ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၃


အပိုဒ်ငယ် ၄၃

၁၈၃၁ ခု၊ ဖေဖော်ဝါရီလတွင်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင်၊ အသင်းတော်၏​အသင်းသား​အချို့သည် ဗျာဒိတ်​ဟောသူများ​အဖြစ် မှားယွင်းစွာ​ဆိုကြသော လူတို့ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်ကြ​ရ၏။ ပရောဖက်သည်​ကိုယ်တော်ရှင်​ထံသို့​မေးလျှောက်၍ အသင်းတော်၏​အသင်း​လူကြီးများသို့ ရည်ညွှန်းသည့် ဤစကားကို ရရှိ​ခဲ့၏။ ပထမပိုင်းသည် အသင်းတော်မူဝါဒကိစ္စများနှင့် စပ်ဆိုင်၏။ နောက်ပိုင်း၌ အသင်း​လူကြီးများ မြေကြီး​ပေါ်ရှိ​ပြည်သားတို့ကို ဟောပြော​ရမည့်​အကြောင်း သတိပေးခြင်း​ပါဝင်၏။

၁–၇၊ ဗျာဒိတ်တော်များနှင့်ပညတ်တော်များသည် ခန့်အပ်​ထားသော​သူများ​အားဖြင့်သာ ရောက်လာ၏။ ၈–၁၄၊ သန့်ရှင်းသူများသည် ကိုယ်တော်ရှင်ရှေ့၌ အလုံးစုံသော​သန့်ရှင်းခြင်းဖြင့် ပြုမူခြင်း​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေကြ၏။ ၁၅–၂၂၊ နောင်တရခြင်းကို ဟစ်ကြော်ရန်နှင့် လူတို့အား ကိုယ်တော်ရှင်၏​ကြီးစွာသောနေ့​အတွက်​ပြင်ဆင်ရန် အသင်း​လူကြီးများကို စေလွှတ်၏။ ၂၃–၂၈၊ ကိုယ်တော်ရှင်သည် လူတို့ကို သူကိုယ်တိုင်၏​အသံနှင့် လောကဓာတ်၏​အင်အားများဖြင့် ခေါ်တော်မူ၏။ ၂၉–၃၅၊ အနှစ်​တစ်ထောင်​ကာလနှင့် စာတန်ကို​ချုပ်နှောင်ခြင်း ရောက်လာ​လိမ့်မည်။

အို ငါ၏​အသင်းတော်မှ အသင်အသင်း​လူကြီးတို့၊ စေ့စေ့နားထောင်​ကြလော့၊ သင်တို့ကို ငါဟောပြောမည့် ငါ၏​နှုတ်ကပတ်တော်တို့ကို နားညောင်း​ကြလော့။

အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့လက်မှ ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို လက်ခံ​ရရှိရန် သင်တို့​အဖို့ ငါခန့်အပ်ထား​လေသောသူ​အားဖြင့်၊ ငါ့အသင်းတော်​အဖို့ ဥပဒေ​အဖြစ် ပညတ်တော်ကို သင်တို့​လက်ခံ​ရရှိ​လေပြီ။

ဤအရာကို သင်တို့​အမှန်​သိကြ​လိမ့်မည်—​အကြင်သူသည် ငါ၌​တည်လျှင်၊ ခေါ်ဆောင်​မခံရမီ ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို လက်ခံ​ရရှိရန် သင်တို့​အဖို့ ခန့်အပ်​ထားသောသူ​အခြား​တစ်ယောက်မျှ​မရှိ။

သို့ရာတွင်၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ထိုသူ​အားဖြင့်​မှတစ်ပါး၊ အခြား​အဘယ်​သူ့ကိုမျှ ဤဆုကျေးဇူး​အဖို့ ခန့်အပ်​လိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ ထိုသူ​ထံမှ​ဖယ်ရှားလျှင်၊ သူ့နေရာ၌ အခြားသူ​တစ်ဦးကို ခန့်အပ်ဖို့​မှတစ်ပါး၊ သူ့၌ အခွင့်​ရှိလိမ့်မည်​မဟုတ်။

သင်တို့အဖို့ ဥပဒေ​တစ်ခု​အဖြစ်​ရှိရမည့် ဤအရာ​သည်ကား၊ သင်တို့​ရှေ့သို့ ဗျာဒိတ်တော်များ​သို့မဟုတ် ပညတ်တော်များ​အဖြစ်​ရောက်လာမည့် အဘယ်​သူ၏​သွန်သင်ချက်​ကိုမျှ သင်တို့​လက်မခံ​ရမည့်​အကြောင်း​ပေတည်း။

ဤသို့ သင်တို့အား ငါဖော်ပြ​သည်မှာ၊ သင်တို့​လှည့်စား​မခံရနိုင်​စေခြင်းငှာနှင့် ၎င်းတို့ ငါ့ထံမှ မဟုတ်ကြောင်း သင်တို့​သိနိုင်ကြ​စေခြင်းငှာ​ဖြစ်၏။

အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ၊ ငါအားဖြင့် ခန့်ထား​ခံရသော​သူသည် တံခါးဝမှ​ဝင်လာ​လိမ့်မည်၊ ငါခန့်အပ်​လေသောသူ​အားဖြင့် သင်တို့​လက်ခံ​ရရှိ​လေသည့်၊ လက်ခံ​ရရှိ​လိမ့်မည့် ဗျာဒိတ်တော်များကို သွန်သင်​စေခြင်းငှာ သင်တို့ကို အထက်က ငါပြော​လေသည့်​အတိုင်း ခန့်အပ်ထား​ခံရ၏။

ယခုမူကား၊ ရှုလော့၊ ငါသည် သင်တို့အား ပညတ်တော်ကို ပေးသည်မှာ၊ သင်တို့​အတူတကွ​စည်းဝေးကြ​သောအခါ၊ တစ်ယောက်ကို​တစ်ယောက် သွန်သင်၍၊ တည်ဆောက်လျက်၊ ငါ၏​အသင်းတော်ကို စီရင်၍ လမ်းညွှန်တတ်​စေခြင်းငှာ၊ ငါပေးထား​လေသည့် ဥပဒေနှင့်​ပညတ်တော် အချက်များကို ကျင့်သုံးတတ်​စေခြင်းငှာ​ပေတည်း။

ထိုကဲ့သို့​အားဖြင့်၊ သင်တို့သည် ငါ့အသင်းတော်၏​ဥပဒေ​အတိုင်း သွန်သင်​ခံရလာပြီး၊ သင်တို့​လက်ခံ​ရရှိ​လေသည့်​အရာ​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေလျက်၊ အလုံးစုံသော​သန့်ရှင်းခြင်းဖြင့်​ပြုမူရန် သင်တို့ကိုယ်​သင်တို့ တာဝန်ခံ​စေ၍—

၁၀ သင်တို့​ဤသို့​ပြုကြသမျှ၊ သင်တို့​လက်ခံ​ရရှိ​လေသည့် နိုင်ငံတော်သို့ ဘုန်းတော်ကို ပေါင်းထည့်​ပေလိမ့်မည်။ သင်တို့​ထိုအမှုကို မပြုကြ​သမျှ၊ သင်တို့​လက်ခံ​ရရှိ​လေသည့်​အရာကိုပင် နုတ်ယူ​လိမ့်မည်။

၁၁ သင်တို့၌​ရှိသည့်​ဒုစရိုက်ကို ပယ်ရှင်းကြလော့။ ငါ့ရှေ့၌ သင်တို့ကိုယ်​သင်တို့ သန့်ရှင်းစင်ကြယ်​စေ​ကြလော့။

၁၂ သင်တို့သည် နိုင်ငံတော်၏​ဘုန်းတော်ကို အလိုရှိ​ကြလျှင်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်ကို ခန့်အပ်​ကြလော့။ ယုံကြည်ခြင်းရှိသော​ဆုတောင်းခြင်း​အားဖြင့်၊ ငါ့ရှေ့၌ သူ့ကို ထောက်ခံ​ကြလော့။

၁၃ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နိုင်ငံတော်၏​နက်နဲခြင်းကို အလိုရှိ​ကြလျှင်၊ သူ့အတွက် စားစရာနှင့်​အဝတ်ကို​လည်းကောင်း၊ သူ့ကို ငါမိန့်တော်မူ​လေသည့်​အမှုတော် ပြီးမြောက်​စေဖို့ သူလိုအပ်သည့်​အရာ​မှန်သမျှကို​လည်းကောင်း ထောက်ပံ့​ကြလော့။

၁၄ သင်တို့သည် ထိုအမှုကို ပြုခြင်း​မရှိလျှင်၊ သူ့ကို​လက်ခံ​လေသော​သူများနှင့် သူဆက်၍​ရှိလိမ့်မည်။ ငါ့ရှေ့၌ စင်ကြယ်သော​လူမျိုးကို ငါကိုယ်တိုင်​အဖို့ ငါသိမ်းထားနိုင်​စေကြောင်း​ပေတည်း။

၁၅ တစ်ဖန်​ငါဆိုသည်ကား၊ ငါခန့်အပ်​လေသူများ​တည်းဟူသော ငါ့အသင်းတော်မှ အသင်း​လူကြီးတို့၊ စေ့စေ့နားထောင်​ကြလော့။ သင်တို့ကို သွန်သင်​ခံရစေခြင်းငှာ စေလွှတ်​ထားသည်​မဟုတ်၊ ငါ့ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် သင်တို့​လက်ထဲသို့ ငါထည့်ထား​လေသည့်​အရာများကို လူသားတို့အား သွန်သင်​စေခြင်းငှာသာ​ဖြစ်၏။

၁၆ သင်တို့သည် အထက်မှ​သွန်သင်သည်ကို ခံရကြမည်။ သင်တို့ကိုယ်​သင်တို့ သန့်ရှင်းစေကြလော့၊ တန်ခိုးနှင့် အပ်နှင်း​ခံရကြ​လိမ့်မည်။ ငါဟောပြော​လေသကဲ့သို့ပင် သင်တို့​ရှင်းပြနိုင်​စေခြင်းငှာ​ပေတည်း။

၁၇ သင်တို့ စေ့စေ့နားထောင်​ကြလော့၊ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏​ကြီးစွာသော​နေ့သည် နီးကပ်​လာပေပြီ။

၁၈ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ကောင်းကင်ဘုံမှ သူ့အသံကို လွှင့်တော်မူ​လိမ့်မည်။ ကောင်းကင်လှုပ်၍ မြေကြီး​တုန်လိမ့်မည်။ ဘုရားသခင်၏​တံပိုးတော်သည် ကြာကြာနှင့် ကျယ်ကျယ်​မြည်လိမ့်မည်၊ အိပ်ပျော်နေသော​ပြည်သားတို့​ကိုလည်း အသင်​သန့်ရှင်းသူတို့ ထ၍​အသက်ရှင်​ကြလော့၊ အသင်​အပြစ်သားတို့ ငါတစ်ဖန်​ခေါ်သည့်​တိုင်အောင် ဖင့်နွှဲ၍ အိပ်ပျော်​ကြလော့ဟု မိန့်တော်မူ​လိမ့်မည်။

၁၉ သို့ဖြစ်၍၊ သင်တို့ကို ဆိုးညစ်သော​သူတို့ ၌ မတွေ့ရ​စေခြင်းငှာ၊ သင်တို့၏​ခါးကို စည်းကြလော့။

၂၀ သင်တို့၏​အသံကို မြှင့်ကြလော့၊ လျော့ရဲခြင်း​မရှိနှင့်။ ပြည်သားများ​ဖြစ်သည့် အသက်ကြီးသူနှင့် အသက်ငယ်သူ​နှစ်မျိုးစလုံး၊ ကျွန်နှင့်​လူလွတ်​နှစ်မျိုးစလုံးတို့အား နောင်တရစေဖို့ တောင်းဆို၍၊ ဆိုရမည်ကား၊ ကိုယ်တော်ရှင်၏​ကြီးစွာသောနေ့​အတွက် သင်တို့ကိုယ်​သင်တို့ ပြင်ဆင်​ကြလော့။

၂၁ အကြောင်းမူကား၊ ငါသည် လူသား​တစ်ဦး​ဖြစ်၍ ကြွေးကြော်လျက်၊ သင်တို့ကို နောင်တရဖို့ တောင်းဆိုလျှင်၊ သင်တို့သည် ငါ့ကို မုန်းကြ၏။ မိုးချုန်းသံက မြေကြီး​စွန်းမှ​နေ၍ အသက်ရှင်သောသူ​အပေါင်းတို့၏​နားသို့ ပြောလျက်—​နောင်တရ​ကြလော့၊ ကိုယ်တော်ရှင်၏ ကြီးစွာသောနေ့​အတွက် ပြင်ဆင်​ကြလော့ဟု အသံကို​လွှင့်သော​ကာလ​ကျရောက်​လာသောအခါ သင်တို့​အဘယ်သို့​ဆိုကြမည်နည်း။

၂၂ ထိုမှ​တစ်ပါး၊ တစ်ဖန်၊ လျှပ်စီးလက်ခြင်းတို့သည် အရှေ့မှ​အနောက်သို့ ပြက်၍၊ အသံကို အသက်ရှင်သောသူ​အပေါင်းတို့ထံ​လွှင့်ပြီး—​သင်တို့ နောင်တရ​ကြလော့၊ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏​ကြီးစွာသောနေ့ ကျရောက်​လာပြီဟု​ဆိုလျက်၊ ကြားနာသောသူ​အပေါင်း၏​နားကို အူစေ​လိမ့်မည်လော။

၂၃ ထိုမှ​တစ်ဖန်၊ ကိုယ်တော်ရှင်သည် ကောင်းကင်ဘုံမှ သူ့အသံကို လွှင့်၍၊ မိန့်တော်မူ​လိမ့်မည်ကား၊ စေ့စေ့နားထောင်ကြလော့၊ အို မြေကြီးပေါ်ရှိ​ပြည်သားတို့၊ သင်တို့ကို ဖန်ဆင်းတော်မူ​ခဲ့သည့် ဘုရားသခင်၏​နှုတ်ကပတ်တော်တို့ကို ကြားနာ​ကြလော့။

၂၄ အို၊ မြေကြီးပေါ်ရှိ အသင်​ပြည်သားတို့၊ ကြက်မသည် မိမိ​သားငယ်တို့ကို အတောင်​အောက်၌ စုရုံး​သကဲ့သို့၊ သင်တို့ကို အကြိမ်ကြိမ်​အတူတကွ​စုရုံး​စေခြင်းငှာ၊ ငါအလိုရှိသော်လည်း၊ သင်တို့မူကား အလို​မရှိကြ။

၂၅ ငါသည် သင်တို့ကို ငါ့ကျွန်တို့၏​နှုတ်ဖြင့်၊ ထို့အတူ၊ ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်းဖြင့်၊ ထို့အတူ၊ ငါကိုယ်တိုင်၏​အသံဖြင့်၊ ထို့အတူ၊ မိုးချုန်းသံဖြင့်၊ ထို့အတူ၊ လျှပ်စီးလက်ခြင်း​အသံဖြင့်၊ ထို့အတူ၊ မိုးသက်​မုန်တိုင်းသံဖြင့်၊ ထို့အတူ၊ မြေကြီး​လှုပ်ခြင်း​အသံဖြင့်၊ ထို့အတူ၊ ကြီးစွာသော​မိုးသီး​မုန်တိုင်းသံဖြင့်၊ ထို့အတူ၊ ငတ်မွတ်​ခေါင်းပါးခြင်းဘေးနှင့် အမျိုးမျိုးသော​ကာလနာဘေး​အသံဖြင့်၊ ထို့အတူ၊ တံပိုး၏​ကြီးစွာသော​အသံဖြင့်၊ ထို့အတူ၊ တရား​စီရင်တော်မူခြင်း​အသံဖြင့်၊ ထို့အတူ၊ တစ်နေ့လုံး ကရုဏာသံဖြင့်၊ ထို့အတူ၊ ဘုန်းတော်နှင့်​ဂုဏ်အသရေ၊ ထာဝရ​အသက်​စည်းစိမ်တို့၏​အသံဖြင့်၊ အကြိမ်ကြိမ်​တောင်းဆို၍၊ ထာဝရ​တည်မြဲသော​ကယ်တင်ခြင်းနှင့် ကယ်တင်လို​သော်လည်း သင်တို့မူကား၊ အလို​မရှိကြ။

၂၆ ရှုလော့၊ ငါ့ဒေါသ၏​အမျက်တော်ဖလား​ပြည့်သည့်​နေ့သည် ကျရောက်​လာလေပြီ။

၂၇ ရှုလော့၊ သင့်တို့ကို ငါအမှန်​ဆိုသည်ကား၊ ဤအရာတို့သည် သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်များ​ပေတည်း။

၂၈ သို့ဖြစ်၍၊ သင်တို့သည် ငါ၏​စပျစ်ဥယျာဉ်၌ နောက်ဆုံး​အကြိမ်​အဖြစ် အလုပ်​လုပ်ကြလော့၊ အလုပ်​လုပ်ကြလော့ မြေကြီး​ပေါ်မှာ​နေထိုင်သူတို့အား နောက်ဆုံး​အကြိမ်​အဖြစ် တောင်းဆိုခြင်း​ဖြစ်၏။

၂၉ အကြောင်းမူကား၊ ငါ၏​ကာလ​အချိန်တန်​သောအခါ၊ မြေကြီး​ပေါ်သို့ တရား​စီရင်တော်မူခြင်းဖြင့် ငါကြွလာတော်မူမည်။ ငါ၏​လူမျိုးတို့သည်လည်း ရွေးနုတ်​ခံရလျက်၊ ငါနှင့်အတူ မြေကြီး​ပေါ်မှာ အုပ်စိုး​လိမ့်မည်။

၃၀ အကြောင်းမူကား၊ ငါ့ကျွန်တို့၏​နှုတ်ဖြင့် ငါဟောပြောထား​လေသည့် ကြီးစွာသော​အနှစ်​တစ်ထောင်​ကာလ ကျရောက်လာ​လိမ့်မည်။

၃၁ အကြောင်းမူကား၊ စာတန်သည် ချည်နှောင်​ခံရ​လိမ့်မည်၊ သူသည် လွတ်သော​အခါ၌လည်း ခဏသာ​အုပ်စိုး​လိမ့်မည်၊ ထို့နောက်တွင် ကမ္ဘာ​ကုန်ဆုံးခြင်း ကျရောက်​လာ၏။

၃၂ ဖြောင့်မတ်ခြင်း၌ အသက်ရှင်သော​သူသည် မျက်စိ​တစ်မှိတ်တွင် ပြောင်းလဲ​လိမ့်မည်။ မြေကြီး​သည်လည်း မီးဘေးဖြင့်ပင် ကွယ်ပျောက်သွား​လိမ့်မည်။

၃၃ ဆိုးညစ်သော​သူတို့သည် မငြိမ်းနိုင်သော​မီးလျှံ​ထဲသို့ သွားကြ​လိမ့်မည်။ သူတို့၏​အဆုံးကို မြေကြီး​ပေါ်ရှိ​အဘယ်​သူမျှ​မသိ၊ တရား​စီရင်​ခံရဖို့ ငါ့ရှေ့သို့ သူတို့​ရောက်လာသည့်​အချိန်​အထိလည်း အဘယ်​တော့မျှ​သိလိမ့်မည်​မဟုတ်။

၃၄ ဤနှုတ်ကပတ်တော်တို့ကို သင်တို့စေ့စေ့​နားထောင်​ကြလော့။ ရှုလော့၊ ငါသည် ယေရှု​ခရစ်တော်၊ လောက၏​ကယ်တင်ရှင်​ဖြစ်၏။ ဤအရာတို့ကို သင်တို့​စိတ်နှလုံး​ထဲ၌ အမြတ်တနိုး​သိမ်းဆည်း​ထားလော့၊ ထာဝရ​ကာလ၏​လေးနက်ခြင်းကိုလည်း သင်တို့​စိတ်၌ ကိန်းဝပ်​စေလော့။

၃၅ သမ္မာ​သတိ​ရှိကြလော့။ ငါ၏​ပညတ်တော်​အပေါင်းကို စောင့်ထိန်း​ကြလော့။ ထိုကဲ့သို့​ပင်တည်း။ အာမင်။