အပိုဒ်ငယ် ၄၂
၁၈၃၁ ခု၊ ဖေဖော်ဝါရီလ ၉ ရက်နှင့် ၂၃ ရက် ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အပိုင်းနှစ်ပိုင်းဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ အခန်းငယ် ၁ မှ ၇၂ အထိပါဝင်သည့် ပထမပိုင်းကို အသင်းလူကြီးတစ်ဆယ့်နှစ်ဦးမျက်မှောက်တွင် လက်ခံရရှိခဲ့ပြီး၊ ဥပဒေကို အိုဟိုင်းရို၌ ပေးတော်မူလိမ့်မည်ဟု ယခင်ကပြုတော်မူခဲ့သည့် ကိုယ်တော်ရှင်၏ကတိတော်ကို ပြီးပြည့်စုံစေခြင်းဖြစ်၏ (အပိုဒ်ငယ် ၃၈း၃၂ တွင်ကြည့်ပါ)။ ဒုတိယပိုင်းတွင် အခန်းငယ် ၇၃ မှ ၉၃ အထိပါဝင်၏။ ပရောဖက်က ဤဗျာဒိတ်တော်၌ “အသင်းတော်ဥပဒေပါဝင်” သည်ဟု ပြဌာန်း၏။
၁–၁၀၊ အသင်းလူကြီးများသည် ဧဝံဂေလိတရားတော်ကို ဟောပြောဖို့၊ ပြောင်းလဲသူများကို ဗတ္တိဇံပေးဖို့နှင့် အသင်းတော်ကို တည်ထောင်ဖို့ ခေါ်သွင်းခံရ၏။ ၁၁–၁၂၊ သူတို့သည် ကျမ်းစာများ၌ တွေ့ရသည့် ဧဝံဂေလိတရားတော်အခြေခံဩဝါဒများကို သွန်သင်ဖို့ ခေါ်သွင်း၍ ခန့်ထားခံရ၏။ ၁၃–၁၇၊ သူတို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် သွန်သင်ပြီး၊ ပရောဖက်ပြု၍ဟောကြရမည်။ ၁၈–၂၉၊ သန့်ရှင်းသူတို့သည် သူ့အသက်ကို မသတ်ရန်၊ သူ့ဥစ္စာကို မခိုးရန်၊ မုသားမပြောရန်၊ တပ်မက်ခြင်းမရှိရန်၊ သူ့သားမယားအားပြစ်မှားခြင်းကို မကျူးလွန်ရန်၊ သို့မဟုတ်၊ အခြားသူများအကြောင်း မကောင်းမပြောရန် မိန့်တော်မူခြင်းခံရ၏။ ၃၀–၃၉၊ ဥစ္စာပစ္စည်းများဆက်ကပ်ခြင်းကို ထိန်းချုပ်သည့် ဥပဒေများကို ဖော်ပြထား၏။ ၄၀–၄၂၊ မာနနှင့် ပျင်းရိခြင်းသည် ပြစ်တင်ရှုတ်ချခံရ၏။ ၄၃–၅၂၊ ဖျားနာသောသူများသည် စီမံဆောင်ရွက်ခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် အနာငြိမ်းစေခြင်းခံကြရ၏။ ၅၃–၆၀၊ ကျမ်းစာများသည် အသင်းတော်ကို ထိန်းချုပ်၏၊ လောကသို့လည်း ကြေညာရမည်။ ၆၁–၆၉၊ ယေရုရှလင်မြို့သစ်နေရာနှင့် နိုင်ငံတော်၏နက်နဲခြင်းကို ဖော်ပြလိမ့်မည်။ ၇၀–၇၃၊ ဆက်ကပ်ထားသောဥစ္စာပစ္စည်းများကို အသင်းတော်အရာရှိများအား ထောက်ပံ့ရန် အသုံးပြုရမည်။ ၇၄–၉၃၊ မတရားသောမေထုန်၊ သူ့သားမယားအားပြစ်မှားခြင်း၊ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အပြစ်များဝန်ခံခြင်းတို့ကို ထိန်းချုပ်သည့် ဥပဒေများကို ဖော်ပြထား၏။
၁ စေ့စေ့နားထောင်ကြလော့၊ အကယ်စင်စစ်၊ ယေရှုခရစ်တော်၊ အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်၊ လောက၏ကယ်တင်ရှင် ငါ၏နာမတော်အားဖြင့် သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးကြလေသည့်သူများတည်းဟူသော အို ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့။ သင်တို့သည် ငါ၏နာမတော်ကို ယုံကြည်ကြသောကြောင့်၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းကြ၏။
၂ တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ စေ့စေ့နားထောင်၍ ကြားနာကြလော့၊ သင်တို့အား ငါပေးမည့်ဥပဒေကို နာခံကြလော့။
၃ အကြောင်းမူကား၊ ငါအမှန်ဆိုသည်မှာ၊ သင်တို့ကို ငါမိန့်တော်မူသည့် ပညတ်တော်အတိုင်း သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးကြပြီး၊ ဤအရာနှင့်စပ်လျဉ်း၍ သဘောချင်းတူလျက်၊ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ တောင်းကြလေသဖြင့်၊ ထိုနည်းတူစွာပင် သင်တို့ရရှိကြလိမ့်မည်။
၄ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်များဖြစ်သည့် ဂျိုးဇက်စမစ်အငယ်နှင့် ဆစ်ဒနီရစ်ဂဒွန်မှတစ်ပါး သင်တို့အယောက်တိုင်း ငါ၏နာမတော်အားဖြင့် ထွက်သွားရမည်ဟူသော ဤပထမပညတ်ကို သင်တို့အား ငါပေး၏။
၅ သူတို့ ကာလအနည်းငယ်မျှသာ ထွက်သွားရမည့်အကြောင်း ပညတ်တော်ကို သူတို့အား ငါပေး၏၊ သူတို့ပြန်လာရမည့် အချိန်ကိုလည်း ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေးတော်မူလိမ့်မည်။
၆ သင်တို့သည် ငါ့ဝိညာဉ်တော်၏တန်ခိုးဖြင့် ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလျက်၊ ငါ၏နာမတော်အားဖြင့် နှစ်ယောက်စီ နှစ်ယောက်စီ ထွက်သွား၍ သင်တို့အသံကို တံပိုးသံကဲ့သို့ မြှင့်လျက်၊ ငါ၏နှုတ်ကပတ်တော်ကို ဘုရားသခင်၏ကောင်းကင်တမန်များကဲ့သို့ ဟောပြောရမည်။
၇ သင်တို့သည် ထွက်သွားပြီး ရေနှင့်ဗတ္တိဇံပေးရမည်။ သင်တို့နောင်တရကြလော့၊ သင်တို့နောင်တရကြလော့၊ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟု ဆိုကြလော့။
၈ ဤနေရာမှာနေ၍ သင်တို့သည် အနောက်ဘက်လားရာအရပ်ရှိ ဒေသများသို့ ထွက်သွားကြရမည်။ သင်တို့သည် သင်တို့ကို လက်ခံမည့်သူများကို တွေ့ရှိကြသမျှ၊ ဒေသတိုင်း၌ ငါ၏အသင်းတော်ကို တည်ဆောက်ကြလိမ့်မည်။
၉ ယေရုရှလင်မြို့သစ်ကို ပြင်ဆင်ရမည့်အချိန်ကို သင်တို့ထံ အထက်က ဖော်ပြမည့်အချိန် ကျရောက်လာသည်အထိ သင်တို့တစ်စုတစ်ပေါင်းတည်း ရှိနိုင်ကြစေကြောင်း၊ သင်တို့သည် ငါ၏လူမျိုးများ ဖြစ်နိုင်ကြစေကြောင်းပေတည်း။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။
၁၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျသည် သူ့ကို ငါခန့်အပ်ထားလေသည့် အမှုအရာကို ဆောင်ရွက်ရမည်။ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ သူလွန်ကျူးလျှင်၊ တခြားသူတစ်ဦးကို သူ့နေရာ၌ ခန့်အပ်လိမ့်မည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။
၁၁ တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ အကြင်သူသည် အခွင့်အာဏာရှိသူ၊ အခွင့်အာဏာရှိကြောင်း အသင်းတော်၌ ထင်ရှားသူ၊ အသင်းတော်ခေါင်းဆောင်တို့အားဖြင့် မှန်ကန်စွာခန့်ထားသူတစ်စုံတစ်ဦးအားဖြင့် ခန့်ထားမခံရလျှင်၊ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောခြင်းငှာ ထွက်သွားဖို့၊ သို့မဟုတ် ငါ၏အသင်းတော်ကို တည်ဆောက်ဖို့ အဘယ်သူ့ကိုမျှ အခွင့်ပေးလိမ့်မည်မဟုတ်။
၁၂ ထိုမှတစ်ဖန်၊ ဤအသင်းတော်၏ အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် ဧဝံဂေလိတရားတော်အပြည့်အစုံရှိရာ သမ္မာကျမ်းနှင့် မော်မုန်ကျမ်းရှိ ငါ့ဧဝံဂေလိတရားတော်၏ အခြေခံဩဝါဒများကို သွန်သင်ကြရမည်။
၁၃ သူတို့သည် ပဋိညာဉ်များနှင့် အသင်းတော်ခံယူချက်များကို ဆောင်ရွက်ဖို့ ကျင့်စောင့်ကြလိမ့်မည်။ ဝိညာဉ်တော်၏လမ်းညွှန်ခြင်းကိုလည်း ခံကြရသဖြင့်၊ ထိုအရာတို့သည် သူတို့၏သွန်သင်ချက်များဖြစ်လိမ့်မည်။
၁၄ ယုံကြည်ခြင်းရှိသောဆုတောင်းခြင်းအားဖြင့် ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူလိမ့်မည်။ သင်တို့သည် ဝိညာဉ်တော်ကို လက်ခံရရှိခြင်းမရှိလျှင်၊ မသွန်သင်ရ။
၁၅ သင်တို့၏သွန်သင်ချက်နှင့်စပ်လျဉ်း၍ ငါမိန့်တော်မူလေသကဲ့သို့ပင်၊ ငါ၏ကျမ်းစာအပြည့်အစုံကို ပေးတော်မူသည်အထိ၊ သင်တို့သည် ခပ်သိမ်းသောဤအရာတို့ကို လုပ်ဆောင်ရန် အားထုတ်ကြရမည်။
၁၆ သင်တို့သည် နှစ်သိမ့်စေသောသူအားဖြင့် သင်တို့အသံကိုမြင့်ကြစဉ်တွင်၊ ငါကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း သင်တို့ဟောပြောလျက်၊ ပရောဖက်ပြု၍ ဟောပြောကြရမည်။
၁၇ အကြောင်းမူကား၊ ရှုလော့၊ နှစ်သိမ့်စေသောသူသည် ခပ်သိမ်းသောအရာတို့ကို သိတော်မူပြီး၊ ခမည်းတော်နှင့်သားတော်အကြောင်းကို သက်သေခံ၏။
၁၈ ယခုမူကား၊ ရှုလော့၊ ငါသည် အသင်းတော်ကို ဟောပြော၏။ သင်တို့သည် လူ့အသက်ကို မသတ်ရ။ လူ့အသက်ကို သတ်သောသူသည် ဤလောက၌ အပြစ်လွှတ်ခြင်းကို မရရှိ၊ လာမည့်လောက၌လည်း မရရှိ။
၁၉ ထိုမှတစ်ဖန်၊ ငါဆိုသည်ကား၊ သင်သည် လူ့အသက်ကို မသတ်ရ။ သို့ရာတွင်၊ လူ့အသက်ကို သတ်သောသူသည် သေရမည်။
၂၀ သင်သည် သူ့ဥစ္စာကို မခိုးရ။ သူ့ဥစ္စာကိုခိုးပြီး၊ နောင်တမရသောသူသည် နှင်ထုတ်ခံရမည်။
၂၁ သင်သည် မုသားမပြောရ။ မုသားပြောပြီး၊ နောင်တမရသောသူသည် နှင်ထုတ်ခံရမည်။
၂၂ သင်သည် သင့်ဇနီးကို သင်၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်ရမည်။ သူမ၌စွဲမြဲရမည်၊ အခြားအဘယ်သူ၌မျှ မစွဲမြဲရ။
၂၃ မိန်းမတစ်ဦးကို တပ်မက်သောစိတ်နှင့် ကြည့်ရှုသောသူသည် ယုံကြည်ခြင်းကို ငြင်းဆိုလိမ့်မည်။ ဝိညာဉ်တော်ကို ရရှိလိမ့်မည်မဟုတ်။ ထိုသူသည် နောင်တရခြင်းမရှိလျှင်၊ နှင်ထုတ်ခံရမည်။
၂၄ သင်သည် သူ့သားမယားအားပြစ်မှားခြင်းကို မကျူးလွန်ရ။ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်ပြီး၊ နောင်တရခြင်းမရှိသောသူသည် နှင်ထုတ်ခံရမည်။
၂၅ သို့ရာတွင်၊ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်ပြီး၊ မိမိစိတ်နှလုံးအကြွင်းမဲ့ဖြင့် နောင်တရလျက်၊ ထိုအမှုကို စွန့်ပစ်၍၊ မပြုတော့သောသူကို သင်ခွင့်လွှတ်ရမည်။
၂၆ သို့ရာတွင်၊ ထိုသူသည် တစ်ဖန်ပြုလျှင်၊ အပြစ်လွှတ်ခြင်းမခံရ၊ နှင်ထုတ်ခြင်းသာ ခံရမည်။
၂၇ သင်သည် ကိုယ်နှင့်စပ်ဆိုင်သူအကြောင်း မကောင်းမပြောရ၊ ထိခိုက်ခြင်းတစ်စုံတစ်ခုကိုမျှ မပြုရ။
၂၈ ဤအရာတို့နှင့်စပ်လျဉ်းသည့် ငါ၏ဥပဒေများကို ငါ၏ကျမ်းစာများ၌ ဖော်ပြထားကြောင်း သင်သိ၏။ အပြစ်ပြု၍၊ နောင်တရခြင်းမရှိသောသူသည် နှင်ထုတ်ခံရမည်။
၂၉ သင်သည် ငါ့ကိုချစ်လျှင်၊ ငါ့ကို အစေခံလျက်၊ ငါ၏ပညတ်တော်အပေါင်းကို စောင့်ထိန်းရမည်။
၃၀ ရှုဦးလော့၊ သင်သည် ဆင်းရဲသားများကို အောက်မေ့လိမ့်မည်။ သူတို့၏အထောက်အမအတွက် သင်မျှ၍ပေးလေသည့် သင်၏ဥစ္စာပစ္စည်းများကို မချိုးဖောက်နိုင်သောပဋိညာဉ်နှင့် စာချုပ်စာတမ်းဖြင့် ဆက်ကပ်လိမ့်မည်။
၃၁ သင်သည် သင်၏ဥစ္စာကို ဆင်းရဲသားတို့အား မျှ၍ပေးသမျှ၊ ထိုအမှုကို ငါ့ထံသို့ ပြုလိမ့်မည်။ ထိုအရာတို့ကို ငါ့အသင်းတော်၏သင်းအုပ်နှင့် သူ၏တိုင်ပင်ဖက်များအဖြစ် သူခန့်အပ်မည့် သို့မဟုတ် ခန့်အပ်လေပြီး၊ ရွေးထားလေသည့် အသင်းလူကြီးနှစ်ဦး၊ သို့မဟုတ် ယဇ်ပုရောဟိတ်မင်းများရှေ့မှာ ချထားရမည်။
၃၂ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုအရာတို့ကို ငါ့အသင်းတော်၏သင်းအုပ်ရှေ့မှာ ချထားပြီးနောက်၊ ငါ့အသင်းတော်၏ဥစ္စာပစ္စည်းများဆက်ကပ်ခြင်းနှင့်စပ်လျဉ်း၍၊ ငါ၏ပညတ်တော်များအတိုင်းပင်၊ အသင်းတော်ထံမှ ယူမသွားနိုင်သည့်အကြောင်း ဤသက်သေခံချက်များကို သူလက်ခံရရှိလေပြီးနောက်၊ လူတိုင်းကို ငါ့အဖို့ တာဝန်ရှိစေမည်၊ မိမိကိုယ်တိုင်၏ဥစ္စာပစ္စည်းအပေါ် တာဝန်ခံဖြစ်စေမည်၊ သို့မဟုတ် ဆက်ကပ်ခြင်းအားဖြင့် လက်ခံရရှိလေသည့် အရာကို သူကိုယ်တိုင်နှင့် မိသားစုအတွက် လုံလောက်စေမည်။
၃၃ ထိုမှတစ်ဖန်၊ အသင်းတော်၏လက်၌၊ သို့မဟုတ် တစ်စုံတစ်ဦး၏လက်၌ ဤပထမဆက်ကပ်ခြင်းပြီးသည့်နောက် သူတို့၏အထောက်အမအတွက်လိုအပ်သည်ထက် ပိုသောဥစ္စာပစ္စည်းများရှိလျှင်၊ ထိုအရာသည် သင်းအုပ်ထံသို့ ဆက်ကပ်ရမည့် ကြွင်းသောအရာဖြစ်၏။ မရှိသောသူများကို အချိန်နှင့်အမျှ ကူညီထောက်မခြင်းငှာ ထိုအရာကို သိမ်းဆည်းထားရမည်။ လိုအပ်မှုရှိသောလူတိုင်း အလိုဆန္ဒအတိုင်း ပြည့်စုံစွာထောက်ပံ့ခံရနိုင်စေခြင်းငှာပေတည်း။
၃၄ ထို့ကြောင့်၊ ကြွင်းသောအရာကို ငါ၏ဘဏ္ဍာတိုက်ထဲမှာ သိမ်းဆည်းထားရမည်။ အသင်းတော်၏အတိုင်ပင်ခံမင်းအဖွဲ့၊ သင်းအုပ်နှင့် သူ၏အတိုင်ပင်ခံအဖွဲ့လမ်းညွှန်သည့်အတိုင်း ဆင်းရဲသားများနှင့် ချို့တဲ့သောသူများကို ကူညီထောက်မခြင်းငှာဖြစ်၏။
၃၅ အသင်းတော်၏အများအကျိုးအတွက် မြေများဝယ်ခြင်းအတွက်၊ ကိုးကွယ်ရာအိမ်များဆောက်ခြင်း၊ နောင်ကာလ၌ဖော်ပြမည့် ယေရုရှလင်မြို့သစ်တည်ဆောက်ခြင်းအတွက်လည်းဖြစ်၏—
၃၆ ငါ၏ဗိမာန်တော်သို့ ငါကြွလာတော်မူမည့်နေ့၌ ငါ၏ပဋိညာဉ်ခံလူမျိုးတို့ တစ်စုတစ်ပေါင်းတည်း ရှိနိုင်ကြစေခြင်းငှာဖြစ်၏။ ဤသို့ငါပြုသည်မှာ၊ ငါ့လူမျိုးတို့၏ကယ်တင်ခြင်းအတွက်ဖြစ်၏။
၃၇ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ အပြစ်ပြုပြီး၊ နောင်တရခြင်းမရှိသောသူသည် အသင်းတော်မှ နှင်ထုတ်ခံရမည်။ ငါ့အသင်းတော်၏ ဆင်းရဲသားများနှင့် ချို့တဲ့သောသူများအဖို့၊ တစ်နည်းအားဖြင့် ငါ့အဖို့ သူဆက်ကပ်လေသောအရာကို တစ်ဖန်ပြန်လည် ရရှိလိမ့်မည်မဟုတ်—
၃၈ အကြောင်းမူကား၊ သင်တို့သည် ဤသူတို့အထဲမှ အငယ်ဆုံးသောသူအား ပြုကြသမျှကို ငါ့အား ပြုကြပေ၏။
၃၉ အကြောင်းမူကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ငါ့ပရောဖက်တို့၏နှုတ်အားဖြင့် ဟောပြောသောအရာကို ပြီးပြည့်စုံစေလိမ့်မည်။ တပါးအမျိုးသားတို့၌ ငါ၏ဧဝံဂေလိတရားတော်ကို လှိုက်လှိုက်လှဲလှဲလက်ခံကြသူတို့၏ စည်းစိမ်ဥစ္စာများကို ဣသရေလအမျိုးသားများဖြစ်သည့် ငါ၏လူမျိုးတို့၏ဆင်းရဲသားများအဖို့ ငါရည်စူးတော်မူမည်။
၄၀ ထိုမှတစ်ဖန်၊ သင်တို့စိတ်နှလုံး၌ မာနမကြီးရ။ သင်တို့၏ ခပ်သိမ်းသောအဝတ်တန်ဆာများကို ရိုးရှင်းစေလော့၊ ၎င်းတို့၏အလှကိုလည်း သင်တို့လက်နှင့်လုပ်သော အလှဖြစ်စေလော့။
၄၁ ခပ်သိမ်းသောအရာတို့ကိုလည်း ငါ့ရှေ့၌ သန့်ရှင်းခြင်းဖြင့် ဆောင်ရွက်စေလော့။
၄၂ သင်တို့သည် မပျင်းရိရ။ အကြောင်းမူကား၊ ပျင်းရိသောသူသည် အလုပ်လုပ်သောသူတို့၏အရာဖြစ်သည့်မုန့်ကို မစားရ။ အဝတ်တန်ဆာများကိုလည်းမဝတ်ရ။
၄၃ သင်တို့၌ ဖျားနာ၍၊ အနာကင်းစေမည့်အကြောင်း ယုံကြည်ခြင်းမရှိ၊ သို့ရာတွင် ယုံကြည်သောသူမှန်သမျှကို နူးညံ့ခြင်းအပေါင်းနှင့်၊ ဆေးဖက်ဝင်အပင်နှင့် အစာပျော့ပျော့တို့ဖြင့် အားဖြည့်စေလော့။ ရန်သူ၏လက်အားဖြင့် မပြုစေနှင့်။
၄၄ အသင်းတော်၏အသင်းလူကြီးနှစ်ဦးသို့မဟုတ် နှစ်ဦးထက်ပိုသောသူများကို ခေါ်ရမည်။ ဆုတောင်း၍၊ ငါ၏နာမတော်အားဖြင့် ထိုသူတို့အပေါ် လက်ကိုတင်ကြရမည်။ ထိုသူတို့သည် သေလျှင် ငါ့အဖို့သေကြလိမ့်မည်။ အသက်ရှင်လျှင်၊ ငါ့အဖို့ အသက်ရှင်ကြလိမ့်မည်။
၄၅ သင်တို့သည် ချစ်ခြင်းဖြင့် အတူတကွနေထိုင်ကြလော့။ သေ၍ ဆုံးရှုံးရသောသူများအတွက်၊ အထူးသဖြင့်၊ အသရေထင်ရှားသောရှင်ပြန်ထမြောက်ခြင်းသို့ မျှော်လင့်ခြင်းမရှိသောသူများအတွက် ငိုကြွေးကြလော့။
၄၆ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ငါ့၌ သေသောသူတို့သည် သေခြင်းကို မတွေ့ကြုံရ။ အကြောင်းမူကား၊ ထိုအရာသည် သူတို့အဖို့ ချိုမြိန်လိမ့်မည်။
၄၇ ငါ့၌သေခြင်း မရှိသောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏သေခြင်းသည် ခါး၏။
၄၈ ထိုမှတစ်ဖန်၊ အချိန်တန်လာလတ္တံ့သောအခါ၊ ငါ့ကို ယုံကြည်ခြင်းရှိသောသူသည် အနာကင်းစေရ၏။ သေခြင်းသို့ စီရင်ခြင်းမခံရ။ အနာကင်းစေရလိမ့်မည်။
၄၉ မြင်ရဖို့ယုံကြည်ခြင်းရှိသောသူသည် မြင်ရလိမ့်မည်။
၅၀ ကြားနာရဖို့ ယုံကြည်ခြင်းရှိသောသူသည် ကြားနာရလိမ့်မည်။
၅၁ ထခုန်ဖို့ယုံကြည်ခြင်းရှိသည့် ခြေမစွမ်းသောသူသည် ထခုန်လိမ့်မည်။
၅၂ ဤအမှုများကို ပြုဖို့ ယုံကြည်ခြင်းမရှိကြသော်လည်း ငါ့ကို ယုံကြည်သောသူတို့သည် ငါ၏သားများဖြစ်လာဖို့ တန်ခိုးရှိကြ၏။ သူတို့သည် ငါ၏ဥပဒေများကို မချိုးဖောက်သမျှ၊ သင်တို့သည် သူတို့၏ဖျားနာခြင်းများကို သည်းခံကြရမည်။
၅၃ သင်တို့သည် မိမိတို့တာဝန်ခံအရာ နေရာ၌ ရပ်တည်ကြလော့။
၅၄ သင်တို့သည် သင်တို့ညီအစ်ကို၏အဝတ်တန်ဆာကို မယူရ။ သင်တို့၏ညီအစ်ကိုထံမှ ရရှိသောအရာအတွက် သင်တို့အခပေးရမည်။
၅၅ သင်တို့သည် သင်တို့အထောက်အမအတွက်ထက်ပို၍ရရှိလျှင်၊ ငါ၏ဘဏ္ဍာတိုက်ထဲသို့ ထည့်ရမည်။ ခပ်သိမ်းသောအရာတို့ကို ငါမိန့်တော်မူလေသည့်အတိုင်း ပြီးမြောက်နိုင်စေခြင်းငှာဖြစ်၏။
၅၆ သင်တို့တောင်းကြလော့။ ငါစီရင်ထားလေသည့်အတိုင်း ငါ၏ကျမ်းစာများကို ဖော်ပြလိမ့်မည်။ ထိုအရာတို့ကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ရမည်။
၅၇ သင်တို့သည် ထိုအရာတို့နှင့်စပ်လျဉ်း၍ တိတ်ဆိတ်စွာနေဖို့ လိုအပ်၏။ ထိုအရာတို့ကို သင်တို့ ပြည့်စုံစွာမရရှိမီ မသွန်သင်နှင့်။
၅၈ ထို့နောက်တွင်၊ ငါသည် သင်တို့ထိုအရာတို့ကို လူသားအပေါင်းတို့အား သွန်သင်ရမည့် အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။ အကြောင်းမူကား၊ ထိုအရာတို့ကို ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူနှင့် လူမျိုးတို့အား သွန်သင်လိမ့်မည်။
၅၉ ဥပဒေအဖြစ် ငါ၏ကျမ်းစာများ၌ သင်တို့ကို ဖော်ပြထားလေသည့်အရာတည်းဟူသော သင်တို့ရရှိလေသည့်အရာများအား၊ ငါ၏အသင်းတော်ကို အုပ်ချုပ်ဖို့ ငါ၏ဥပဒေအဖြစ် သင်တို့လက်ခံရမည်။
၆၀ ဤအရာတို့အတိုင်း လုပ်ဆောင်သောသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ လုပ်ဆောင်ခြင်းမရှိဘဲ၊ အထက်ကအတိုင်း ဆက်၍ပြုလျှင်၊ အပြစ်စီရင်ခံရလိမ့်မည်။
၆၁ သင်တို့သည် တောင်းကြလျှင်—ဝမ်းမြောက်ခြင်းကို ဖြစ်စေသည့်၊ အသက်ထာဝရရှင်ရာကို ဖြစ်စေသည့်အရာများတည်းဟူသော နက်နဲခြင်းများနှင့် ငြိမ်းချမ်းသောအရာများကို သိနိုင်စေကြောင်း ဗျာဒိတ်တော်အပေါ် ဗျာဒိတ်တော်ကို ထပ်၍၊ အသိဉာဏ်အပေါ် အသိဉာဏ်ကို ထပ်၍ လက်ခံရရှိလိမ့်မည်။
၆၂ သင်တို့တောင်းကြလော့၊ ယေရုရှလင်မြို့သစ်ကို တည်ဆောက်မည့်နေရာတွင်၊ ငါ၏ကာလအချိန်တန်သောအခါ၊ သင်တို့ထံ ဖော်ပြတော်မူလိမ့်မည်။
၆၃ ရှုဦးလော့၊ အချိန်တန်လာလတ္တံ့သောအခါ၊ ငါ့ကျွန်များကို အရှေ့နှင့် အနောက်သို့လည်းကောင်း၊ တောင်နှင့် မြောက်သို့လည်းကောင်း စေလွှတ်တော်မူမည်။
၆၄ ယခုမှာပင်၊ အရှေ့သို့သွားသောသူအား သူသွန်သင်၍ ပြောင်းလဲမည့်သူများကို အနောက်သို့ ထွက်ပြေးစေလော့။ ဤအမှုသည်ကား၊ မြေကြီးပေါ်ကျရောက်လာနေသည့်အရာနှင့် လျှို့ဝှက်သောအသင်းအဖွဲ့များကြောင့်ဖြစ်၏။
၆၅ ရှုလော့၊ သင်တို့သည် ခပ်သိမ်းသောဤအရာတို့ကို ကျင့်စောင့်ကြလော့။ သင်တို့၏အကျိုးကျေးဇူးမှာ ကြီးမားလှပေစွတကား။ အကြောင်းမူကား၊ သင်တို့အား နိုင်ငံတော်၏နက်နဲသောအရာတို့ကို သိစေရန် အခွင့်ပေးထား၏၊ သို့ရာတွင်၊ လောကအား ထိုအရာတို့ကို သိစေရန် အခွင့်ပေးမထားပေ။
၆၆ သင်တို့သည် လက်ခံရရှိသည့် ဥပဒေကို ကျင့်စောင့်၍၊ သစ္စာရှိကြလော့။
၆၇ သင်တို့သည် နောင်ကာလတွင် အသင်းတော်ပဋိညာဉ်များကို လက်ခံရရှိကြလိမ့်မည်။ ထိုကဲ့သို့သောအရာများမှာ ဤအရပ်နှင့် ယေရုရှလင်မြို့သစ်နှစ်ခုစလုံး၌ သင်တို့တည်ဆောက်ဖို့ လုံလောက်လိမ့်မည်။
၆၈ ထို့ကြောင့်၊ ဉာဏ်ပညာလိုသောသူအား၊ ငါ့ထံသို့ တောင်းစေလော့၊ ငါသည် ထိုသူအား စေတနာစိတ်နှင့် ပေးတော်မူမည်၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို မပြု။
၆၉ စိတ်နှလုံးရွှင်လန်းအားရလျက်၊ ရွှင်လန်းဝမ်းမြောက်ကြလော့၊ အကြောင်းမူကား၊ နိုင်ငံတော်သည် သင်တို့အဖို့ဖြစ်၏၊ တစ်နည်းအားဖြင့်၊ အသင်းတော်၏သော့များကို ပေးထားလေပြီ။ ထိုကဲ့သို့ပင်တည်း။ အာမင်။
၇၀ ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် အသင်းသားများကဲ့သို့ပင် မိမိတို့တာဝန်ခံအရာကို ရရှိကြလိမ့်မည်။
၇၁ ခပ်သိမ်းသောအရာတို့၌ သင်းအုပ်ကို ကူညီဖို့ တိုင်ပင်ဖက်များအဖြစ် ခန့်အပ်ထားသည့် အသင်းလူကြီးများ သို့မဟုတ် ယဇ်ပုရောဟိတ်မင်းများသည် ဆင်းရဲသားတို့အကျိုးအတွက်၊ ထို့အတူ၊ အခြားရည်ရွယ်ချက်များအတွက်၊ အထက်ကဖော်ပြခဲ့သည့်အတိုင်း သင်းအုပ်ထံ ဆက်ကပ်ထားသည့် ဥစ္စာပစ္စည်းများဖြင့် မိမိတို့မိသားစုများအား ထောက်မခြင်းကို ရရှိရမည်။
၇၂ သို့မဟုတ်၊ သူတို့သည် မိမိတို့၏ခပ်သိမ်းသော အစေခံခြင်းများအတွက် မျှတသောအခကြေးငွေကို တာဝန်ခံအရာအားဖြင့်ဖြစ်စေ၊ သို့မဟုတ်လျှင်၊ အကောင်းဆုံးဟု မှတ်ယူသည့်အတိုင်း သို့မဟုတ် တိုင်ပင်ဖက်များနှင့် သင်းအုပ်တို့ဆုံးဖြတ်သည့်အတိုင်း ရရှိစေရမည်။
၇၃ သင်းအုပ်သည်လည်း အသင်းတော်၌ သူ၏ခပ်သိမ်းသောအစေခံခြင်းများအတွက်၊ မိမိအထောက်အမကို၊ သို့မဟုတ် မျှတသောအခကြေးငွေကို ရရှိရမည်။
၇၄ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့ ၌ အဘယ်သူပင်ဖြစ်စေ၊ မိမိအပေါင်းအဖော်ကို မတရားသောမေထုန်အကြောင်းကြောင့် ကွာ၍၊ တစ်နည်းအားဖြင့်၊ သူတို့သည် သင့်ရှေ့၌ စိတ်နှလုံးနှိမ့်ချခြင်းနှင့်သက်သေခံလျှင်၊ သင်တို့သည် ထိုသူတို့ကို သင်တို့အထဲမှ နှင်မထုတ်ရ။
၇၅ သို့ရာတွင်၊ သင်တို့သည် အဘယ်သူပင်ဖြစ်စေ မိမိအပေါင်းအဖော်ကို သူ့သားမယားအား ပြစ်မှားခြင်းကြောင့် ချန်ထားပြီး၊ သူတို့ကိုယ်တိုင်ပြစ်မှားသောသူများဖြစ်လျက်၊ သူတို့၏အပေါင်းအဖော်အသက်ရှင်လျက်ရှိကြောင်း တွေ့ရလျှင်၊ ထိုသူတို့ကို သင်တို့အထဲမှ နှင်ထုတ်ရမည်။
၇၆ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ အိမ်ထောင်ဖက်ပြုထားလျှင်၊ ထိုကဲ့သို့သောသူ အဘယ်သူ့ကိုမျှ သင့်တို့အထဲ၌ လက်မခံစေကြောင်း အလုံးစုံသောမေးမြန်းခြင်းဖြင့် စောင့်ကြည့်၍ ဂရုစိုက်ရမည်။
၇၇ သူတို့သည် အိမ်ထောင်ဖက်ပြုမထားလျှင်၊ သူတို့၏ခပ်သိမ်းသောအပြစ်များမှ နောင်တရကြရမည်၊ သို့မဟုတ်လျှင် သင်တို့သည် သူတို့ကို လက်မခံရ။
၇၈ ထိုမှတစ်ဖန်၊ ခရစ်တော်၏ဤအသင်းတော်အသင်းဝင်ဖြစ်သူတိုင်းသည် အသင်းတော်၏ ခပ်သိမ်းသောပညတ်တော်များနှင့် ပဋိညာဉ်များကို စောင့်ထိန်းဖို့ အားထုတ်ရမည်။
၇၉ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ သင်တို့၌ အဘယ်သူပင်ဖြစ်စေ၊ လူအသက်ကို သတ်လျှင်၊ လွှဲအပ်၍ ပြည်၏ဥပဒေအတိုင်း စီရင်ခံရမည်။ အကြောင်းမူကား၊ ထိုသူသည် အပြစ်လွှတ်ခြင်းကို မရရှိကြောင်း သတိရကြလော့။ ပြည်၏ဥပဒေအတိုင်း အတည်ပြုခံရလိမ့်မည်။
၈၀ အဘယ်ယောက်ျားသို့မဟုတ်၊ မိန်းမဖြစ်စေ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်လျှင်၊ သူသို့မဟုတ် သူမသည် အသင်းတော်၏အသင်းလူကြီးနှစ်ဦး သို့မဟုတ် ထို့ထက်ပိုသောသူများ ရှေ့မှာ စစ်ဆေးခံရမည်။ ထိုသူ သို့မဟုတ် သူမတစ်ဖက်၌ စကားလုံးတိုင်းကို အသင်းတော်၏သက်သေနှစ်ဦးအားဖြင့် တည်စေရမည်။ ရန်သူ၏သက်သေအားဖြင့် မဟုတ်ရ။ သို့ရာတွင်၊ သက်သေနှစ်ဦးထက်ပိုလျှင်၊ သာ၍ကောင်း၏။
၈၁ သို့ရာတွင်၊ သူသို့မဟုတ် သူမသည် သက်သေနှစ်ဦး၏နှုတ်အားဖြင့်၊ ပြစ်ဒဏ်ချမှတ်ခံရမည်။ အသင်းလူကြီးတို့သည်လည်း ထိုအမှုကို အသင်းတော်ရှေ့မှာ ချပြရမည်။ အသင်းတော်သည်လည်း ထိုသူသို့မဟုတ် သူမတစ်ဖက်၌ မိမိတို့လက်ကို ချီရမည်။ ထိုသူတို့အား ဘုရားသခင်၏ဥပဒေအတိုင်း စီရင်ခံရစေခြင်းငှာပေတည်း။
၈၂ ဖြစ်နိုင်လျှင်၊ သင်းအုပ်သည်လည်း ရှိဖို့လိုအပ်၏။
၈၃ သင်တို့ရှေ့သို့ ရောက်လာမည့် ခပ်သိမ်းသောအမှုများကို ထိုကဲ့သို့အားဖြင့် သင်တို့ဆောင်ရွက်ရမည်။
၈၄ ယောက်ျားသို့မဟုတ် မိန်းမတစ်ဦးသည် လုယူလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏ဥပဒေသို့ လွှဲအပ်ခံရမည်။
၈၅ ထိုသူ သို့မဟုတ် သူမသည် သူ့ဥစ္စာကို ခိုးယူလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏ဥပဒေသို့ လွှဲအပ်ခံရမည်။
၈၆ ထိုသူ သို့မဟုတ် သူမသည် မုသားပြောလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏ဥပဒေသို့ လွှဲအပ်ခံရမည်။
၈၇ ထိုသူ သို့မဟုတ် သူမသည် အဘယ်သို့သောဒုစရိုက်ကို ပြုသည်ဖြစ်စေ၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏ဥပဒေသို့၊ ဘုရားသခင်၏ဥပဒေသို့ပင် လွှဲအပ်ခံရမည်။
၈၈ သင်တို့၏ညီအစ်ကို သို့မဟုတ် ညီအစ်မသည် သင်တို့ကို ပြစ်မှားလျှင်၊ သင်တို့သည် ထိုသူသို့မဟုတ် သူမနှင့် နှစ်ယောက်တည်းချင်းတွေ့ရမည်။ ထိုသူသို့မဟုတ် သူမသည် ဝန်ခံလျှင်၊ သင်တို့မိတ်သဟာယဖွဲ့ရမည်။
၈၉ ထိုသူသို့မဟုတ် သူမသည် ဝန်ခံခြင်းမရှိလျှင်၊ သင်တို့သည် ထိုသူ သို့မဟုတ် သူမကို အသင်းတော်ထံသို့ လွှဲအပ်ရမည်။ အသင်းသားများထံသို့မဟုတ်ဘဲ အသင်းလူကြီးများထံသို့ လွှဲအပ်ရမည်။ ထိုအမှုကို အစည်းအဝေး၌ ဆောင်ရွက်ရမည်။ လောကီရှေ့၌ မဆောင်ရွက်ရ။
၉၀ သင်တို့၏ညီအစ်ကို သို့မဟုတ် ညီအစ်မသည် များစွာသောသူတို့ကို ပြစ်မှားလျှင်၊ ထိုသူသို့မဟုတ် သူမသည် များစွာသောသူတို့ရှေ့၌ဆုံးမခံရမည်။
၉၁ တစ်စုံတစ်ယောက်သည် ထင်ရှားစွာပြစ်မှားလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ထင်ရှားစွာ ဆုံးမခံရမည်၊ ထိုသူ သို့မဟုတ် သူမ ရှက်ကြောက်စေခြင်းငှာဖြစ်၏။ ထိုသူ သို့မဟုတ် သူမသည် ဝန်ခံခြင်းမရှိလျှင်၊ ဘုရားသခင်၏ဥပဒေသို့ လွှဲအပ်ခံရမည်။
၉၂ တစ်စုံတစ်ယောက်သည် တိတ်ဆိတ်စွာပြစ်မှားလျှင်၊ ထိုသူ သို့မဟုတ် သူမသည် တိတ်ဆိတ်စွာဆုံးမခံရမည်။ ထိုသူ သို့မဟုတ် သူမ ပြစ်မှားလေခဲ့သည့် သူသို့မဟုတ် သူမထံသို့၊ ထို့အတူ၊ ဘုရားသခင်ထံသို့ တိတ်ဆိတ်စွာဝန်ခံဖို့ အခွင့်ရနိုင်စေကြောင်း၊ အသင်းတော်က ထိုသူသို့မဟုတ် သူမအကြောင်းအပြစ်တင်၍မပြောဆိုနိုင်စေကြောင်းပေတည်း။
၉၃ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ ထိုကဲ့သို့အားဖြင့် စီမံဆောင်ရွက်ရမည်။