုဏ်သဘောတပ်မက်စိတ်၏နောက်သို့လိုက်လျှင်၊ ကျရှုံးရမည်။ ဖြောင့်မတ်သော ဘုရားသခင်၏ ဒဏ်စီရင်ခြင်းကိုလည်း သူ့အပေါ်၌ ခံရမည်။
၅ ရှုလော့၊ သင့်ကို ဤအရာများနှင့် ယုံကြည်လွှဲအပ်ထားလေပြီ။ သို့ရာတွင်၊ သင့်ကိုပေးထားသောပညတ်တော်များမှာ တင်းကျပ်လှပေစွတကား။ သင်သည် ထိုပညတ်တော်များကို မလွန်ကျူးလျှင်၊ သင့်ထံပြုထားသည့် ကတိတော်များကိုလည်း သတိရလော့။
၆ ရှုဦးလော့၊ သင်သည် ဘုရားသခင်၏ ပညတ်တော်များနှင့် ပညတ်တရားများကို လွန်ကျူးလျက် လူသားတို့၏သွေးဆောင်ခြင်း၌ အကြိမ်ကြိမ်ဆက်၍သွားလေပြီ။
၇ အကြောင်းမူကား၊ ရှုလော့၊ သင်သည် လူသားကို ဘုရားသခင်ထက် ပိုပြီးမကြောက်သင့်။ လူသားတို့က ဘုရားသခင်၏ သွန်သင်တော်မူခြင်းများကို အလေးမထားဘဲလစ်လျူရှုလျက်၊ သူ၏နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုကြသော်လည်း—
၈ သင်သည် သစ္စာရှိလျက်နေသင့်လေပြီ။ သူသည်လည်း လက်တော်ကိုဆန့်လျက် မာရ်နတ်၏မီးစက်လက်နက်တို့တစ်ဖက်၌ သင့်ကို ထောက်မတော်မူလိမ့်မည်။ ဒုက္ခရောက်ချိန်တိုင်းမှာသင်နှင့်အတူ သူရှိတော်မူလေပြီ။
၉ ရှုလော့၊ သင်သည် ဂျိုးဇက်ဖြစ်၏။ ကိုယ်တော်ရှင်၏အမှုတော်ကိုဆောင်ရွက်ရန် ရွေးကောက်ခံရလေပြီ။ သို့ရာတွင်၊ လွန်ကျူးခြင်းကြောင့်၊ သင်သည် သတိမပြုမိလျှင် ကျရှုံးလိမ့်မည်။
၁၀ သို့ရာတွင်၊ သတိရလော့၊ ဘုရားသခင်သည် ကရုဏာကြီးတော်မူ၏။ ထို့ကြောင့်၊ သင့်ကို ငါပေးခဲ့သည့် ပညတ်တော်နှင့် ဆန့်ကျင်၍ သင်ပြုလေသည့်အရာမှ နောင်တရလော့၊ သင်သည် ရွေးကောက်ခံရလျက်လည်းရှိသေး၏၊ အမှုတော်သို့ တစ်ဖန် ခေါ်သွင်းသည်လည်းခံရ၏။
၁၁ သင်သည် ဤသို့မပြုလျှင်၊ လွှတ်ပေးခံရမည်ဖြစ်၍၊ အခြားသောသူများကဲ့သို့ ဖြစ်လာပြီး၊ ဆုကျေးဇူးမရရှိတော့။
၁၂ သင့်ကို ဘုရားသခင်ပေးတော်မူသည့် ဘာသာပြန်ဖို့ အမြင်နှင့်တန်ခိုးကို သင်လွှတ်ပေးသောအခါ၊ သင်သည် သန့်ရှင်းမွန်မြတ်သောအရာကို ဆိုးညစ်သောသူ၏လက်ထဲသို့ လွှတ်ပေး၏။
၁၃ ထိုသူသည် ဘုရားသခင်၏သွန်သင်တော်မူခြင်းများကို အလေးမထားဘဲ လစ်လျူရှုလျက်၊ ဘုရားသခင်ရှေ့မှာ ပြုထားသည့် အသန့်ရှင်းအမွန်မြတ်ဆုံးကတိများကို ဖောက်ဖျက်လေပြီး၊ သူ့ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အားကိုး၍၊ သူ့ကိုယ်ပိုင်ဉာဏ်ပညာ၌ ဝါကြွား၏။
၁၄ ဤအရာသည်ကား၊ သင်၏အထူးအခွင့်အရေးကို ကာလအတန်အရာဆုံးရှုံးရခြင်း၏ အကြောင်းရင်းဖြစ်၏—
၁၅ အကြောင်းမူကား၊ သင်သည် သင့်လမ်းညွှန်သူ၏သွန်သင်တော်မူခြင်းကို နင်းချေခံရစေဖို့ ရှေးဦးစွာကတည်းက အခွင့်ပေးလေပြီ။
၁၆ သို့သော်လည်း၊ ငါ၏အမှုတော်သည် ပျံ့နှံ့လိမ့်မည်၊ အကြောင်းမူကား၊ ကယ်တင်ရှင်အကြောင်း အသိပညာသည် ယုဒလူမျိုးတို့၏သက်သေခံချက်အားဖြင့် လောကသို့ရောက်လာသမျှ၊ ထိုကဲ့သို့ပင်၊ ကယ်တင်ရှင်အကြောင်း အသိပညာသည် ငါ၏လူမျိုးများထံသို့ ရောက်လာလိမ့်မည်—
၁၇ ထို့အတူ နီဖိုင်းအမျိုးသားများ၊ ထို့အတူ ယာကုပ်အမျိုးသားများ၊ ထို့အတူ ယောသပ်အမျိုးသားများ၊ ထို့အတူ ဇော်ရမ်အမျိုးသားများထံသို့ ထိုသူတို့ဘိုးဘေးများ၏သက်သေခံချက်အားဖြင့် ရောက်လာလိမ့်မည်။
၁၈ ဤသက်သေခံချက်ကို ဒုစရိုက်များနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ညီအစ်ကိုနီဖိုင်းအမျိုးသားတို့ကို ဖျက်ဆီးရန် ကိုယ်တော်ရှင်အခွင့်ပေးတော်မူလေသည့် သူတို့ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာကြသူများတည်းဟူသော လာမန်အမျိုးသားများ၊ ထို့အတူ လေမွေလအမျိုးသားများ၊ ထို့အတူ ဣရှမေလအမျိုးသားများ သိခြင်းသို့ ရောက်လာလိမ့်မည်။
၁၉ ဤတိကျသော ရည်ရွယ်ချက်ကြောင့်သာလျှင်၊ ဤမှတ်တမ်းများပါရှိသည့် ဤပုရပိုက်ပြားများကို ထိန်းသိမ်းစောင့်ရှောက်ထားသည်မှာ—ကိုယ်တော်ရှင်၏လူမျိုးတို့ထံ ပြုတော်မူခဲ့သည့် သူ၏ကတိတော်များကို ပြီးပြည့်စုံနိုင်စေကြောင်း၊
၂၀ လမန်အမျိုးသားတို့အား သူတို့ဘိုးဘေးတို့အကြောင်းကို သိခြင်းသို့ ရောက်နိုင်ကြစေကြောင်း၊ ထို့အတူ၊ ကိုယ်တော်ရှင်၏ကတိတော်များကို သူတို့သိနိုင်ကြစေကြောင်း၊ ဧဝံဂေလိတရားတော်ကို သူတို့ယုံကြည်ပြီး၊ ယေရှုခရစ်တော်၏ ကောင်းမှုများအပေါ် မှီခိုနိုင်ကြစေကြောင်း၊ ထို့အတူ၊ သူ၏နာမတော်ကို ယုံကြည်ခြင်းအားဖြင့် ဘုန်းထင်ရှားစေကြောင်း၊ ထို့အတူ၊ သူတို့သည် နောင်တရခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ကြစေကြောင်းတို့ပင်တည်း။ အာမင်။