ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၂


အပိုဒ်ငယ် ၄၂

၁၈၃၁ ခု၊ ဖေဖော်ဝါရီလ ၉ ရက်နှင့် ၂၃ ရက် ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အပိုင်း​နှစ်ပိုင်းဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အခန်းငယ် ၁ မှ ၇၂ အထိ​ပါဝင်သည့် ပထမ​ပိုင်းကို အသင်း​လူကြီး​တစ်ဆယ့်​နှစ်ဦး​မျက်မှောက်တွင် လက်ခံ​ရရှိ​ခဲ့ပြီး၊ ဥပဒေကို အိုဟိုင်းရို၌ ပေးတော်မူ​လိမ့်မည်ဟု ယခင်က​ပြုတော်မူ​ခဲ့သည့် ကိုယ်တော်ရှင်၏​ကတိတော်ကို ပြီးပြည့်စုံ​စေခြင်း​ဖြစ်၏ (အပိုဒ်ငယ် ၃၈း၃၂ တွင်ကြည့်ပါ)။ ဒုတိယ​ပိုင်းတွင် အခန်းငယ် ၇၃ မှ ၉၃ အထိ​ပါဝင်၏။ ပရောဖက်က ဤဗျာဒိတ်တော်၌ “အသင်းတော်​ဥပဒေ​ပါဝင်” သည်ဟု ပြဌာန်း၏။

၁–၁၀၊ အသင်း​လူကြီးများသည် ဧဝံဂေလိ​တရားတော်ကို ဟောပြောဖို့၊ ပြောင်းလဲ​သူများကို ဗတ္တိဇံ​ပေးဖို့နှင့် အသင်းတော်ကို တည်ထောင်ဖို့ ခေါ်သွင်း​ခံရ၏။ ၁၁–၁၂၊ သူတို့သည် ကျမ်းစာများ၌ တွေ့ရသည့် ဧဝံဂေလိ​တရားတော်အခြေခံဩဝါဒများကို သွန်သင်ဖို့ ခေါ်သွင်း၍ ခန့်ထား​ခံရ၏။ ၁၃–၁၇၊ သူတို့သည် ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် သွန်သင်ပြီး၊ ပရောဖက်ပြု၍​ဟောကြ​ရမည်။ ၁၈–၂၉၊ သန့်ရှင်းသူတို့သည် သူ့အသက်ကို မသတ်ရန်၊ သူ့ဥစ္စာကို မခိုးရန်၊ မုသား​မပြောရန်၊ တပ်မက်ခြင်း​မရှိရန်၊ သူ့သားမယားအားပြစ်မှားခြင်းကို မကျူးလွန်ရန်၊ သို့မဟုတ်၊ အခြားသူများ​အကြောင်း မကောင်း​မပြောရန် မိန့်တော်မူခြင်း​ခံရ၏။ ၃၀–၃၉၊ ဥစ္စာ​ပစ္စည်းများ​ဆက်ကပ်ခြင်းကို ထိန်းချုပ်သည့် ဥပဒေများကို ဖော်ပြထား၏။ ၄၀–၄၂၊ မာနနှင့် ပျင်းရိခြင်းသည် ပြစ်တင်ရှုတ်ချ​ခံရ၏။ ၄၃–၅၂၊ ဖျားနာသော​သူများသည် စီမံ​ဆောင်ရွက်ခြင်းနှင့် ယုံကြည်ခြင်း​အားဖြင့် အနာငြိမ်းစေခြင်း​ခံကြရ၏။ ၅၃–၆၀၊ ကျမ်းစာများသည် အသင်းတော်ကို ထိန်းချုပ်၏၊ လောကသို့လည်း ကြေညာ​ရမည်။ ၆၁–၆၉၊ ယေရုရှလင်​မြို့သစ်​နေရာနှင့် နိုင်ငံတော်၏​နက်နဲခြင်းကို ဖော်ပြ​လိမ့်မည်။ ၇၀–၇၃၊ ဆက်ကပ်​ထားသော​ဥစ္စာ​ပစ္စည်းများကို အသင်းတော်​အရာရှိများအား ထောက်ပံ့ရန် အသုံးပြု​ရမည်။ ၇၄–၉၃၊ မတရားသော​မေထုန်၊ သူ့​သားမယားအားပြစ်မှားခြင်း၊ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အပြစ်များ​ဝန်ခံခြင်းတို့ကို ထိန်းချုပ်သည့် ဥပဒေများကို ဖော်ပြထား၏။

စေ့စေ့နားထောင်ကြလော့၊ အကယ်​စင်စစ်၊ ယေရှု​ခရစ်တော်၊ အသက်ရှင်တော်မူသည့် ဘုရားသခင်၏​သားတော်၊ လောက၏​ကယ်တင်ရှင် ငါ၏​နာမတော်​အားဖြင့် သင်တို့ကိုယ်​သင်တို့ အတူတကွ စည်းဝေးကြလေသည့်​သူများ​တည်းဟူသော အို ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့။ သင်တို့သည် ငါ၏​နာမတော်ကို ယုံကြည်ကြ​သောကြောင့်၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်း​ကြ၏။

တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ စေ့စေ့နားထောင်၍ ကြားနာ​ကြလော့၊ သင်တို့အား ငါပေးမည့်​ဥပဒေကို နာခံ​ကြလော့။

အကြောင်းမူကား၊ ငါအမှန်​ဆိုသည်မှာ၊ သင်တို့ကို ငါမိန့်တော်မူသည့် ပညတ်တော်​အတိုင်း သင်တို့ကိုယ်​သင်တို့ အတူတကွ စည်းဝေးကြပြီး၊ ဤအရာနှင့်​စပ်လျဉ်း၍ သဘောချင်း​တူလျက်၊ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ တောင်းကြ​လေသဖြင့်၊ ထိုနည်းတူစွာပင် သင်တို့​ရရှိကြ​လိမ့်မည်။

ရှုလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်​များဖြစ်သည့် ဂျိုးဇက်​စမစ်​အငယ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်​မှတစ်ပါး သင်တို့​အယောက်တိုင်း ငါ၏​နာမတော်​အားဖြင့် ထွက်သွားရမည်​ဟူသော ဤပထမ​ပညတ်ကို သင်တို့အား ငါပေး၏။

သူတို့ ကာလအနည်းငယ်မျှသာ ထွက်သွားရမည့်အကြောင်း ပညတ်တော်ကို သူတို့အား ငါပေး၏၊ သူတို့​ပြန်လာရမည့် အချိန်ကိုလည်း ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ပေးတော်မူ​လိမ့်မည်။

သင်တို့သည် ငါ့ဝိညာဉ်တော်၏​တန်ခိုးဖြင့် ငါ၏​ဧဝံဂေလိ​တရားတော်ကို​ဟောပြောလျက်၊ ငါ၏​နာမတော်​အားဖြင့် နှစ်ယောက်စီ နှစ်ယောက်စီ ထွက်သွား၍ သင်တို့​အသံကို တံပိုးသံ​ကဲ့သို့ မြှင့်လျက်၊ ငါ၏​နှုတ်ကပတ်တော်ကို ဘုရားသခင်၏​ကောင်းကင်တမန်များ​ကဲ့သို့ ဟောပြော​ရမည်။

သင်တို့သည် ထွက်သွားပြီး ရေနှင့်​ဗတ္တိဇံပေးရမည်။ သင်တို့​နောင်တရ​ကြလော့၊ သင်တို့​နောင်တရ​ကြလော့၊ အကြောင်းမူကား၊ ကောင်းကင်​နိုင်ငံတော်​တည်လု​နီးပြီဟု ဆိုကြလော့။

ဤနေရာမှာ​နေ၍ သင်တို့သည် အနောက်ဘက်​လားရာ​အရပ်ရှိ ဒေသများသို့ ထွက်သွား​ကြရမည်။ သင်တို့သည် သင်တို့ကို လက်ခံမည့်​သူများကို တွေ့ရှိ​ကြသမျှ၊ ဒေသတိုင်း၌ ငါ၏​အသင်းတော်ကို တည်ဆောက်ကြ​လိမ့်မည်။

ယေရုရှလင်​မြို့သစ်ကို ပြင်ဆင်ရမည့်​အချိန်ကို သင်တို့ထံ အထက်က ဖော်ပြမည့်​အချိန် ကျရောက်​လာသည်​အထိ သင်တို့​တစ်စု​တစ်ပေါင်းတည်း ရှိနိုင်ကြ​စေကြောင်း၊ သင်တို့သည် ငါ၏​လူမျိုးများ ဖြစ်နိုင်ကြ​စေကြောင်း​ပေတည်း။ ငါသည်လည်း သင်တို့၏​ဘုရားသခင်​ဖြစ်မည်။

၁၀ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျသည် သူ့ကို ငါခန့်အပ်​ထားလေသည့် အမှု​အရာကို ဆောင်ရွက်​ရမည်။ ဤသို့​အားဖြင့် အချိန်တန်​လာလတ္တံ့​သောအခါ၊ သူလွန်ကျူးလျှင်၊ တခြားသူ​တစ်ဦးကို သူ့နေရာ၌ ခန့်အပ်​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၁၁ တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ အကြင်သူသည် အခွင့်​အာဏာ​ရှိသူ၊ အခွင့်​အာဏာ​ရှိကြောင်း အသင်းတော်၌ ထင်ရှားသူ၊ အသင်းတော်​ခေါင်းဆောင်တို့​အားဖြင့် မှန်ကန်စွာ​ခန့်ထားသူ​တစ်စုံတစ်ဦး​အားဖြင့် ခန့်ထား​မခံရလျှင်၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြောခြင်းငှာ ထွက်သွားဖို့၊ သို့မဟုတ် ငါ၏​အသင်းတော်ကို တည်ဆောက်ဖို့ အဘယ်​သူ့ကိုမျှ အခွင့်​ပေးလိမ့်မည်​မဟုတ်။

၁၂ ထိုမှ​တစ်ဖန်၊ ဤအသင်းတော်၏ အသင်း​လူကြီးများ၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် ဧဝံဂေလိ​တရားတော်​အပြည့်အစုံ​ရှိရာ သမ္မာကျမ်းနှင့် မော်မုန်ကျမ်းရှိ ငါ့ဧဝံဂေလိ​တရားတော်၏ အခြေခံဩဝါဒများကို သွန်သင်​ကြရမည်။

၁၃ သူတို့သည် ပဋိညာဉ်များနှင့် အသင်းတော်​ခံယူချက်များကို ဆောင်ရွက်ဖို့ ကျင့်စောင့်​ကြလိမ့်မည်။ ဝိညာဉ်တော်၏​လမ်းညွှန်ခြင်းကိုလည်း ခံကြရ​သဖြင့်၊ ထိုအရာတို့သည် သူတို့၏​သွန်သင်ချက်များ​ဖြစ်လိမ့်မည်။

၁၄ ယုံကြည်ခြင်းရှိသော​ဆုတောင်းခြင်း​အားဖြင့် ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူ​လိမ့်မည်။ သင်တို့သည် ဝိညာဉ်တော်ကို လက်ခံ​ရရှိခြင်း​မရှိလျှင်၊ မသွန်သင်ရ။

၁၅ သင်တို့၏​သွန်သင်ချက်နှင့်​စပ်လျဉ်း၍ ငါမိန့်တော်မူ​လေသကဲ့သို့ပင်၊ ငါ၏​ကျမ်းစာ​အပြည့်အစုံကို ပေးတော်မူသည်​အထိ၊ သင်တို့သည် ခပ်သိမ်းသော​ဤအရာတို့ကို လုပ်ဆောင်ရန် အားထုတ်ကြရမည်။

၁၆ သင်တို့သည် နှစ်သိမ့်စေသော​သူအားဖြင့် သင်တို့အသံကို​မြင့်ကြစဉ်တွင်၊ ငါကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း သင်တို့​ဟောပြောလျက်၊ ပရောဖက်ပြု၍ ဟောပြောကြ​ရမည်။

၁၇ အကြောင်းမူကား၊ ရှုလော့၊ နှစ်သိမ့်စေသော​သူသည် ခပ်သိမ်းသော​အရာတို့ကို သိတော်မူပြီး၊ ခမည်းတော်နှင့်​သားတော်အကြောင်းကို သက်သေခံ၏။

၁၈ ယခုမူကား၊ ရှုလော့၊ ငါသည် အသင်းတော်ကို ဟောပြော၏။ သင်တို့သည် လူ့အသက်ကို မသတ်ရ။ လူ့အသက်ကို သတ်သောသူသည် ဤလောက၌ အပြစ်လွှတ်ခြင်းကို မရရှိ၊ လာမည့်​လောက၌လည်း မရရှိ။

၁၉ ထိုမှတစ်ဖန်၊ ငါဆိုသည်ကား၊ သင်သည် လူ့အသက်ကို မသတ်ရ။ သို့ရာတွင်၊ လူ့အသက်ကို သတ်သောသူသည် သေရမည်။

၂၀ သင်သည် သူ့ဥစ္စာကို မခိုးရ။ သူ့ဥစ္စာကို​ခိုးပြီး၊ နောင်တမရသော​သူသည် နှင်ထုတ်​ခံရမည်။

၂၁ သင်သည် မုသား​မပြောရ။ မုသား​ပြောပြီး၊ နောင်တမရသော​သူသည် နှင်ထုတ်​ခံရမည်။

၂၂ သင်သည် သင့်ဇနီးကို သင်၏​စိတ်နှလုံး​အကြွင်းမဲ့ဖြင့် ချစ်ရမည်။ သူမ၌စွဲမြဲရမည်၊ အခြား​အဘယ်​သူ၌မျှ မစွဲမြဲရ။

၂၃ မိန်းမ​တစ်ဦးကို တပ်မက်သော​စိတ်နှင့် ကြည့်ရှုသော​သူသည် ယုံကြည်ခြင်းကို ငြင်းဆို​လိမ့်မည်။ ဝိညာဉ်တော်ကို ရရှိ​လိမ့်မည်​မဟုတ်။ ထိုသူသည် နောင်တရခြင်း​မရှိလျှင်၊ နှင်ထုတ်​ခံရမည်။

၂၄ သင်သည် သူ့သားမယားအားပြစ်မှားခြင်း​ကို မကျူးလွန်ရ။ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်ပြီး၊ နောင်တရခြင်း​မရှိသော​သူသည် နှင်ထုတ်​ခံရမည်။

၂၅ သို့ရာတွင်၊ သူ့သားမယားအားပြစ်မှားခြင်း​ကို ကျူးလွန်ပြီး၊ မိမိစိတ်နှလုံး​အကြွင်းမဲ့ဖြင့် နောင်တရလျက်၊ ထိုအမှုကို စွန့်ပစ်၍၊ မပြုတော့သောသူကို သင်ခွင့်လွှတ်​ရမည်။

၂၆ သို့ရာတွင်၊ ထိုသူသည် တစ်ဖန်​ပြုလျှင်၊ အပြစ်​လွှတ်ခြင်း​မခံရ၊ နှင်ထုတ်ခြင်းသာ ခံရမည်။

၂၇ သင်သည် ကိုယ်နှင့်​စပ်ဆိုင်သူ​အကြောင်း မကောင်း​မပြောရ၊ ထိခိုက်ခြင်း​တစ်စုံ​တစ်ခုကိုမျှ မပြုရ။

၂၈ ဤအရာတို့နှင့်​စပ်လျဉ်းသည့် ငါ၏​ဥပဒေများကို ငါ၏​ကျမ်းစာများ၌ ဖော်ပြ​ထားကြောင်း သင်သိ၏။ အပြစ်​ပြု၍၊ နောင်တရခြင်း​မရှိသော​သူသည် နှင်ထုတ်​ခံရမည်။

၂၉ သင်သည် ငါ့ကို​ချစ်လျှင်၊ ငါ့ကို အစေ​ခံလျက်၊ ငါ၏​ပညတ်တော်​အပေါင်းကို စောင့်ထိန်း​ရမည်။

၃၀ ရှုဦးလော့၊ သင်သည် ဆင်းရဲသားများကို အောက်မေ့​လိမ့်မည်။ သူတို့၏​အထောက်​အမ​အတွက် သင်မျှ၍​ပေးလေသည့် သင်၏​ဥစ္စာ​ပစ္စည်းများကို မချိုးဖောက်​နိုင်သော​ပဋိညာဉ်နှင့် စာချုပ်​စာတမ်းဖြင့် ဆက်ကပ်​လိမ့်မည်။

၃၁ သင်သည် သင်၏​ဥစ္စာကို ဆင်းရဲသားတို့အား မျှ၍​ပေးသမျှ၊ ထိုအမှုကို ငါ့ထံသို့ ပြုလိမ့်မည်။ ထိုအရာတို့ကို ငါ့အသင်းတော်၏​သင်းအုပ်နှင့် သူ၏​တိုင်ပင်ဖက်များ​အဖြစ် သူခန့်အပ်မည့် သို့မဟုတ် ခန့်အပ်လေပြီး၊ ရွေးထားလေသည့် အသင်း​လူကြီး​နှစ်ဦး၊ သို့မဟုတ် ယဇ်ပုရောဟိတ်မင်းများ​ရှေ့မှာ ချထားရမည်။

၃၂ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ထိုအရာတို့ကို ငါ့အသင်းတော်၏​သင်းအုပ်​ရှေ့မှာ ချထား​ပြီးနောက်၊ ငါ့အသင်းတော်၏​ဥစ္စာ​ပစ္စည်းများ​ဆက်ကပ်ခြင်းနှင့်​စပ်လျဉ်း၍၊ ငါ၏​ပညတ်တော်များ​အတိုင်းပင်၊ အသင်းတော်​ထံမှ ယူမသွားနိုင်သည့်​အကြောင်း ဤသက်သေခံချက်များကို သူလက်ခံ​ရရှိလေ​ပြီးနောက်၊ လူတိုင်းကို ငါ့အဖို့ တာဝန်​ရှိစေမည်၊ မိမိကိုယ်တိုင်၏​ဥစ္စာ​ပစ္စည်း​အပေါ် တာဝန်ခံ​ဖြစ်စေမည်၊ သို့မဟုတ် ဆက်ကပ်ခြင်း​အားဖြင့် လက်ခံ​ရရှိ​လေသည့် အရာကို သူကိုယ်တိုင်နှင့် မိသားစု​အတွက် လုံလောက်​စေမည်။

၃၃ ထိုမှ​တစ်ဖန်၊ အသင်းတော်၏​လက်၌၊ သို့မဟုတ် တစ်စုံ​တစ်ဦး၏​လက်၌ ဤပထမ​ဆက်ကပ်ခြင်း​ပြီးသည့်နောက် သူတို့၏​အထောက်​အမ​အတွက်​လိုအပ်သည်ထက် ပိုသော​ဥစ္စာ​ပစ္စည်းများ​ရှိလျှင်၊ ထိုအရာသည် သင်းအုပ်​ထံသို့ ဆက်ကပ်​ရမည့် ကြွင်းသော​အရာ​ဖြစ်၏။ မရှိသော​သူများကို အချိန်နှင့်​အမျှ ကူညီ​ထောက်မခြင်းငှာ ထိုအရာကို သိမ်းဆည်းထား​ရမည်။ လိုအပ်မှု​ရှိသော​လူတိုင်း အလို​ဆန္ဒ​အတိုင်း ပြည့်စုံစွာ​ထောက်ပံ့ခံရ​နိုင်စေခြင်းငှာ​ပေတည်း။

၃၄ ထို့ကြောင့်၊ ကြွင်းသော​အရာကို ငါ၏​ဘဏ္ဍာတိုက်​ထဲမှာ သိမ်းဆည်း​ထားရမည်။ အသင်းတော်၏​အတိုင်ပင်ခံမင်း​အဖွဲ့၊ သင်းအုပ်နှင့် သူ၏​အတိုင်ပင်ခံ​အဖွဲ့​လမ်းညွှန်သည့်​အတိုင်း ဆင်းရဲသားများနှင့် ချို့တဲ့သော​သူများကို ကူညီ​ထောက်မခြင်းငှာ​ဖြစ်၏။

၃၅ အသင်းတော်၏​အများ​အကျိုး​အတွက် မြေများ​ဝယ်ခြင်း​အတွက်၊ ကိုးကွယ်ရာ​အိမ်များ​ဆောက်ခြင်း၊ နောင်ကာလ၌​ဖော်ပြမည့် ယေရုရှလင်​မြို့သစ်​တည်ဆောက်ခြင်း​အတွက်လည်း​ဖြစ်၏—

၃၆ ငါ၏​ဗိမာန်တော်သို့ ငါကြွလာတော်မူမည့်​နေ့၌ ငါ၏​ပဋိညာဉ်ခံ​လူမျိုးတို့ တစ်စု​တစ်ပေါင်းတည်း ရှိနိုင်ကြ​စေခြင်းငှာ​ဖြစ်၏။ ဤသို့ငါပြုသည်မှာ၊ ငါ့လူမျိုးတို့၏​ကယ်တင်ခြင်း​အတွက်​ဖြစ်၏။

၃၇ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ အပြစ်​ပြုပြီး၊ နောင်တရခြင်း​မရှိသော​သူသည် အသင်းတော်မှ နှင်ထုတ်​ခံရမည်။ ငါ့အသင်းတော်၏ ဆင်းရဲသားများနှင့် ချို့တဲ့သော​သူများအဖို့၊ တစ်နည်းအားဖြင့် ငါ့အဖို့ သူဆက်ကပ်လေသော​အရာကို တစ်ဖန်​ပြန်လည် ရရှိ​လိမ့်မည်​မဟုတ်—

၃၈ အကြောင်းမူကား၊ သင်တို့သည် ဤသူတို့​အထဲမှ အငယ်ဆုံးသော​သူအား ပြုကြသမျှကို ငါ့အား ပြုကြပေ၏။

၃၉ အကြောင်းမူကား၊ အချိန်တန်​လာလတ္တံ့သော​အခါ၊ ငါ့ပရောဖက်တို့၏​နှုတ်အားဖြင့် ဟောပြောသော​အရာကို ပြီးပြည့်စုံ​စေလိမ့်မည်။ တပါးအမျိုးသားတို့၌ ငါ၏​ဧဝံဂေလိ​တရားတော်ကို လှိုက်လှိုက်​လှဲလှဲ​လက်ခံကြသူတို့၏ စည်းစိမ်​ဥစ္စာများကို ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့၏​ဆင်းရဲသားများ​အဖို့ ငါရည်စူးတော်မူမည်။

၄၀ ထိုမှ​တစ်ဖန်၊ သင်တို့​စိတ်နှလုံး၌ မာန​မကြီးရ။ သင်တို့၏ ခပ်သိမ်းသော​အဝတ်တန်ဆာများကို ရိုးရှင်း​စေလော့၊ ၎င်းတို့၏​အလှကိုလည်း သင်တို့လက်နှင့်​လုပ်သော အလှ​ဖြစ်စေလော့။

၄၁ ခပ်သိမ်းသော​အရာတို့ကိုလည်း ငါ့ရှေ့၌ သန့်ရှင်းခြင်းဖြင့် ဆောင်ရွက်​စေလော့။

၄၂ သင်တို့သည် မပျင်းရိရ။ အကြောင်းမူကား၊ ပျင်းရိသော​သူသည် အလုပ်​လုပ်သော​သူတို့၏​အရာ​ဖြစ်သည့်​မုန့်ကို မစားရ။ အဝတ်တန်ဆာများကိုလည်း​မဝတ်ရ။

၄၃ သင်တို့၌ ဖျားနာ၍၊ အနာကင်း​စေမည့်​အကြောင်း ယုံကြည်ခြင်း​မရှိ၊ သို့ရာတွင် ယုံကြည်သောသူ​မှန်သမျှကို နူးညံ့ခြင်း​အပေါင်းနှင့်၊ ဆေးဖက်ဝင်​အပင်နှင့် အစာ​ပျော့ပျော့တို့ဖြင့် အားဖြည့်​စေလော့။ ရန်သူ၏​လက်အားဖြင့် မပြုစေနှင့်။

၄၄ အသင်းတော်၏​အသင်း​လူကြီး​နှစ်ဦး​သို့မဟုတ် နှစ်ဦးထက်​ပိုသောသူများကို ခေါ်ရမည်။ ဆုတောင်း၍၊ ငါ၏​နာမတော်​အားဖြင့် ထိုသူတို့​အပေါ် လက်ကို​တင်ကြရမည်။ ထိုသူတို့သည် သေလျှင် ငါ့အဖို့​သေကြ​လိမ့်မည်။ အသက်ရှင်လျှင်၊ ငါ့အဖို့ အသက်ရှင်ကြ​လိမ့်မည်။

၄၅ သင်တို့သည် ချစ်ခြင်းဖြင့် အတူတကွ​နေထိုင်​ကြလော့။ သေ၍ ဆုံးရှုံးရသော​သူများအတွက်၊ အထူးသဖြင့်၊ အသရေ​ထင်ရှားသော​ရှင်ပြန်ထမြောက်ခြင်းသို့ မျှော်လင့်ခြင်း​မရှိသောသူများ​အတွက် ငိုကြွေးကြလော့။

၄၆ ဤသို့အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ငါ့၌ သေသော​သူတို့သည် သေခြင်းကို မတွေ့​ကြုံရ။ အကြောင်းမူကား၊ ထိုအရာသည် သူတို့​အဖို့ ချိုမြိန်​လိမ့်မည်။

၄၇ ငါ့၌​သေခြင်း မရှိသော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သူတို့၏​သေခြင်းသည် ခါး၏။

၄၈ ထိုမှ​တစ်ဖန်၊ အချိန်တန်​လာလတ္တံ့​သောအခါ၊ ငါ့ကို ယုံကြည်ခြင်း​ရှိသော​သူသည် အနာကင်း​စေရ၏။ သေခြင်းသို့ စီရင်ခြင်း​မခံရ။ အနာကင်း​စေရ​လိမ့်မည်။

၄၉ မြင်ရဖို့​ယုံကြည်ခြင်း​ရှိသော​သူသည် မြင်ရ​လိမ့်မည်။

၅၀ ကြားနာရဖို့ ယုံကြည်ခြင်း​ရှိသော​သူသည် ကြားနာရ​လိမ့်မည်။

၅၁ ထခုန်ဖို့​ယုံကြည်ခြင်း​ရှိသည့် ခြေမစွမ်းသော​သူသည် ထခုန်​လိမ့်မည်။

၅၂ ဤအမှု​များကို ပြုဖို့ ယုံကြည်ခြင်း​မရှိကြသော်လည်း ငါ့ကို ယုံကြည်သော​သူတို့သည် ငါ၏​သားများ​ဖြစ်လာဖို့ တန်ခိုး​ရှိကြ၏။ သူတို့သည် ငါ၏​ဥပဒေများကို မချိုးဖောက်​သမျှ၊ သင်တို့သည် သူတို့၏​ဖျားနာခြင်းများကို သည်းခံကြ​ရမည်။

၅၃ သင်တို့သည် မိမိတို့တာဝန်ခံ​အရာ နေရာ၌ ရပ်တည်​ကြလော့။

၅၄ သင်တို့သည် သင်တို့​ညီအစ်ကို၏​အဝတ်တန်ဆာကို မယူရ။ သင်တို့၏​ညီအစ်ကိုထံမှ ရရှိသော​အရာ​အတွက် သင်တို့​အခပေး​ရမည်။

၅၅ သင်တို့သည် သင်တို့​အထောက်​အမ​အတွက်ထက်​ပို၍​ရရှိလျှင်၊ ငါ၏​ဘဏ္ဍာတိုက်​ထဲသို့ ထည့်ရမည်။ ခပ်သိမ်းသော​အရာတို့ကို ငါမိန့်တော်မူ​လေသည့်​အတိုင်း ပြီးမြောက်​နိုင်စေခြင်းငှာ​ဖြစ်၏။

၅၆ သင်တို့​တောင်းကြလော့။ ငါစီရင်​ထားလေသည့်​အတိုင်း ငါ၏​ကျမ်းစာများကို ဖော်ပြ​လိမ့်မည်။ ထိုအရာတို့ကို လုံခြုံစွာ ထိန်းသိမ်း​စောင့်ရှောက်​ရမည်။

၅၇ သင်တို့သည် ထိုအရာတို့နှင့်စပ်လျဉ်း၍ တိတ်ဆိတ်စွာ​နေဖို့ လိုအပ်၏။ ထိုအရာတို့ကို သင်တို့ ပြည့်စုံစွာ​မရရှိမီ မသွန်သင်နှင့်။

၅၈ ထို့နောက်တွင်၊ ငါသည် သင်တို့ထိုအရာတို့ကို လူသား​အပေါင်းတို့အား သွန်သင်ရမည့် အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။ အကြောင်းမူကား၊ ထိုအရာတို့ကို ခပ်သိမ်းသော​ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို ပြောသူနှင့် လူမျိုးတို့အား သွန်သင်​လိမ့်မည်။

၅၉ ဥပဒေ​အဖြစ် ငါ၏​ကျမ်းစာများ၌ သင်တို့ကို ဖော်ပြထား​လေသည့်​အရာတည်း​ဟူသော သင်တို့​ရရှိလေသည့်​အရာများအား၊ ငါ၏​အသင်းတော်ကို အုပ်ချုပ်ဖို့ ငါ၏​ဥပဒေအဖြစ် သင်တို့​လက်ခံ​ရမည်။

၆၀ ဤအရာတို့​အတိုင်း လုပ်ဆောင်သော​သူသည် ကယ်တင်ခြင်းသို့ ရောက်​လိမ့်မည်။ လုပ်ဆောင်ခြင်း​မရှိဘဲ၊ အထက်က​အတိုင်း ဆက်၍​ပြုလျှင်၊ အပြစ်​စီရင်​ခံရ​လိမ့်မည်။

၆၁ သင်တို့သည် တောင်းကြလျှင်—​ဝမ်းမြောက်ခြင်းကို ဖြစ်စေသည့်၊ အသက်​ထာဝရ​ရှင်ရာကို ဖြစ်စေသည့်​အရာများ​တည်းဟူသော နက်နဲခြင်းများနှင့် ငြိမ်းချမ်းသော​အရာများကို သိနိုင်​စေကြောင်း ဗျာဒိတ်တော်​အပေါ် ဗျာဒိတ်တော်ကို ထပ်၍၊ အသိဉာဏ်​အပေါ် အသိဉာဏ်ကို ထပ်၍ လက်ခံ​ရရှိ​လိမ့်မည်။

၆၂ သင်တို့​တောင်းကြလော့၊ ယေရုရှလင်​မြို့သစ်ကို တည်ဆောက်မည့်​နေရာတွင်၊ ငါ၏​ကာလ​အချိန်တန်​သောအခါ၊ သင်တို့ထံ ဖော်ပြတော်မူ​လိမ့်မည်။

၆၃ ရှုဦးလော့၊ အချိန်တန်​လာလတ္တံ့​သောအခါ၊ ငါ့ကျွန်များကို အရှေ့နှင့် အနောက်သို့​လည်းကောင်း၊ တောင်နှင့် မြောက်သို့​လည်းကောင်း စေလွှတ်တော်မူမည်။

၆၄ ယခုမှာပင်၊ အရှေ့သို့​သွားသော​သူအား သူသွန်သင်၍ ပြောင်းလဲမည့်​သူများကို အနောက်သို့ ထွက်ပြေး​စေလော့။ ဤအမှုသည်ကား၊ မြေကြီး​ပေါ်ကျရောက်​လာနေသည့်​အရာနှင့် လျှို့ဝှက်သော​အသင်း​အဖွဲ့များကြောင့်​ဖြစ်၏။

၆၅ ရှုလော့၊ သင်တို့သည် ခပ်သိမ်းသော​ဤအရာတို့ကို ကျင့်စောင့်​ကြလော့။ သင်တို့၏​အကျိုး​ကျေးဇူးမှာ ကြီးမားလှပေစွ​တကား။ အကြောင်းမူကား၊ သင်တို့အား နိုင်ငံတော်၏​နက်နဲသော​အရာတို့ကို သိစေရန် အခွင့်​ပေးထား၏၊ သို့ရာတွင်၊ လောကအား ထိုအရာတို့ကို သိစေရန် အခွင့်​ပေးမထားပေ။

၆၆ သင်တို့သည် လက်ခံ​ရရှိသည့် ဥပဒေကို ကျင့်စောင့်၍၊ သစ္စာ​ရှိကြလော့။

၆၇ သင်တို့သည် နောင်ကာလတွင် အသင်းတော်​ပဋိညာဉ်များကို လက်ခံ​ရရှိကြ​လိမ့်မည်။ ထိုကဲ့သို့သော​အရာများမှာ ဤအရပ်နှင့် ယေရုရှလင်​မြို့သစ်​နှစ်ခုစလုံး၌ သင်တို့​တည်ဆောက်ဖို့ လုံလောက်​လိမ့်မည်။

၆၈ ထို့ကြောင့်၊ ဉာဏ်ပညာ​လိုသောသူအား၊ ငါ့ထံသို့ တောင်း​စေလော့၊ ငါသည် ထိုသူအား စေတနာစိတ်နှင့် ပေးတော်မူမည်၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို မပြု။

၆၉ စိတ်နှလုံး​ရွှင်လန်း​အားရလျက်၊ ရွှင်လန်း​ဝမ်းမြောက်​ကြလော့၊ အကြောင်းမူကား၊ နိုင်ငံတော်သည် သင်တို့​အဖို့​ဖြစ်၏၊ တစ်နည်း​အားဖြင့်၊ အသင်းတော်၏​သော့များကို ပေးထား​လေပြီ။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၇၀ ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် အသင်းသားများ​ကဲ့သို့ပင် မိမိတို့တာဝန်ခံ​အရာကို ရရှိကြ​လိမ့်မည်။

၇၁ ခပ်သိမ်းသော​အရာတို့၌ သင်းအုပ်ကို ကူညီဖို့ တိုင်ပင်ဖက်များ​အဖြစ် ခန့်အပ်​ထားသည့် အသင်း​လူကြီးများ သို့မဟုတ် ယဇ်ပုရောဟိတ်မင်းများသည် ဆင်းရဲသားတို့​အကျိုးအ​တွက်၊ ထို့အတူ၊ အခြား​ရည်ရွယ်ချက်များ​အတွက်၊ အထက်က​ဖော်ပြခဲ့သည့်​အတိုင်း သင်းအုပ်ထံ ဆက်ကပ်​ထားသည့် ဥစ္စာ​ပစ္စည်းများဖြင့် မိမိတို့​မိသားစုများအား ထောက်မခြင်းကို ရရှိ​ရမည်။

၇၂ သို့မဟုတ်၊ သူတို့သည် မိမိတို့၏​ခပ်သိမ်းသော အစေခံခြင်းများ​အတွက် မျှတသော​အခကြေးငွေကို တာဝန်ခံအရာ​အားဖြင့်​ဖြစ်စေ၊ သို့မဟုတ်လျှင်၊ အကောင်းဆုံးဟု မှတ်ယူသည့်​အတိုင်း သို့မဟုတ် တိုင်ပင်ဖက်များနှင့် သင်းအုပ်တို့​ဆုံးဖြတ်သည့်​အတိုင်း ရရှိစေ​ရမည်။

၇၃ သင်းအုပ်သည်လည်း အသင်းတော်၌ သူ၏​ခပ်သိမ်းသော​အစေခံခြင်းများ​အတွက်၊ မိမိ​အထောက်အမကို၊ သို့မဟုတ် မျှတသော​အခကြေးငွေကို ရရှိ​ရမည်။

၇၄ ရှုလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ သင်တို့ ၌ အဘယ်​သူပင်​ဖြစ်စေ၊ မိမိ​အပေါင်း​အဖော်ကို မတရားသော​မေထုန်​အကြောင်းကြောင့် ကွာ၍၊ တစ်နည်း​အားဖြင့်၊ သူတို့သည် သင့်ရှေ့၌ စိတ်နှလုံး​နှိမ့်ချခြင်းနှင့်​သက်သေခံလျှင်၊ သင်တို့သည် ထိုသူတို့ကို သင်တို့​အထဲမှ နှင်မထုတ်ရ။

၇၅ သို့ရာတွင်၊ သင်တို့သည် အဘယ်​သူပင်ဖြစ်စေ မိမိ​အပေါင်း​အဖော်ကို သူ့သားမယားအား ပြစ်မှားခြင်းကြောင့် ချန်ထားပြီး၊ သူတို့ကိုယ်တိုင်​ပြစ်မှားသော​သူများ​ဖြစ်လျက်၊ သူတို့၏​အပေါင်း​အဖော်​အသက်ရှင်လျက်​ရှိကြောင်း တွေ့ရလျှင်၊ ထိုသူတို့ကို သင်တို့​အထဲမှ နှင်ထုတ်​ရမည်။

၇၆ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ အိမ်ထောင်ဖက်​ပြုထားလျှင်၊ ထိုကဲ့သို့​သောသူ အဘယ်​သူ့ကိုမျှ သင့်တို့​အထဲ၌ လက်မခံ​စေကြောင်း အလုံးစုံသော​မေးမြန်းခြင်းဖြင့် စောင့်ကြည့်၍ ဂရုစိုက်​ရမည်။

၇၇ သူတို့သည် အိမ်ထောင်ဖက်​ပြုမထားလျှင်၊ သူတို့၏​ခပ်သိမ်းသော​အပြစ်များမှ နောင်တရကြ​ရမည်၊ သို့မဟုတ်လျှင် သင်တို့သည် သူတို့ကို လက်မခံရ။

၇၈ ထိုမှတစ်ဖန်၊ ခရစ်တော်၏​ဤအသင်းတော်​အသင်းဝင်​ဖြစ်သူတိုင်းသည် အသင်းတော်၏ ခပ်သိမ်းသော​ပညတ်တော်များနှင့် ပဋိညာဉ်များကို စောင့်ထိန်းဖို့ အားထုတ်​ရမည်။

၇၉ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ သင်တို့၌ အဘယ်သူပင်​ဖြစ်စေ၊ လူအသက်ကို သတ်လျှင်၊ လွှဲအပ်၍ ပြည်၏​ဥပဒေ​အတိုင်း စီရင်​ခံရမည်။ အကြောင်းမူကား၊ ထိုသူသည် အပြစ်​လွှတ်ခြင်းကို မရရှိကြောင်း သတိရ​ကြလော့။ ပြည်၏​ဥပဒေ​အတိုင်း အတည်ပြုခံရ​လိမ့်မည်။

၈၀ အဘယ်​ယောက်ျား​သို့မဟုတ်၊ မိန်းမဖြစ်စေ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်လျှင်၊ သူသို့မဟုတ် သူမသည် အသင်းတော်၏​အသင်း​လူကြီး​နှစ်ဦး သို့မဟုတ် ထို့ထက်​ပိုသော​သူများ ရှေ့မှာ စစ်ဆေး​ခံရမည်။ ထိုသူ သို့မဟုတ် သူမ​တစ်ဖက်၌ စကားလုံးတိုင်းကို အသင်းတော်၏​သက်သေ​နှစ်ဦး​အားဖြင့် တည်စေ​ရမည်။ ရန်သူ၏​သက်သေ​အားဖြင့် မဟုတ်ရ။ သို့ရာတွင်၊ သက်သေ​နှစ်ဦးထက်​ပိုလျှင်၊ သာ၍​ကောင်း၏။

၈၁ သို့ရာတွင်၊ သူ​သို့မဟုတ် သူမသည် သက်သေ​နှစ်ဦး၏​နှုတ်အားဖြင့်၊ ပြစ်ဒဏ်​ချမှတ်​ခံရမည်။ အသင်း​လူကြီးတို့သည်လည်း ထိုအမှုကို အသင်းတော်​ရှေ့မှာ ချပြ​ရမည်။ အသင်းတော်သည်လည်း ထိုသူ​သို့မဟုတ် သူမ​တစ်ဖက်၌ မိမိတို့​လက်ကို ချီရမည်။ ထိုသူတို့အား ဘုရားသခင်၏​ဥပဒေ​အတိုင်း စီရင်​ခံရစေခြင်းငှာ​ပေတည်း။

၈၂ ဖြစ်နိုင်လျှင်၊ သင်းအုပ်သည်လည်း ရှိဖို့​လိုအပ်၏။

၈၃ သင်တို့ရှေ့သို့ ရောက်လာမည့် ခပ်သိမ်းသော​အမှုများကို ထိုကဲ့သို့​အားဖြင့် သင်တို့​ဆောင်ရွက်​ရမည်။

၈၄ ယောက်ျား​သို့မဟုတ် မိန်းမ​တစ်ဦးသည် လုယူလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏​ဥပဒေသို့ လွှဲအပ်​ခံရမည်။

၈၅ ထိုသူ သို့မဟုတ် သူမသည် သူ့ဥစ္စာကို ခိုးယူလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏​ဥပဒေသို့ လွှဲအပ်​ခံရမည်။

၈၆ ထိုသူ သို့မဟုတ် သူမသည် မုသားပြောလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏​ဥပဒေသို့ လွှဲအပ်​ခံရမည်။

၈၇ ထိုသူ သို့မဟုတ် သူမသည် အဘယ်သို့သော​ဒုစရိုက်ကို ပြုသည်​ဖြစ်စေ၊ ထိုသူ သို့မဟုတ် သူမသည် ပြည်၏​ဥပဒေသို့၊ ဘုရားသခင်၏​ဥပဒေသို့ပင် လွှဲအပ်​ခံရမည်။

၈၈ သင်တို့၏​ညီအစ်ကို သို့မဟုတ် ညီအစ်မသည် သင်တို့ကို ပြစ်မှားလျှင်၊ သင်တို့သည် ထိုသူ​သို့မဟုတ် သူမနှင့် နှစ်ယောက်တည်းချင်း​တွေ့ရမည်။ ထိုသူ​သို့မဟုတ် သူမသည် ဝန်ခံလျှင်၊ သင်တို့​မိတ်သဟာယ​ဖွဲ့ရမည်။

၈၉ ထိုသူ​သို့မဟုတ် သူမသည် ဝန်ခံခြင်း​မရှိလျှင်၊ သင်တို့သည် ထိုသူ သို့မဟုတ် သူမကို အသင်းတော်​ထံသို့ လွှဲအပ်​ရမည်။ အသင်းသားများ​ထံသို့​မဟုတ်ဘဲ အသင်း​လူကြီးများ​ထံသို့ လွှဲအပ်​ရမည်။ ထိုအမှုကို အစည်းအဝေး၌ ဆောင်ရွက်​ရမည်။ လောကီရှေ့၌ မဆောင်ရွက်ရ။

၉၀ သင်တို့၏​ညီအစ်ကို သို့မဟုတ် ညီအစ်မသည် များစွာသော​သူတို့ကို ပြစ်မှားလျှင်၊ ထိုသူ​သို့မဟုတ် သူမသည် များစွာသော​သူတို့​ရှေ့၌​ဆုံးမ​ခံရမည်။

၉၁ တစ်စုံတစ်ယောက်သည် ထင်ရှားစွာ​ပြစ်မှားလျှင်၊ ထိုသူ သို့မဟုတ် သူမသည် ထင်ရှားစွာ ဆုံးမ​ခံရမည်၊ ထိုသူ သို့မဟုတ် သူမ ရှက်ကြောက်​စေခြင်းငှာ​ဖြစ်၏။ ထိုသူ သို့မဟုတ် သူမသည် ဝန်ခံခြင်း​မရှိလျှင်၊ ဘုရားသခင်၏​ဥပဒေသို့ လွှဲအပ်​ခံရမည်။

၉၂ တစ်စုံတစ်ယောက်သည် တိတ်ဆိတ်စွာ​ပြစ်မှားလျှင်၊ ထိုသူ သို့မဟုတ် သူမသည် တိတ်ဆိတ်စွာ​ဆုံးမ​ခံရမည်။ ထိုသူ သို့မဟုတ် သူမ ပြစ်မှားလေ​ခဲ့သည့် သူသို့မဟုတ် သူမထံသို့၊ ထို့အတူ၊ ဘုရားသခင်​ထံသို့ တိတ်ဆိတ်စွာ​ဝန်ခံဖို့ အခွင့်ရနိုင်​စေကြောင်း၊ အသင်းတော်က ထိုသူ​သို့မဟုတ် သူမ​အကြောင်း​အပြစ်​တင်၍​မပြောဆိုနိုင်​စေကြောင်း​ပေတည်း။

၉၃ သင်တို့သည် ခပ်သိမ်းသော​အရာတို့၌ ထိုကဲ့သို့​အားဖြင့် စီမံ​ဆောင်ရွက်​ရမည်။